BREAKING
April 7, 2025

တောင်ဆူဒန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူအားလုံးကို အမေရိကန်ဗီဇာ ပယ်ဖျက်

April 7, 2025

တောင်ဆူဒန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအားလုံး၏ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာများကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက စနေနေ့တွင် ပြောဆိုလိုက်သည်။

တောင်ဆူဒန်အစိုးရသည် အမေရိကန်မှ ပြန်ပို့လိုက်သည့် တောင်ဆူဒန်နိုင်ငံသားများကို လက်မခံဘဲ အမေရိကန်နိုင်ငံအပေါ် အမြတ်ထုတ်လျက်ရှိသည်ဟုလည်း ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။

ယင်းကြောင့် တောင်ဆူဒန်မှာ သမ္မတဒေါ်နယ်ထရမ့် ဒုတိယအကြိမ် အာဏာပြန်ရလာပြီးနောက် အမေရိကန် ဗီဇာပိတ်ပင်လိုက်သည့် ပထမဆုံးနိုင်ငံလည်းဖြစ်သည်။

သမ္မတဒေါ်နယ်ထရမ့်သည် ရွေးကောက်ပွဲအကြိုကာလတွင် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် ကြွေးကြော်သံများဖြင့် မဲဆွယ်စည်းရုံးခဲ့သည်။

“နိုင်ငံတိုင်းဟာ သူ့နိုင်ငံသားတွေကို ပြန်ပို့လိုက်တာကို အချိန်မီ လက်ခံရမယ်။ အမေရိကန်အပါအဝင် အခြားနိုင်ငံတစ်ခုခုက သူတို့ကို နှင်ထုတ်တဲ့အချိန်မျိုးမှာပေါ့” ဟု မာကိုရူဘီယိုက စနေနေ့က ပြောကြားခဲ့သည်။

“တောင်ဆူဒန်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလအစိုးရဟာ ဒီမူအပေါ် အပြည့်အဝလေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

တောင်ဆူဒန်နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူများကို အမေရိကန်ဗီဇာထုတ်ပေးခြင်းကိုလည်း ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။

သမ္မတဂျိုးဘိုင်ဒန်ထက်ထက်တွင် တောင်ဆူဒန်နိုင်ငံသားများအတွက် အမေရိကန်အစိုးရက ယာယီအကာအကွယ်ပေးနေထိုင်ခွင့် (TPS) ပေးထားခဲ့သည်။

ယင်းခွင့်ပြုမှုမှာ ယခုနှစ် မေလ ၃ ရက်နေ့တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။

ကမ္ဘာ့အသက်အငယ်ဆုံးနိုင်ငံဖြစ်သည့် တောင်ဆူဒန်သည် ၂၀၁၁ ခုနှစ်တွင် ဆူဒန်နိုင်ငံမှ ခွဲထွက်ကာ လွတ်လပ်ရေးရလာခဲ့သည်။

လက်ရှိကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် ပါဝင်လျက်ရှိသည့် တောင်ဆူဒန်နိုင်ငံသည် ပဋိပက္ခများနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လုံခြုံရေးဆိုင်ရာ အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးထားသည်။