တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းကို ဆက်သွယ်ထားသည့် တံတားပေါ်တွင် ယနေ့ ဇွန်လ ၇ ရက် နံနက်တွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်း တစ်လောင်း တွေ့ရကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူသည် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၆၁ တပ်ရင်းက အသက် ၂၉ အရွယ် တပ်သားစိုင်းကို ဆိုသူ ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
အလောင်းမတွေ့မီညက တံတားဘက်မှ သေနတ်သံတစ်ချက်ကြားရကြောင်း ဒေသခံတို့က ပြောဆိုသည်။
“ဒဏ်ရာက တစ်ချက်ပဲ။ ပါးစပ်ကနေ ခေါင်းအနောက်ဘက် ပွင့်ထွက်နေတယ်” ဟု ရုပ်အလောင်းကို မျက်မြင်တွေ့ရသူ တစ်ဦးက ပြောသည်။
ပစ်ခတ်မှု မည်ကဲ့သို့ ဖြစ်ပွားခဲ့သည်ကို တိတိကျကျ မသိရသေးပေ။
ညောင်ပင်ကွင်းတံတားတွင် ခမရ ၅၆၁ က ဂိတ်ထိုင်ထားပြီး ရံဖန်ရံခါ အနီးပတ်ဝန်းကျင်ကို ပစ်ခတ်လေ့ရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။
ညောင်ပင်ကွင်းတံတားကို ပြည်သူ့ကာကွယ်ရေးတပ်များက သွားရောက်ပစ်ခတ်လေ့ရှိသော်လည်း ဖြစ်စဉ်ဖြစ်ခဲ့သည့် ဇွန်လ ၆ ရက်ညက ယင်းတံတားအနီး စစ်ရေးလှုပ်ရှားခြင်း မရှိကြောင်း ဒေသခံ တော်လှန်ရေးအင်အားစုများထံမှ သိရသည်။