BREAKING
September 7, 2024

ဝန်ကြီးချုပ်ဟောင်းသက်ဆင် NUG၊ တိုင်းရင်းသားခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးမှု ထိုင်းအစိုးရအတည်ပြု

May 7, 2024

Photo – Bangkok Post

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားခေါင်းဆောင်များအား ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထိုင်းသတင်း ဌာနများတွင် ဖော်ပြသည်။

သက်ဆင်နှင့် ကိုယ်စားလှယ်အဖွဲ့က လက်ရှိဖြစ်ပေါ်နေသော မြန်မာအရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် Mr. Maris Sangiampongsa ကလည်း ယနေ့တွင် အတည်ပြုထားသည်။

စစ်ကောင်စီကို တော်လှန်နေသော NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများကို ဧပြီ ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းဆွေးနွေးမှုသည် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို ကရင်အမျိုးသားလွတ်မြော်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်း တပ်များက ဧပြီလ ၁၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံမှုသည် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံမှုသာဖြစ်ပြီး ထိုင်းအစိုးရမူဝါဒအနေဖြင့် မဟုတ်ကြောင်း Mr. Maris Sangiampongsa ပြောဆိုသည်။

“သက်ဆင်က နာမည်ကြီးတစ်ယောက်ဖြစ်တယ်။ အဆက်အသွယ်တွေ အများကြီးရှိတယ်။ ဒါကြောင့် မြန်မာတွေက သူကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ကြတယ်” ဟု ၎င်းက ပြောသည်။

သက်ဆင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်အမျိုးသား အစည်းအရုံး (KNO) ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG စသည့်တို့မှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုထားသည်။

ထို့အပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သေးကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

သို့သော်လည်း ဆွေးနွေးမှုအခြေအနေ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် အာဏာရညွန့်ပေါင်းအဖွဲ့ Pheu Thai ပါတီ ခေါင်းဆောင်ဖြစ်သော သမီးဖြစ်သူ ဖေထုတ်တန် ရှင်နာဝပ်၏ ဖခင်ဖြစ်သူလည်းဖြစ်ပြီး ပြည်တော်ပြန်လာပြီးနောက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူလည်း ဖြစ်သည်။

Ref: Bangkok Post, Thai Enquirer