BREAKING
September 19, 2024

ထားဝယ်မှာ စာသင်ကျောင်းပေါက်ကွဲမှုနဲ့ ကျောင်းသားပစ်ခတ်ခံရမှုဖြစ်စဉ်တွေရဲ့ သတင်းအမှားတွေကို စိစစ်ချက်

June 7, 2024

ထားဝယ်က စာသင်ကျောင်းပေါက်ကွဲမှုမှာ ကျောင်းသားသေဆုံးမှု တိုးလာတာ၊ အမှတ် (၁) အထကကျောင်းက ကျောင်းသား တစ်ဦး သေနတ်မှန်တာနဲ့ပတ်သက်ပြီး သတင်းအမှားတွေဟာ ဒေသတွင်းဆိုရှယ်မီဒီယာသုံးစွဲသူတွေကြားမှာပျံ့နှံ့နေပါတယ်။  

ပထမ သတင်းအမှား အကြောင်းအရာကတော့ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်မှာရှိတဲ့ မူလတန်းကျောင်းက ပေါက်ကွဲမှုမှာ သေဆုံးတဲ့ကျောင်းသား သုံးဦးအထိရှိတယ်လို့ မှားယွင်းဖော်ပြထားကြပါတယ်။ 

ဒုတိယ သတင်းအမှားကတော့ ထားဝယ်မြို့ အမှတ် (၁) အထက်တန်းကျောင်းက ကျောင်းသားတစ်ဦး အိမ်သာတက်နေချိန် သေနတ်ကျည် ထိမှန်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။  

အဲဒီအကြောင်းအရာနှစ်ခုကို Dawei Watch က အချက်လက်စိစစ်ကြည့်ရာမှာတော့ လုံးဝမှားယွင်းတာ၊ အမှန်နဲ့ အမှား ရောထွေးဖော်ပြတာမျိုးတွေ တွေ့ရှိရပါတယ်။ 

ကျောင်းသား သုံးဦးသေဆုံးတဲ့ သတင်းအမှား 

အိမ်ရှေ့ပြင်ရပ်ကွက်က မူလတန်းကျောင်းမှာ ဇွန်လ ၄ရက်က လက်နက်ကြီးကျည်လို့ ယူဆရတဲ့ စစ်ကျန်လက်နက် ပေါက်ကွဲတာကြောင့် တတိယတန်းကျောင်းသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူ ၂၀ ကျော် လည်း ဒဏ်ရာတွေရလို့ ဆေးရုံတင်ခဲ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့မှာတော့ ကလေးသုံးဦး သေဆုံးတယ်လို့ ဇွန်လ ၄ ရက်နေ့မှာပဲ ဖြန့်ဝေခဲ့ကြပါတယ်။ ဒါ့အပြင် PDF တွေ ဗုံးဖောက်ခွဲတာလို့လည်း စွပ်စွဲထားပါတယ်။ 

စစ်ကောင်စီ ဝါဒဖြန့် People Media တယ်လီဂရမ်ချယ်နယ်ရဲ့ ဖော်ပြချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ဒီပို့စ်ကို ဇွန်လ ၆ရက်အထိ ကြည့်ရှုသူ ငါးသောင်းကျော်ရှိပြီး Reaction လုပ်သူ တစ်ထောင်ကျော် ရှိခဲ့ပါတယ်။

နောက်ထပ် စစ်ကောင်စီဝါဒဖြန့်ချန်နယ်ဖြစ်ပြီး တနင်္သာရီတိုင်းအတွင်းက သတင်းအမှားတွေ၊ ကျေးရွာတွေကို တိုက်ခိုက်ဖို့ လှုံ့ဆော်တာတွေကို မကြာခဏ ဖြန့်ဝေလေ့ရှိတဲ့ ‘အမဲလိုက်မုဆိုးကြီး သတင်းအမှန်’ ဆိုတဲ့ တယ်လီဂရမ်ချန်နယ်ကလည်း ဒီဖြစ်ရပ်မှာ ကလေးသုံးဦး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် PDF တွေက ဒရော့ဗုံးချ တိုက်ခိုက်ခဲ့တာလို့လည်း စွပ်စွဲဖော်ပြထားပါတယ်။ ဒီဖော်ပြချက်ကို ကြည့်ရှုသူ ခုနစ်ထောင် ကျော်၊ Reaction လုပ်သူ နှစ်ရာနီးပါးနဲ့ မှတ်ချက်ပေးသူ ၅၀ ကျော်ရှိနေတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုနဲ့ သတင်းတချို့ကို ဖော်ပြနေသည့် Dawei Information Centre 2 အမည်ရ Facebook Page ကလည်း အိမ်ရှေ့ပြင်ကျောင်းပေါက်ကွဲမှုမှာ ကျောင်းသားသုံးဦး သေဆုံးတယ်လို့ ဖော်ပြခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ကျောင်းမှာ ကျောင်းသားတစ်ဦးသေဆုံးပြီး ကျန်နှစ်ဦးကတော့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ Dawei Information Centre 2 ရဲ့ Facebook Page နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြချက်တာကို ဒီနေရာ  နဲ့   ဒီနေရာတွေမှာ ကြည့်နိုင်ပါတယ်။ 

သေဆုံးသူတစ်ဦးပဲ ရှိပါတယ်

အိမ်ရှေ့ပြင်ရပ်ကွက် မူလန်းတန်းကျောင်း ပေါက်ကွဲမှုဖြစ်စဉ်မှာ ကျောင်းသားသုံးဦးသေဆုံးတယ်ဆိုတာကို စိစစ်ကြည့်တဲ့အခါ မှားယွင်းနေတယ်ဆိုတာကို တွေ့ရပါတယ်။ 

အဲဒီပေါက်ကွဲမှုဖြစ်စဉ်မှာ တတိယတန်းကျောင်းသားတစ်ဦး သေဆုံးပြီး ကျောင်းသူ၊ ကျောင်းသား ၂၀ ကျော် ဒဏ်ရာရခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ Dawei Watch က သတင်းဖော်ပြတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

တနင်္သာရီတိုင်းပညာရေးမှူး ဦးဝင်းနောင်ကလည်း ပေါက်ကွဲမှုဖြစ်ချိန် ကျောင်းသားတစ်ဦးသေဆုံးခဲ့ပြီး ဆေးရုံမှာ နောက်ထပ် သေဆုံးသူ မရှိတော့ဘူးလို့ Dawei Watch က ဇွန်လ ၆ ရက်နေ့မှာ ဖုန်းနဲ့ ဆက်သွယ်ပြီး အတည်ပြုမေးမြန်းတာကို ပြန်လည် ဖြေကြားထားပါတယ်။ 

ဒါ့အပြင် အိမ်ရှေ့ပြင်ရပ်ကွက်က ဒေသခံတွေ၊ ကျောင်းသားမိဘတွေကို မေးမြန်းကြည့်ရာမှာလည်း ဆေးရုံမှာ သေဆုံးတဲ့ ကျောင်းသား ထပ်မရှိတော့တဲ့ အကြောင်း ပြောဆိုကြပါတယ်။ 

အိမ်ရှေ့ပြင်မူလတန်းကျောင်း ပေါက်ကွဲမှုသတင်းကို ပြည်တွင်းသတင်းဌာန အများအပြားက ဖော်ပြတဲ့အထဲမှာလည်း သေဆုံးသူ ကျောင်းသား တစ်ဦးလို့ပဲ ဖော်ပြကြတာတွေ့ရပါတယ်။ 

PDF လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်အမှား

ဒီဖြစ်စဉ်မှာ နောက်ထပ် အကြောင်းအရာတစ်ခုကတော့ ပေါက်ကွဲမှုဟာ PDF လက်ချက်ကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက စွပ်စွဲတာပါ။

People Media တယ်လီဂရမ်ချယ်နယ်ရဲ့ ဖော်ပြချက်မှာ PDF တွေက ဗုံးခွဲတာလို့ ဖော်ပြပြီး အမဲလိုက်မုဆိုးကြီး သတင်းအမှန် တယ်လီဂရမ်ချန်နယ်က ဖော်ပြချက်မှာတော့ PDF က ဒရော့ဗုံးချတာလို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီဖော်ပြချက်ကို စိစစ်ကြည့်ရာမှာလည်း သတင်းအမှားဖြန့်ချိတယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ 

နေ့လယ်ပိုင်း ထမင်းစားနားချိန်မှာ ကျောင်းသာတချို့က မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်လို့ ယူဆရတဲ့ အရာကို ဆော့ကစားရာကနေ အင်္ဂတေ အခင်းပေါ် ကျရောက်ပြီး ပေါက်ကွဲခဲ့မှုဖြစ်တဲ့အကြောင်း Dawei Watch က သတင်း ဖော်ပြတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

ဒေသတွင်း သတင်းဌာန နောက်တစ်ခုဖြစ်တဲ့ The Tanintharyi Times သတင်းမှာလည်း မပေါက်ကွဲသေးတဲ့ မိုင်းလို့ ယူဆရတဲ့ အရာကနေ ပေါက်ကွဲတာလို့ ဖော်ပြပါတယ်။ အဲဒီသတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

RFA Burmese သတင်းမှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်ထားတဲ့ လက်နက်ကြီးကျည်ကို ကျောင်းသားတစ်ဦးက ဆရာမကို သွားပေးရာနေပေါက်တာလို့ သတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီသတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

စာသင်ကျောင်းမှာ ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ တိုင်းပညာရေးမှူးရုံးက အခြေခံပညာကျောင်းတွေမှာ အန္တရာယ်ရှိတဲ့ စစ်ကျန်လက်နက်တွေအကြောင်း ပညာပေးပိုစတာတွေ စိုက်ထူဖို့ စီစဉ်နေပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တိုင်းပညာရေးမှူး ပြောဆိုချက်ကို အခြေခံပြီး Dawe Watch က ရေးသားထားတဲ့ သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဒါ့ကြောင့် ဒီပေါက်ကွဲမှုဖြစ်ရပ်ဟာ PDF တွေရဲ့ လက်ချက်ဆိုတာ မှားယင်းတယ်ဆိုတာကို တွေ့ရပါတယ်။ တော်လှန်ရေး လုပ်ဆောင်နေသူတွေကို ပုံဖျက်ဖို့အတွက် ပေါက်ကွဲမှုဖြစ်ချိန်မှာ အချိန်ကိုက်သတင်းမှား ဖြန့်ချီဖော်ပြခဲ့တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။  

ကျောင်းသားတစ်ဦး အိမ်သာတက်နေချိန် ကျည်ဆံထိမှန်တာ မဟုတ် 

ထားဝယ်မြို့ အမှတ် (၁) အထက်တန်းကျောင်းက ခုနစ်တန်းကျောင်းသားတစ်ဦး အိမ်သာတက်နေချိန် သေနတ်ကျည်ဆံ ထိမှန်တယ်ဆိုတဲ့သတင်းဟာလည်း ဇွန်လ ၄ ရက်နေ့မှာပဲ Facebook ပေါ်မှာ ပျံ့နှံ့လာခဲ့တာပါ။ 

ဒီအကြောင်းအရာကို ထားဝယ်ဒေသခံ တစ်ဦးက အဖွဲ့ဝင် တစ်သိန်းနီးပါးရှိတဲ့ ထားဝယ်ဒေသဟစ်တိုင် Facebook Group ထဲမှာ စတင်ဖြန့်ချိခဲ့တာပါ။ အဲဒီဖော်ပြချက်ကို ဇွန်လ ၇ ရက်အထိ ထပ်ဆင့်ဖြန့်ဝေသူ ၉၂ ဦးရှိပါပြီး ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

အဲဒီအကြောင်းအရာကို Dawei Watch က အချက်လက် စိစစ်ကြည့်ရာမှာတော့ ဖြစ်စဉ်ဖော်ပြချက် မှားယွင်းနေတာကို တွေ့ရပါတယ်။ 

တနင်္သာရီတိုင်း ပညာရေးမှူး ဦးဝင်းနောင်က အမှတ် (၁) အထက်တန်းကျောင်းမှာ အထက်ပါ ဖြစ်စဉ် ဖြစ်ပွားတာမရှိဘူးလို့ ပြောဆိုပါတယ်။  

“အဲဒါရေးတင်ထားတာ ငါလည်းတွေ့တယ်။ ဒီလိုမျိုး ဖြစ်စဉ် မရှိပါဘူး။ ဘယ်ကျောင်းသားမှ (အထက ၁) ကျောင်းဝင်ထဲ သေနတ်ထိတာ မရှိပါဘူး” ဟု ဦးဝင်းနောင်က ဇွန်လ ၆ ရက်နေ့မှာ ပြောပါတယ်။ 

အမှတ် (၁) အထက်တန်းကျောင်းက ခုနစ် တန်းကျောင်းသားမိဘတစ်ဦးကလည်း အဲဒီကျောင်းမှာ အိမ်သာတက်နေချိန် ကျောင်းသား‌ သေနတ်ကျည် ထိမှန်တဲ့ ဖြစ်စဉ်မရှိဘူးလို့ ဆိုပါတယ်။

ကျောင်းဝင်းထဲမှာ သေနတ်ကျည်ထိမှန်တာ မရှိပေမယ့် ကျောင်းပြင်ပ လမ်းခရီးမှာ အထက (၁) ကျောင်းက ကျောင်းသား တစ်ဦး သေနတ်ထိမှန် ဒဏ်ရာရတဲ့ ဖြစ်စဉ်တော့ ဖြစ်ပွားခဲ့တာကို စိစစ်တွေ့ရှိရပါတယ်။

ကျောင်းနဲ့ မိုင်ဆယ်ချီဝေးသည့် လောင်းလုံးမြို့နယ်က လမ်းပိုင်းတစ်နေရာမှာ ဖြစ်ပွားခဲ့တာပါ။ 

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ “လောင်းလုံးတွင် ကျောင်းကားတစ်စီးပစ်ခတ်ခံရပြီး ကျောင်းသားတစ်ဦး ကျည်ဆံထိမှန်” ခေါင်းစဉ်နဲ့ Dawei Watch သတင်းဌာနက ဖော်ပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ 

လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်တာကြောင့် အမှတ် (၁) အထက်တန်း ကျောင်းက ခုနစ်တန်းကျောင်းသား သေနတ်ထိမှန်ခဲ့တာကို တဆင့်စကားနဲ့ ကျောင်းအိမ်သာမှာ ကျည်ထိမှန်တယ်ဆိုပြီး မြေပြင်မှာ ကောလာဟလသတင်းပျံ့နှံ့ထွက်ပေါ်ခဲ့တာပါ။

ဒီဖြစ်စဉ်မှာ ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်လို့တော့ အတည်မပြုနိုင်သေးပါဘူး။

အကြံပြုချက် 

သတင်းအမှားတွေဟာ ပြည်သူလူထုအတွက် အကျိုးမရှိဘဲ အဆိပ်အတောက်သာ ဖြစ်စေပါတယ်။ ပဋိပက္ခပြင်းထန်နေတဲ့ အခုလိုအချိန်မှာ သတင်းအမှားတွေ ပုံစံမျိုးစုံနဲ့ ဆိုရှယ်မီဒီယာပလပ်ဖောင်းအစုံမှာ ထွက်ပေါ်လျက်ရှိပါတယ်။ 

ဒါကြောင့် အကြောင်းအရာတစ်ခုခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာရင် အလွယ်တကူမယုံဘဲ သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးတာတွေကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့လည်း အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချိမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထား တာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင် လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။