BREAKING
April 7, 2025

ထိုင်းမှ ကော့သောင်းသို့ ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ ငါးဦးထွက်ပြေး၊ တစ်ဦးလွတ်မြောက် လေးဦးပြန်အဖမ်းခံရ

April 7, 2025

ပုံစာ - စစ်မှုထမ်း အပတ်စဥ် ၁၁ သင်တန်း ဖွင့်ပွဲ တစ်ခု။ ဓာတ်ပုံ - cincdsmyanmar

ထိုင်းနိုင်ငံမှ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ခံရပြီးနောက် အဓမ္မစစ်သားစုဆောင်းခံရသူ ငါးဦးထွက်ပြေးကြရာ တစ်ဦးလွတ်မြောက်ပြီး လေးဦးပြန်လည်ဖမ်းဆီးခံရကြောင်း လွတ်မြောက်လာသူကို လက်ခံခိုလှုံခွင့်ပြုထားသည့် ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရသည်။

စစ်မှုထမ်းသင်တန်း ပို့ဆောင်ရန် ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် (၄၃၁) စစ်ကောင်စီခြေမြန်တပ်ရင်းတွင် စုဆောင်း ခံရသည့် အမျိုးသားငါးဦး မတ်လ နောက်ဆုံးအပတ်တွင် ထွက်ပြေးခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

“ထွက်ပြေးလာပြီး ကော့သောင်းမြို့ ၉ မိုင်မှာ ယောင်လည်လည်ဖြစ်နေတုန်း လေးယောက်က ပြန်အဖမ်းခံလိုက်ရတယ်။ တစ်ယောက်ကတော့ ကျွန်တော်တို့ဆီကို (ဧပြီလ) ၁ ရက်နေ့မှာ ဆက်သွယ်ပြီး ရောက်လာတယ်” ဟု ကော့သောင်း ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူသည် အသက် ၂၀ အရွယ် ကော့သောင်းဒေသခံ ကိုမင်းမင်းဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံတွင် လဝကအမှုဖြင့် အချုပ်ကျကာ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပြန်ပို့ခံရသူဖြစ်ကြောင်း ကာယကံရှင်၏ ပြောပြချက်ကို ကိုးကား၍ ၎င်းက ဆိုသည်။

စစ်မှုထမ်း သင်တန်းပို့ရန် စုဆောင်းခံထားရစဥ် ထွက်ပြေးလာခြင်းဖြစ်သဖြင့် လက်နက်ခဲယမ်းများ ယူဆောင်လာနိုင်ခြင်း မရှိကြောင်း ကော့သောင်း ပကဖ တာဝန်ရှိသူက ပြောဆိုသည် ။

ကိုမင်းမင်းအနေဖြင့်လည်း မိသားစုများရှိရာ ထိုင်းနိုင်ငံသို့ ပြန်သွားရန်ဆန္ဒရှိသဖြင့် သွားရောက်နိုင်ရန် စီစဥ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကိုမင်းမင်းနှင့်အတူ ထွက်ပြေးလာပြီးနောက် ပြန်အဖမ်းခံလိုက်ရသည့် လေးဦး၏ နောက်ဆက်တွဲ အခြေအနေကိုမူ မသိရပေ။

စစ်ကောင်စီသည် နယ်မြေများစွာ လက်လွှတ်ဆုံးရှုံးရပြီး အင်အားပြုန်းတီးလာပြီးနောက် ၂၀၂၄ ခုနှစ် မတ်လမှစကာ အဓမ္မစစ်သားစုဆောင်းခြင်း၊ မဲနှိုက်ရွေးခြင်း၊ ထိုင်းနိုင်ငံမှ ပြန်ပို့ခံရသူများအား ဖမ်းဆီးစုဆောင်းခြင်းတို့ လုပ်ဆောင် နေသည်။ စစ်ကောင်စီ၏ စစ်မှုထမ်း သင်တန်းဖွင့်မှာ ယခုနှစ် မတ်လတွင် အပတ်စဥ် ၁၁ အထိ ရောက်ရှိနေပြီဖြစ်သည်။