BREAKING
September 19, 2024

ဖမ်းဆီးခံရသည့် လမိုင်းလူငယ်ပရဟိတ ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်ငါးဦး ပြန်လွတ်

June 7, 2024

ပုံစာ - လမိုင်းလူငယ်ပရဟိတရုံး (ပုံဟောင်း)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည့် လမိုင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်သုံးဦးတို့ ဇွန်လ ၆ရက် ညနေပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့နှင့် နီးစပ်သူတို့ ထံမှ သိရသည်။

လမိုင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်သုံးဦးတို့ကို ရေးအခြေစိုက် စစ်ကောင်စီတပ် ခမရ-၅၈၈ တပ်ရင်းက မေလ ၂၉ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“မနေ့က ညနေပိုင်းမှာ သူတို့ ပြန်လွတ်လာတယ်။ သူတို့ကို အဲဒီ ၅၈၈ တပ်ရင်းမှာပဲ ထားထားတယ်လေ။ ဖမ်းထားတဲ့ အချိန်မှာ ကောင်းကောင်းမွန်မွန်ပဲ ထားထားတယ်လို့ပြောတယ်” ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသည့် စစ်ကောင်စီ ခမရ-၅၈၈ တပ်ရင်းက အရာရှိတစ်ဦးကို လမိုင်းလူငယ်ပရဟိတအသင်းက လမိုင်းဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်စဉ် ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့တို့က အဆိုပါအရာရှိကို ဖမ်းဆီးသွားခဲ့သည်။

ယင်းသို့ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပရဟိတအဖွဲ့ဝင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ကိုးရက်အကြာတွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

သို့သော် ဖမ်းဆီးသည့်အကြောင်းအရင်း၊ ပြန်လွှတ်ပေးသည့် အကြောင်းအရင်းတို့ကို သိရှိနိုင်ရန် လွတ်မြောက်လာသူတို့နှင့် ဆက်သွယ်မေးမြန်းနိုင်ရန်Dawei Watch က ကြိုးပမ်းနေဆဲဖြစ်သည်။

ယင်းသို့ ဖမ်းဆီးခံရပြီးနောက် လူမှုကယ်ဆယ်ရေးလုပ်ငန်းများအားလုံးကို ဇွန် ၃ ရက်မှစတင်ကာ ရပ်နားခဲ့ပြီး လက်ရှိတွင် ပြန်လည် လွတ်မြောက်လာပြီဖြစ်သော်လည်း ဆက်လက်ရပ်နားထားဦးမည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူနှင့် အဖွဲ့ဝင်များဖမ်းဆီးစစ်ဆေးခံရမှုများ မကြာခဏဖြစ်ပွားခဲ့ပြီး ထောင်ချခံရသူများလည်း ရှိခဲ့သည်။