BREAKING
January 8, 2025

သတ်မှတ်ဈေးအတိုင်းရောင်းရန် ထားဝယ်ရွှေဆိုင်ပိုင်ရှင်များကို စစ်ကောင်စီက ခေါ်ယူခြိမ်းခြောက်

June 7, 2024

အခေါက်ရွှေဈေးကို ၎င်းတို့သတ်မှတ်ထားသည့် နှုန်းထားအတိုင်းသာ ရောင်းချရန် ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့ကို စစ်ကောင်စီက ခေါ်ယူပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၆ ရက် နံနက်က ထားဝယ်မြို့ရှိ ရွှေဆိုင် ၁၅ ဆိုင်ခန့်ကို ခေါ်ယူပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၈ သိန်းဖြင့်သာ ရောင်းချရမည်ဟု ပြောဆိုခဲ့ကြောင်း ရွှေဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းငါးဆယ်ကျော် ပေါက်ဈေးရှိနေချိန် စစ်ကောင်စီ ဩဇာခံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက ကျပ် ၄၈ သိန်းစွန်းစွန်း သတ်မှတ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် ရွှေဆိုင်အားလုံးနီးပါးက ဇွန်လ ၅ ရက်နေ့မှစတင်ကာ အခေါက်ရွှေဈေး မဖွင့်တော့ဘဲ အရောင်းအဝယ် ရပ်နားထား ကြသည်။

ရွှေဈေးကစားသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီမှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အပြင် ၎င်းတို့ သတ်မှတ်ဈေး အတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည်။

ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေအရောင်းအဝယ်ရပ်ထားပြီး ရွှေအထည်ပစ္စည်းများကိုသာ ရောင်းချနေကြကြောင်း စုံစမ်းသိရသည်။

“ရွှေဆိုင်တွေတောင် ဈေးအမှန်သိရဖို့ ခက်သွားတယ်” ဟု ရွှေဆိုင်များနှင့် နီးစပ်သူက ပြောသည်။

ယင်းအပြင် ရွှေဆိုင်များကို နေ့စဉ်ဖွင့်လှစ်ပြီး ရောင်းချရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်များအသင်းက သတိပေးချက် ထုတ်ပြန်ထားသည်။

ရွှေဆိုင်ပိတ်ပါက ပိတ်ရသည့်အကြောင်းအရင်းတိတိကျကျကို ဘေးတစ်ဖက်တစ်ချက်ရှိ ဆိုင်နှစ်ဆိုင်ကို အသိပေးခဲ့ရမည်ဟု ပြောဆိုထားကြောင်း ရွှေဆိုင်များနှင့် နီးစပ်သူက ဆိုသည်။

ဒေါ်လာငွေလဲနှုန်း ဆက်တိုက်တက်လာပြီး ပြည်တွင်းရွှေဈေးတက်လာချိန်တွင် စစ်ကောင်စီက ရွှေလုပ်ငန်းရှင် ၂၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

ရွှေလုပ်ငန်းရှင် ၂၁ ဦးကို ဖမ်းဆီးပြီး နောက်ထပ် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း စစ်ကောင်စီက ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။

ဝိသမလောဘသားများက ပြင်ပဈေးကွက်တွင် အရောင်းအဝယ် အမှန်တကယ်မလုပ်သည့် လေပတ်ကားဈေးနှုန်းကို လူမှုကွန်ရက်ကတဆင့် ဝါဒဖြန့်ဈေးကစားပြီး နိုင်ငံစီးပွားရေး မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။