မြိတ်မြို့တွင် ဇွန်လ ၇ ရက် ယနေ့ နံနက်ပိုင်းက အသက် တစ်နှစ်ကျော်ရှိ မိန်းကလေးငယ်တစ်ဦး ကိုဗစ်ရောဂါဖြင့် သေဆုံးကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။
ထားဝယ်ခရိုင်တွင် ဧပြီလ ၁၉ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အတွင်း အမျိုးသမီးသုံးဦး၊ အမျိုးသားတစ်ဦး စုစုပေါင်း လေးဦး ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့သဖြင့် တိုင်းအတွင်း သေဆုံးသူ ငါးဦးအထိရှိလာသည်။
“ကလေးက ရွာဘက်ကပါ။ နေမကောင်းလို့ ဆေးခန်းလာပြတာ။ ဆေးခန်းကနေ ဆေးရုံကြီးပို့လိုက်တာပါ” ဟု နာရေးကူညီမှုအသင်းတစ်ခုမှ တာဝန်ခံက ပြောသည်။

အဆိုပါကလေးမှာ မောနေသောကြောင့် မြိတ်မြို့ရှိ ဒက္ခိဏဆေးရုံသို့ တင်ပို့ခဲ့ရာ ကိုဗစ်ရောဂါပိုးတွေ့ရှိသဖြင့် ယင်းဆေးရုံမှ မြိတ်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းတင်ပို့ခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းနောက် ဆေးရုံကြီးတွင် ဆေးဝါးကုသခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ခံက ပြောဆိုသည်။
မြိတ်တွင် ဧပြီလအတွင်းက ကိုဗစ်ပိုးတွေ့သူ သုံးဦး၊ မေလတွင် ခြောက်ဦး စုစုပေါင်း ကိုးဦးတွင် တွေ့ရှိခဲ့ပြီးဖြစ်သည်။