BREAKING
October 19, 2024

ထိုင်းတွင် ဆေးရုံတက်နေသည့် မြန်မာတစ်ဦးပစ်သတ်ခံရ

June 7, 2024

ပုံစာ - သေနတ်သမားဟု သံသယရှိသူ၏ ဓာတ်ပုံကို ထိုင်းရဲအရာရှိတစ်ဦးက ကိုင်ဆောင် ပြသနေစဉ်။

ထိုင်းနိုင်ငံ ခွန်ကယ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ကုသရန် ဆေးရုံတက်နေသော မြန်မာအမျိုးသားတစ်ဦး ယနေ့ ဇွန်လ ၇ရက် နံနက်ပိုင်းတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယနေ့ နံနက် ၁ နာရီခန့်တွင် ခွန်ကယ်ပြည်သူ့ဆေးရုံကြီး၏ အမျိုးသား ခွဲစိတ်လူနာဆောင်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

သေဆုံးသူသည် အသက် ၂၉ နှစ်အရွယ် ကိုကျော်စွာအောင် အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ဦးခေါင်းကို ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပစ်ခတ်ခံရပြီးနောက် ဆေးရုံဝန်ထမ်းများက အရေးပေါ်ဆေးကုသပေးခဲ့သော်လည်း ခဏအကြာတွင် သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားသည် နောက်ကျောတွင် အကျိတ်တွေ့ထားသဖြင့် ခွဲစိတ်ရန် ဇွန်လ ၅ရက်က ဆေးရုံတက်နေခြင်း ဖြစ်ပြီး ခွဲစိတ်ရန် စောင့်နေစဉ် ပစ်သတ်ခံရကြောင်း ၎င်း၏ ထိုင်းနိုင်ငံသား ချစ်သူက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်။

ဆေးရုံဘက်က အကျိတ်ကို ခွဲစိတ်ရန် ယနေ့ ဇွန်လ ၇ရက်ကို ရက်ချိန်းပေးထားကြောင်း ဆိုသည်။

၎င်းတို့နှစ်ဦးသည် ခွန်ကယ်ဒေသရှိ စက်ရုံတစ်ခုတွင် အတူတူ အလုပ်လုပ်နေကြပြီး သမီးရည်းစားဖြစ်နေသည်မှာ ၄ နှစ်ကျော်ပြီဖြစ်ကြောင်းလည်း ဆိုသည်။

ပစ်သတ်ခံရသော မြန်မာနိုင်ငံသားသည် အခြားသူများနှင့် ပြဿနာရှိနေသူ မဟုတ်ကြောင်း ထိုင်းအမျိုးသမီးက ပြောဆိုကြောင်း ဖော်ပြသည်။

အတူတူအလုပ်လုပ်နေသော စက်ရုံရှိ အလုပ်သမားတစ်ဦးထံမှ ဘတ် ၁၂၀၀၀ ချေးထားသည်ကို သူမကို ပြောပြဖူးကြောင်းလည်း ထွက်ဆိုထားသည်။

ယင်းအတွက်လည်း သူ၏ ဘဏ်ကတ်ကို အာမခံသဘောဖြင့် ပေးထားပြီးဖြစ်ကြောင်း အဆိုပါထိုင်းအမျိုးသမီးက ပြောဆိုထားသည်။

သေနတ်သမားသည် ဆေးရုံသို့ ဧည့်တွေ့ရန်သဘောဖြင့် ရောက်ရှိလာသူဖြစ်ပြီး သူနာပြုတစ်ဦးကို နေရာ မေးမြန်းပြီးမှ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းနောက် သေနတ်သမားက ချက်ချင်းထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဆေးရုံရှိ CCTV မှတ်တမ်းများကို စစ်ဆေးကာ သေနတ်သမားကို အမြန်ဆုံး ဖမ်းမိရေး ရဲတပ်ဖွဲ့က ကြိုးစားနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရဲတပ်ဖွဲ့က သေနတ်သမား၏ ပုံကို ထုတ်ပြန်ထားပြီး သတင်းပေးသူကို ဘတ် ၁၀၀၀၀ ဆုချမည်ဖြစ်ကြောင်း ကြေညာထားသည်။