ပညာရေးဥပဒေသစ်တစ်ရပ် ပြဌာန်းပေးရန် သပိတ်မှောက်တောင်းဆိုသည့်အနေဖြင့် နီပေါနိုင်ငံအနှံရှိ အခြေခံပညာစာသင်ကျောင်းများ ယနေ့ (တနင်္လာနေ့)မှ စတင်၍ ပိတ်ထားလိုက်ပြီး မြို့တော်ခတ္တမန္ဒူတွင် လမ်းပေါ်အသံတိတ်ချီတက် ဆန္ဒပြပွဲများ ဖြစ်ပွားနေသည်။
အလုပ်အကိုင်တည်ငြိမ်ရေး ၊ ရာထူးတိုးမူဝါဒ ၊ အခြေခံပညာ ဆရာ/မများအတွက် သင်ကြားရေး အထောက်အကူပြုပစ္စည်းနှင့် အဆောက်အအုံများ ဖန်တီးပေးရေး ၊ အခြေခံပညာရေးဝန်ထမ်းများအတွက် အလုပ်အာမခံရှိစေရေးတို့နှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးမည့် ဥပဒေတစ်ရပ်ကို အတည်ပြုပြဌာန်းပေးရန် နီပေါနိုင်ငံ ဆရာများအဖွဲ့ချုပ်က ဦးဆောင်လျက် တောင်းဆိုတိုက်ပွဲဝင်လျက်ရှိသည်။
ကျောင်းပညာရေး အက်ဥပဒေပြဌာန်းပေးရေး ဆန္ဒပြပွဲများမှာ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကတည်းက စတင်ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။ ဆရာ/ဆရာမများက လမ်းပေါ် အိပ်ကာ ဆန္ဒပြပွဲများ ၊ဝီစီမှုတ် ချီတက်ဆန္ဒပြပွဲများလည်း ယခင်ကဖြစ်ပွားခဲ့ပြီး ဖြစ်သည်။
ဧပြီလ ၇ ရက်နေ့မှ စတင်၍ နီပေါနိုင်ငံအနှံ့ရှိ အခြေခံပညာ စာသင်ကျောင်းများ ပိတ်ပြီး အစိုးရကို သပိတ်မှောက်ဆန္ဒပြရန် နီပေါနိုင်ငံဆရာများအဖွဲ့ချုပ် (NTF) က တပ်လှန့်နှိုးဆော်ထားသည်။
ကျောင်းပညာရေးအက်ဥပဒေကို ချက်ချင်းအတည်ပြုဌာန်းပေးရေး တောင်းဆိုသည့်အနေဖြင့် အခြေခံပညာ ဆရာ/ဆရာမများသည် ယနေ့ တနင်္လာနေ့တွင် ခတ္တမန္ဒူမြို့၌ အနက်ရောင်နှာခေါင်းစည်းများ ဝတ်ဆင်လျက် လမ်းပေါ်ချီတက်ကာ အသံတိတ် ဆန္ဒပြခဲ့ကြသည်။ တနိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကိုလည်း ပိတ်ထာလိုက်သည်။
အစိုးရဘက်မှ ကြာမြင့်စွာ အချိန်ဆွဲနေသည့် အခြေခံပညာရေးအက်ဥပဒေကို ချက်ချင်းပြဌာန်းပေးရန် တောင်းဆိုသပိတ်မှောက်သည့်အနေဖြင့် အခြေခံပညာ ဆရာ/ဆရာမများက ယင်းသို့ ဆန့်ကျင်ဆန္ဒပြနေကြခြင်း ဖြစ်သည်။
၎င်းတို့၏ တောင်းဆိုချက်ကို အစိုးရဘက်မှ လိုက်လျောပေးသည့်အချိန်အထိ သပိတ်မလှန်ဘဲ ဆက်လက်သပိတ်မှောက်တောင်းဆိုသွားမည်ဟု နီပေါနိုင်ငံဆရာများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
သပိတ်မှောက်နေစဉ်ကာလအတွင်း ဆရာ/မများအနေဖြင့် ကျောင်းအုပ်ချုပ်ရေးနှင့် သင်ကြားရေးတာဝန်များအားလုံးကို ထမ်းဆောင်ခြင်း မပြုရန် ၊ စာမေးပွဲအဖြေလွှာစစ်ဆေးခြင်း ၊ အမှတ်စာရင်းထုတ်ပြန်ခြင်းတို့ကို မဆောင်ရွက်ရန် ၊ ဆရာအတတ်သင် စွမ်းရည်မွမ်းမံသင်တန်းများကို မတက်ရောက်ရန် ၊ ပညာရေးခရီးစဉ်နှင့် နှီးနှောဖလှယ်ပွဲများတွင် မပါဝင်ရန် နီပေါနိုင်ငံဆရာများအဖွဲ့ချုပ်က ဆော်ဩထားသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် နီပေါအစိုးရနှင့် နီပေါနိုင်ငံဆရာများအဖွဲ့ချုပ်အကြား ရရှိခဲ့သည့် သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အစိုးရဘက်မှ ပျက်ကွက်မှုကြောင့် နိုင်ငံ၏ ပညာရေးကဏ္ဍအပေါ် မကျေနပ်ချက်များကို ပိုမိုကြီးထွားလာစေခဲ့သည်ဟု သပိတ်မှောက်ဆန္ဒပြနေသည့် ဆရာ/မများက ဆိုသည်။
အဆိုပါ သဘောတူညီချက်တွင် ဆရာ/မများကို ၁၀ နှစ်တစ်ကြိမ် ရာထူးတိုးပေးရန် ၊ လုပ်သက်အနည်းဆုံး ၅ နှစ် ရှိလျှင် အလယ်တန်းနှင့် အထက်တန်းဆင့်သို့ ရာထူးတိုးပေးရန် စသည့်အချက်များ ပါဝင်ပြီး နီပေါအစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိခဲ့ပေ။
မည်သည့်အချိန်တွင် သပိတ်လှန်မည်ဆိုသည်ကို ဆရာ/ဆရာမများဘက်မှ ထုတ်ပြန်ထားခြင်း မရှိသောကြောင့် သိန်းပေါင်းများစွာသော နီပေါကျောင်းသားများ၏ အနာဂတ်မှာ မရေမရာ ဖြစ်နေကြောင်း နီပေါအခြေစိုက်သတင်းဌာနတစ်ခုက ဖော်ပြထားသည်။
Source: The Kathmandu Post