ရေဖြူမြို့နယ် ကျောက်ထောင့်ကျေးရွာအုပ်စု ကျခတ္တပင်အင်းကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းဝင်းအတွင်း ဗုံးတွေ့ရှိသောကြောင့် စစ်ကောင်စီတပ်သားများ လာရောက်ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။
ယနေ့ (ဇွန် ၇) နံနက်ပိုင်း ကျောင်းလာတက်ချိန်မှာ ဗုံးတွေ့ခြင်းဖြစ်ပြီး ကျောင်းတစ်ရက် ပိတ်လိုက်ရကြောင်း ဒေသခံအချို့က ပြောသည်။
ယင်းနောက် ဗုံးတွေ့ရှိသည်ဟု စစ်ကောင်စီတပ်ဖွဲ့ထံ ဆရာတစ်ဦးက အကြောင်းကြားခဲ့သဖြင့် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်က ကားသုံးစီးဖြင့် ရောက်လာပြီးနောက် ဗုံးကိုဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ပထမတစ်လုံးပေါက်ပြီး သိပ်မကြာခင်မှာ ဒုတိယတစ်လုံး ထပ်ပေါက်တာ။ ကျောင်းနားက အိမ်တွေကိုတောင် အစအနတွေ လာစင်သေးတယ်လို့ ပြောသံကြားရတယ်။ မိုးရောလေရော တအားကြမ်းနေတဲ့ အချိန်မှာဖြစ်တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကျောင်းဝင်းထဲတွင် မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ဗုံးထောင်ထားသည်ကိုမူ မသိရသေးပေ။
ကျခတ္တပင်အင်း အလယ်တန်းကျောင်းခွဲတွင် ခန့်မှန်း ကျောင်းသူ၊ ကျောင်းသာ ၆၀ ခန့်တက်ရောက်နေကြောင်း ဒေသခံအချို့က ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများမကြားရဘဲ စစ်ကောင်စီတပ်ကလည်း ရွာထဲ စစ်ဆေးမေးမြန်းခြင်း ဖမ်းဆီးခြင်းမျိုး မလုပ်ဆောင်ဘဲ ဗုံးဖေါက်ခွဲဖျက်ဆီးပြီး ခဏအကြာတွင် ပြန်ထွက်သွားသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။