တနင်္သာရီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင် ပေါက်ကွဲစေတတ်သည့် ဗုံးအပါအဝင် စစ်ကျန်လက်နက်များအကြောင်း ပညာပေးပိုစတာများ စိုက်ထူရန် စီစဉ်နေကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
ဇွန်လ ၄ ရက်နေ့က ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် စစ်ကျန်ဗုံးပေါက်ကွဲခဲ့ပြီး တတိယတန်း ကျောင်းသားတစ်ဦးသေဆုံးကာ အခြား ကျောင်းသူ၊ ကျောင်းသား ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကျန်လက်နက်များအကြောင်း ပညာပေးပိုစတာများ စိုက်ထူရန် စီစဉ်လာခြင်းဖြစ်သည်။
“ပေါက်ကွဲတတ်တဲ့ လက်နက်တွေနဲ့ပတ်သတ်တဲ့ ပညာပေး ပိုစတာတွေထုတ်ပြီး ကပ်မလို့ စီစဉ်နေတယ်။ အခုပုံတွေ ထုတ်မလို့ လုပ်နေတယ်” ဟု တိုင်းပညာရေးမှူး ဦးဝင်းနောင်က ပြောသည်။
ပေါက်ကွဲစေနိုင်သည့် လက်နက်များနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက ဆရာ၊ ဆရာမများကို ကြိုတင်ပညာပေး အစီအစဉ်လုပ်ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
သို့သော် မေ့လျော့ခြင်း၊ သတိမပြုမိခြင်း စသည်တို့ ရှိနိုင်သည့်အတွက် ပိုစတာထုတ်ပြီး ကပ်ထားရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“တချို့ကျတော့လည်း မေ့ပြီး ကိုယ့်ကျောင်းသားတွေကို ပြန်မပြောတာလည်း ရှိနိုင်တယ်။ တချို့ကျတော့လည်း ဆရာ၊ ဆရာမတွေက ပြောပြပေမယ့် ကလေးဆိုတော့ နားမလည်တာမျိုးလည်း ရှိနိုင်တယ်” ဟု ဦးဝင်းနောင်က ပြောသည်။
တနင်္သာရီတိုင်းရှိ ဒေသအချို့တွင် အာဏာမသိမ်းခင်ကတည်းက စစ်ကျန်လက်နက်များ၊ မြေမြှုပ်မိုင်းများအန္တရာယ်နှင့် ရင်ဆိုင်နေရပြီး အသက်ဆုံးရှုံးသူ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသူများလည်း ရှိခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ထိုအန္တရာယ်မှာ ပိုမိုကြီးမားလာခဲ့ပြီး ဥယျာဉ်ခြံအလုပ်သမားများ၊ စစ်ဘေးရှောင်များ မကြာခဏမိုင်းနင်းမိပြီး သေဆုံးသူ၊ ကိုယ်လက်အင်္ဂါဆုံးသူများ ရှိလာခဲ့သည်။
ယခုမူ စစ်ကျန်လက်နက်များ၏ အန္တရာယ်မှာ မြို့ပေါ်ရှိ စာသင်ကျောင်းကိုပင် ခြိမ်းခြောက်လာပြီဖြစ်သည်။