BREAKING
April 7, 2025

ငလျင်ဒဏ်သင့် ကိုယ်ဝန်ဆောင်မြန်မာအမျိုးသမီး တစ်သိန်းခွဲကျော် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်

April 7, 2025

ဓာတ်ပုံ - UNICEF/UNI771831/Maung Nyan

ငလျင်ဒဏ်သင့်ဒေသရှိ မြန်မာကိုယ်ဝန်ဆောင်အမျိုးသမီး တစ်သိန်းခွဲကျော် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် မဂ္ဂနီကျု ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး သန်းနှင့်ချီသော ပြည်သူများ၏ဘဝ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

ငလျင်ဘေးသင့် ပြည်သူများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး အနည်းဆုံး ၁၇၃,၈၅၅ ဦး ပါဝင်ပြီး တော်တော်များများမှာ အသက်ကယ်ဆယ်ရေး၊ သားဖွားကျန်းမာရေးဝန်ဆောင်မှုများ ဆုံးရှုံးလျက်ရှိသည်ဟု ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က ဆိုသည်။

“သားဖွားခြင်းဆိုတာက ငလျင်ဖြစ်နေတဲ့အချိန်မှာတောင် ရပ်ထားလို့ ရတာ မဟုတ်ပါဘူး” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ ကိုယ်စားလှယ် Jaime Nadal Roig က ပြောသည်။

“အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် သူတို့လိုအပ်တဲ့ အသက်ကယ်ဆယ်ရေး အထောက်အပံ့တွေ ရဖို့အရေး ကုသသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က နေ့ညမပြတ် အလုပ်လုပ်နေပါတယ်။ ဒီအကျပ်အတည်းကြောင့် အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ သူတို့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ သူတို့ရဲ့ အနာဂတ် ပျောက်ဆုံးသွားတာမျိုး ဖြစ်သွားမှာ ကျွန်တော်တို့ ခွင့်မပြုနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၏ အရေးပေါ်ရန်ပုံငွေထဲမှ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် အမျိုးသမီးနှင့် မိန်းကလေးများ၏ အရေးပေါ်လိုအပ်ချက်အတွက် ခွဲဝေပံ့ပိုးပေးထားပြီး ဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

မန္တလေးမြို့ရှိ ငလျင်ဘေးသင့် ပြည်သူများအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများ ၊ ဘေးကင်းလုံခြုံစွာ သားဖွားနိုင်ရေး အထောက်အပံ့ပစ္စည်းများ ဖြန့်ဝေမှုကို မိတ်ဘက်အဖွဲ့အစည်းများနှင့်အတူ မြေပြင်တွင် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က ပံ့ပိုးပေးထားသည့် လှေပေါ်ဆေးခန်းတစ်ခုက မန္တလေးမြို့တွင် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နေပြီ ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ သားဖွားကျန်းမာရေးဝန်ဆောင်မှုနှင့် အရေးပေါ်ကုသပေးမှုများ ဆောင်ရွက်ရန် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၏ ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ၃ ဖွဲ့ကို မန္တလေးမြို့သို့ စေလွှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

သို့သော်လည်း လျှပ်စစ်မီး မရရှိမှု ၊ ရေပြတ်လပ်မှု ၊ ခရီးသွားလာရေးခက်ခဲမှု ၊ အခြေခံအဆောက်အအုံ ထိခိုက်ဆုံးရှုံးမှုတို့ကြောင့် အရေးပေါ်အထောက်အပံ့များကို ဖြန့်ဖြူးရေးမှာ နှောင့်နှေးနေရကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့နှင့် ကုလသမဂ္ဂအေဂျင်စီအားလုံးတွင် နောက်ထပ်ရန်ပုံငွေများ အရေးတကြီး လိုအပ်နေကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် အသက်ကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတကာအသိုက်အဝန်းက ထောက်ပံ့ကူညီပေးကြရန် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က တောင်းဆိုတိုက်တွန်းထားသည်။

Source: UNFPA