၂၀၁၅ ခုနှစ်၌ ကျင်းပခဲ့သော ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲ၏ပထမဆုံးသောအဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ရန်နိုင်ဦး၏ ဂျာစီအင်္ကျီမှာ ကျပ် ၂၈ သိန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ပြီး ရရှိငွေအားလုံးကို ငလျင်ဘေးသို့ ပေးလှူလိုက်ပြီဖြစ်သည်။
အဆိုပါကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝတ်ဆင်ခဲ့သော ဂျာစီအင်္ကျီကို ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ကူညီရန် လေလံတင်လိုက်ရာ ငွေကျပ် ၂၈ သိန်းဖြင့် Htet Waiyan Soe အကောင့်ပိုင်ရှင်က လေလံအောင်သွားခဲ့ခြင်းဖြစ်ပြီး ထပ်တိုးအလှူငွေ ၁၅ သိန်းလည်း ထပ်မံရရှိခဲ့ကြောင်း ရန်နိုင်ဦးက ပြောကြားထားသည်။
ယင်းငွေ အားလုံးကို လှူဒါန်းလိုက်ပြီဖြစ်ကြောင်း ရန်နိုင်ဦးက ၎င်း၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးလိုက်သည်။
လေလံအတွက် ကျပ် ၂၅ သိန်းအထိ ပေးအပ်ခဲ့သော U Zaw Htet Aung အကောင့်ပိုင်ရှင်က လေလံမအောင်မြင်ခဲ့သည့်တိုင် အလှူငွေအဖြစ် ကျပ် ၁၀ သိန်း ပါဝင်လှူဒါန်းခဲ့ပြီး လေလံစျေး ကျပ် ၂၂ သိန်း ၅ သောင်းအထိ ပေးခဲ့သော NyeinChan Ko အကောင့်ပိုင်ရှင်ကလည်း လေလံမအောင်ခဲ့သည့်တိုင် ကျပ် ၅ သိန်း ထည့်ဝင်လှူဒါန်းသွားခဲ့သည်ဟု ဆိုသည်။
လေလံမအောင်မြင်ခဲ့သည့်တိုင် ၎င်း၏အလှူကို ထည့်ဝင်လှူဒါန်းခဲ့သော အစ်ကိုနှစ်ဦးကို ကျေးဇူးတုံ့ပြန်သည့်အနေနှင့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝတ်ဆင်ခဲ့သော အဖြူရောင်ဂျာစီ တစ်ထည်စီကို လက်ဆောင်အဖြစ် ပြန်ပေးသွားမည်ဟုလည်း ရန်နိုင်ဦးက အသိပေးထားသည်။
ရန်နိုင်ဦး သည် ဂျာစီအင်္ကျီလေလံရောင်းရငွေနှင့် လှူဒါန်းငွေ နှစ်ခုပေါင်း ကျပ် ၄၃ သိန်းကို မန္တလေးငလျင်ဘေးသင့် ဒေသများအတွက် ကျပ် ၁၁ သိန်း၊ စစ်ကိုင်းငလျင်ဘေးသင့်ဒေသများအတွက် ကျပ် ၁၁ သိန်း၊ အင်းလေးငလျင်ဘေးသင့်ဒေသအတွက် ကျပ် ၁၁ သိန်း၊ ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် ပုလဲအရံမီးသတ်တပ်ဖွဲ့ ထံသို့ ကျပ် ၁၀ သိန်း ပေးပို့လှူဒါန်းလိုက်ပြီဖြစ်သည်။