BREAKING
April 7, 2025

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ဧကနိရွာအနီး စစ်ကြောင်းရောက်၊ ရွာသုံးရွာက ဒေသခံများတိမ်းရှောင်

April 7, 2025

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာအတွင်းရှိ ဧကနိကျေးရွာအနီးဝန်းကျင်သို့ ယနေ့ ဧပြီ ၇ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်း ရောက်ရှိလာသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ အင်အား ၂၀၀ ဝန်းကျင်ရှိပြီး ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် လဲရှောင်ကျေးရွာဘက်မှ စတင်ထွက်ခွာလာခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ရွာကိုတော့ မရောက်လာသေးဘူး။ ရွာနား မရောက်ခင် တောထဲမှာ ပျောက်နေတယ်။ ရွာသူရွာသား တွေကတော့ ရှောင်ကုန်ကြပြီ” ဟု ဧကနိရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် ကျေးရွာသုံးရွာဖြစ်သည့် ဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်းကျေးရွာတို့က ဒေသခံများမှာ ယနေ့ နံနက်ပိုင်းကစပြီး နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

ထိုစစ်ကြောင်းသည် ဧပြီလ ၅ရက်တွင် နဘုလယ်ဒေသ ထိန်ကြီးကျေးရွာနှင့် လဲရှောင်ကျေးရွာတို့တွင် နှစ်ညအိပ် တပ်စွဲခဲ့ ပြီးနောက် ယနေ နံနက်ပိုင်းတွင် ဧကနိကျေးရွာဘက်သို့ ထွက်ခွာသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖမ်းဆီးခံရသည့် လဲရှောင်ရွာသားတစ်ဦးကိုလည်း စစ်ကြောင်းထွက်ခွာသွားချိန် ယနေ့ မွန်းလွဲပိုင်း၌ ပြန်လွှတ်ခဲ့ကြောင်း နဘုလယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ရွာမှာ နှစ်ညအိပ်သွားတယ်။ ဘုန်းကြီးကျောင်းမှာလည်း နေတယ်။ နောက်ပီး လူမရှိတဲ့ နေအိမ် ၅ ဆောင်မှာလည်း သူတို့ တပ်စွဲပြီး ဝင်နေတယ်” ဟု ၎င်းက ပြောသည်။

လဲရှောင်ကျေးရွာမှ စစ်ကြောင်းထွက်သွားပြီးနောက် နံနက် ၉ နာရီဝန်းကျင်ခန့်တွင် သေနတ်ပစ်ခတ်သံများ မိနစ်အနည်းငယ် ကြားရကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် ရေနက်ဆိပ်ကမ်းရှိ စစ်ကောင်စီတပ်စခန်းက တပ်သားအချို့မှာလည်း ယနေ့ နံနက်ပိုင်းတွင် ထိန်ကြီးရွာအနီးရှိ ရှမ်းလမ်းဆုံအနီးသို့ ရောက်ရှိနေသောကြောင့် အင်အားများစွာဖြင့် စစ်ကြောင်းထိုးမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြန်လည်အကောင်အထည်ဖော်ရန် ရှရှားနှင့် စစ်ကောင်စီတို့ သဘောတူညီမှုရရှိပြီးနောက် အထူးစီးပွားရေးဇုန်ရှိသည့် နဘုလယ်ဒေသကို စစ်ကောင်စီသည် မတ်လဆန်းပိုင်းကစပြီးအင်အားများစွာဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။