ဝယ်လိုအားများပြီး စျေးကောင်းရသဖြင့် ရွှေဖြူဟုတင်စားကြသည့် ရော်ဘာလုပ်ငန်းမှာ စစ်အာဏာသိမ်းပြီးချိန်မှစကာ ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ငင်နေပြီဖြစ်နေသည်။
စစ်အာဏာရှင်များ၏ ဖိနှိပ်ကန့်သတ်မှု၊ တင်းကျပ်မှုများအောက်တွင် ရော်ဘာလုပ်ငန်းမှာ အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်လာရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကမူ ရော်ဘာကို အခြေခံပြီး ဖိနပ်မှအစ တာယာနှင့်ကျွတ်များ ထုတ်လုပ်ရန် နေပြည်တော်ရှိ လေအေးပေးစက် တပ်ထားသော ခန်းမကြီးထဲတွင် လေလုံးထွား ပြောဆိုနေသည်။
မြေပြင်တွင်မူ ရော်ဘာစတင်စိုက်ပျိုးချိန်မှ အစေးခြစ်ပြီး ရော်ဘာထုတ်လုပ်သည့် အဆင့်တိုင်းတွင် စစ်ကောင်စီ၏ တင်းကျပ်မှုမျိုးစုံကို ကြုံတွေ့နေရသည့်အတွက် ရော်ဘာတောင်သူများ အခက်တွေ့နေကြသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ရော်ဘာအစေးခြစ်ရန် အခက်တွေ့နေရသလို မြေဩဇာတင်သွင်းသယ်ဆောင်ချိန် ကန့်သတ်မှု၊ ရော်ဘာထုတ်လုပ်ရာတွင် မရှိမဖြစ်ပစ္စည်းဖြစ်သည့် အက်စစ်သယ်ဆောင်ချိန် ဖမ်းဆီးမှုများနှင့် ရော်ဘာတင်ပို့ချိန် တင်းကျပ်မှု အများအပြားရှိနေသည်။
ထိုကြောင့် ရော်ဘာတောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများအကြောင်းကို သိရှိနိုင်ရန် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ပါသည်။
“အခုခေတ်က ရော်ဘာလုပ်စားလို့ အဆင်ပြေတဲ့ခေတ်မဟုတ်တော့ဘူး”
ရော်ဘာတောင်သူတစ်ဦး၊ ထားဝယ်အထူးစီးပွားရေးဇုန်ရှိသည့် နဘုလယ်ဒေသ၊ ရေဖြူမြို့နယ်
DW ။ နဘုလယ်ဒေသမှာ တိုက်ပွဲတွေအမြဲတမ်းလိုလိုဖြစ်နေတော့ ရော်ဘာတောင်သူတွေ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာရှိလဲ။
ဖြေ ။ ဒီဖက်မှာကတော့ လုပ်စားချိန်ကိုမရှိဘူး။ ပြေးနေရချိန်ကများတယ်။ ခြစ်ပြီးတာနဲ့ရောင်းပဲ။ အရင်ကလိုမျိုး အခြောက်ခံပြီး ကိုယ်လိုတဲ့ဈေးရမှ ရောင်းတယ်ဆိုတာမရှိတော့ဘူး။ အခုခြစ် အခုလာဝယ်တဲ့သူရှိလား အခုရောင်းကြတဲ့သူချည်းပဲ။ ပြေးနေရတဲ့အချိန်နဲ့ ဘယ်သူက အကြာကြီးထားထားမှာလဲ။
DW ။ ရော်ဘာအပြားမလုပ်တော့ဘဲ အစေးရည်ကိုရောင်းတာကို ဆိုလိုတာလား။
ဖြေ ။ အစေးရောင်းတဲ့သူလည်းရောင်းတယ်။ အပြားလုပ်တဲ့သူဆိုလည်း ခြောက်အောင်အထိ မစောင့်တော့ဘူး။ တစ်နေ့လောက်နေလှမ်းပြီးတာနဲ့ ရောင်းကြတယ်။ တချို့ကတော့ ကော်(ရော်ဘာ)ချေးခြစ်တယ်။ ကော်ချေးခြစ်တာက ခြစ်ပြီး ဒီအတိုင်းထားပစ်ခဲ့လည်း ဘာမှမဖြစ်ဘူး။ ပြန်လာရင်ခွာပြီး ရောင်းလို့ရသေးတယ်လေ။ ဒီလိုလုပ်တာက ပိုက်ဆံတော့ အရနည်းတာပေါ့။ ပစ်ထားရတာထက်တော့ ကောင်းသေးတယ်မဟုတ်လား။
DW ။ ခြစ်လိုက်၊ ပြေးလိုက်လုပ်နေရတော့ ရော်ဘာလုပ်ငန်းက အရင်ကလိုမျိုး မိသားစုအတွက် အဆင်ပြေသေးရဲ့လား။
ဖြေ ။ အရင်ကဆိုရင်တော့ အခုချိန်ဆို ( ရော်ဘာရာသီသိမ်းခါနီးအချိန်) ပိုက်ဆံချည်းပဲပေါ့ကွာ။ အခုကတော့ အရင်ကနဲ့တော့ ဘာမှနှိုင်းလို့မရတော့ဘူး။ စားဖို့တောင်မရတာ စုဖို့က ဘယ်ကလာမှာလဲ။ ဒီကြားထဲ ပြေးရင်းလွှားရင်းနဲ့ လဲကျလို့ ခါးနာသွားသေးတာ။ ရန်ကုန်မှာ တော်တော် (ဆေး) ကုလိုက်ရသေးတယ်။ အခုခေတ်က ရော်ဘာလုပ်စားလို့ အဆင်ပြေတဲ့ခေတ်မဟုတ်တော့ဘူး။ ကိုယ့်ဟာလေးနဲ့ကိုယ်မို့သာ လုပ်နေတာ။
DW ။ အခု ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်တပ်က ပြန်လုပ်မယ်လို့ပြောပြီး နဘုလယ်ဘက်ကို စစ်ကြောင်းထိုးတာတွေရှိလာတော့ ကိုယ့်ဒေသမှာဆက်နေပြီး ရော်ဘာခြစ်စားနေလို့ ရပါဦးမလား။ အခြေအနေဘယ်လိုရှိလဲ။
ဖြေ ။ အခုထိတော့ ခြစ်လိုက် ပြေးလိုက်ပဲရှိသေးတယ်။ နောက်လဆို မိုးကျတော့မှာကို ရော်ဘာခြစ်ချိန် မရှိတော့ဘူးလေ။ နောက်နှစ်ကျရင်တော့ ခြစ်လို့ရပါ့မလား ဘယ်လိုလာမလဲမသိသေးဘူး။ နောက်ခါလာ နောင်ခါဈေးပဲ။
DW ။ တိုက်ပွဲဖြစ်နေတဲ့ တချို့နေရာတွေမှာတော့ ရော်ဘာခြံတွေ ထုတ်ရောင်းပစ်နေကြတာရှိတယ်။ အစ်ကိုတို့ဘက်မှာရော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ ခုနကပြောသလိုပဲ။ အခုထိကတော့ ပြေးတဲ့အချိန်ဆိုလည်းပြေး ပြန်လာရင်ကိုယ့်ခြံကိုယ်လုပ် လုပ်နေရသေးတာပဲ။ နောက်နှစ်ကျရင်တော့ ဘယ်လိုဖြစ်လာမလဲမပြောနိုင်သေးဘူး။ အခုက စီမံကိန်း( ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း) ပြန်လုပ်မယ်ဆိုပြီး စစ်ကြောင်းထိုးနေတော့လေ။ စီမံကိန်းလုပ်ဖို့ သေချာတယ်ဆိုရင်တော့ ဒီနားကခြံတွေကတော့ အကုန်ပါမှာပဲ။ ရောင်းလည်း ဝယ်မယ့်သူရှိပါ့မလား။ ဝယ်ပြီးရင် ဆုံး(ရှုံး)မှာသိသိကြီးနဲ့တော့ လာဝယ်ကြမှာမဟုတ်ဘူး။ ဝယ်မယ့်သူရှိရင်တော့ ရောင်းချင်ကြတာချည်းပဲပေါ့။ ဘယ်သူ ဝယ်ရဲကြမလဲ ဒီအခြေအနေနဲ့။
DW ။ တိုက်ပွဲတွေကြားထဲ ရော်ဘာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းဖို့ ခက်ခက်ခဲခဲ လုပ်ကိုင်နေရတဲ့အပေါ် စိတ်ထဲဘယ်လိုခံစားရလဲ။
ဖြေ ။ ရော်ဘာခြစ်တတ်နေတာက ထမင်းစားဖို့အတွက်တော့ ဘယ်သွားသွား စိတ်ပူစရာတော့မလိုဘူး။ ဒီမှာမရလည်း တစ်ခြားမှာသွားရင် ခြစ်တတ်နေရင် ထမင်းတော့မငတ်ဘူးပေါ့။ ငါတို့ကတော့ ကိုယ့်နေရာမှာပဲ ကိုယ့်ခြံလေးနဲ့ကိုယ် အေးအေးဆေးဆေး လုပ်စားပြီး နေချင်တာပေါ့။ ငါ့မှာဆိုရင် ရင်း(နှီး)ထားရတာအများကြီးရှိပြီ။ ဒီနှစ်နဲ့မှစားရတာ နှစ်ခါလည်( ၂ နှစ် ) ပဲရှိသေးတယ်။ အချိန်ကောင်းရောက်မှ ဒီလိုတွေဖြစ်လာတော့ ကံဆိုးတယ်ပဲပြောရမယ်။
DW ။ ကျေးဇူးတင်ပါတယ်
“ရော်ဘာခြစ်တာက ညဘက်ခြစ်ရတာဆိုတော့ ညဘက် စစ်သားလား အရပ်သားလားခွဲမရဘဲ ပစ်ခံရမှာပဲ စိုးရိမ်တယ်”
ရော်ဘာခြံရှင်တစ်ဦး၊ မရမ်းချောင်းရွာ၊ ရေဖြူမြို့နယ်
DW ။ အခုနှစ် ရော်ဘာရာသီမှာ အပင်အသစ်ထပ်စိုက်ပျိုးတာရှိလား။ စိုက်ပျိုးရတဲ့ အခြေအနေပြောပြပါ။
ဖြေ ။ အသစ်စိုက်တာ နည်းနည်းရှိတယ်။ စိုက်ပျိုးမယ့် ပျိုးပင်ကတော့ စျေးများလာတယ်။ အရင်ကထက် (ကျပ်) တစ်ထောင်ဝန်းကျင်လောက် တက်သွားတယ်။ မနှစ်ကအထိတော့ တစ်ပင်ကို ၁၅၀၀ (ကျပ်)နဲ့ရသေးတယ်။ အခုနှစ်က ၂၅၀၀ ဝန်းကျင်စျေးပေါက်နေတယ် ။ အပင်အကြီးတွေအတွက်က မြေသြဇာတွေ စျေးနှုန်းက အချိန်မကျသေးလို့ မသိရသေးဘူး။ မြေသြဇာထည့်တာက မိုးကျလောက်မှပဲ ထည့်ဖြစ်ကြတယ်။ အပင်အသစ်စိုက်တာလည်း အဲဒီမိုးဦးကျကာလပဲ စစိုက်ကြတယ်။
DW ။ ရော်ဘာခြံတွေကို သွားလာရတဲ့ အခြေအနေရော လုံခြုံမှုရှိရဲ့လား။
ဖြေ ။ ဒီလိုပါပဲ။ အခြေအနေကတော့ ကြည့်ပြီးတော့ သွားရတယ်။ မြေမြှုပ်မိုင်းတွေတော့ အသံကြားရတာမျိုးမရှိဘူး။ ညဘက်တွေလည်း ခြံထဲမှာ ကိုယ့်ခြံနဲ့ကိုယ်ဆိုတော့ ခြစ်နေကြတာပဲ ။ တစ်ခါတစ်လေ စစ်ကြောင်းတွေ ရောက်နေတာမျိုးရှိရင်လည်း မခြစ်ကြရတော့ဘူးပေါ့။ တိုက်ပွဲတွေဖြစ်လာမှာမျိုးတော့ စိတ်ပူတယ်။ ဖြစ်လာရင် ခြံတွေက ပစ်လိုက်ရမှာ ဆိုတော့လေ။ ရော်ဘာခြစ်တာက ညဘက်ခြစ်ရတာဆိုတော့ ညဘက် စစ်သားလား အရပ်သားလားခွဲ မရဘဲ ပစ်ခံရမှာပဲ စိုးရိမ်တယ်။
DW ။ ရော်ဘာအလုပ်သမားတွေခေါ်ရသေးလား ။ အလုပ်သမားအတွက်ရော ဘာအခက်အခဲတွေရှိလဲ။
ဖြေ ။ ရော်ဘာခြစ်တဲ့အလုပ်သမားက ခက်ခဲတာပေါ့ ။ အလုပ်သမားတွေမရှိကြတာပေါ့။ တစ်ချို့က ထိုင်း(နိုင်ငံ)သွားတယ်။ တစ်ချို့က လာမရဲကြဘူး။ ဧရာဝတီတိုင်းဘက်က ရော်ဘာခြစ်အလုပ်သမားတွေက ဂိတ်တွေ ဖြတ်မရဲဘူးဆိုပြီး ကြောက်ကြတယ်။ လာခေါ်ပေးမယ်ပြောလည်း လာမရဲဘူး။ ရေး ချောင်းဖျားဘက်က အလုပ်သမားတွေကလည်း စစ်ဘေးရှောင်နေရတာမျိုးရှိတယ်။ အလုပ်သမားက တစ်ယောက်စ နှစ်ယောက်စပဲရှိတယ်။ ကိုယ့်ခြံကိုယ်ခြစ်ပဲ။ အလုပ်သမားတွေကိုက ထက်ဝက်စား အပေးများတယ် (ရလာသည့်အကျိုးအမြတ်အပေါ် အလုပ်သမားတစ်ဝက် ခြံရှင်တစ်ဝက်)။ ခြံရှင်ဘက်က နည်းနည်းနာတာပေါ့။ ခြံရှင်ဘက်က မြေသြဇာအတွက်ရော ၊ အရင်းအနှီးတွေအတွက် စိုက်ထားရတာမျိုးရှိတယ်။
DW ။ ရော်ဘာခြံလုပ်ဖို့အတွက် ပေးရကမ်းရတာမျိုးရောရှိလား။
ဖြေ ။ ပေးရကမ်းရတာကတော့ KNU ဘက်က အခွန်လာကောက်တာ။ တစ်ဧက (ကျပ်)နှစ်သောင်းခွဲပေးရတယ် ။ မနှစ်ကစ ပေးရတယ်။ ခြံသမားတွေဘက်က ကြည့်ရင် မကိုက်ဘူး။ဒီအခွန်နှုန်းထားက များတယ်။ အရင်ကတော့ ခြံတစ်ခြံကို ဆန်တစ်အိတ်နဲ့ ပိုက်ဆံတစ်ထောင်ပဲကောက်တယ်။ အခုက ဧက အလိုက်ကောက်လာတယ်။ အခြားအဖွဲ့တွေ ရောက်လာတာမျိုးရှိရင်လည်း စားဖို့သောက်ဖို့လိုရင် လာတောင်းတာမျိုးလည်းရှိတယ် ။
DW ။ ရော်ဘာကုန်ချောအနေနဲ့ အပြားထုတ်လား ၊ အတုံးထုတ်လား ။
ဖြေ ။ အတုံး နဲ့ အပြားကတော့ စျေးကွာတယ်။ ဒါပေမဲ့ နှစ်ချုပ်နဲ့ပြန်တွက်ရင်တော့ အတူတူလောက်ပါပဲ။ ကျွန်တော်တို့ကတော့ အပြားပဲထုတ်တယ်။ အတုံးလုပ်ကြတဲ့သူတွေ ဘာဖြစ်လို့လဲဆိုတော့ အပင်ရေများပြီး အလုပ်သမားခေါ်ရရှားလို့ အချိန်မလောက်တဲ့အတွက် အတုံးထုတ်ကြတယ်။ ခြစ်ပြီးရင် အပြားလုပ်မမီတော့ အတုံးမြန်မြန်လုပ်ကြတာပေါ့။ အတုံးနဲ့ အပြားမှာ အပြားကစျေးကောင်းတယ်။ ငါးရာ ၊ ခုနစ်ရာလောက်တော့ကွာတယ် ။ အခုနှစ်က ရော်ဘာအပြားစျေးက တစ်ပေါင် ၂၆၀၀ ကျပ်နဲ့ အတုံးစျေးက ၂၁၀၀ကျပ် လောက်ရတယ်။ အခုရောင်း စျေးကတော့ တက်တယ်လည်းပြောမရဘူး ။ ကျတယ်လည်းပြောမရဘူး။ ပုံမှန်လည်နေတာပေါ့ ။
DW ။ ရော်ဘာပြားရောင်းရတာကရော အဆင်ပြေရဲ့လား။
ဖြေ ။ ရော်ဘာပြားက လာဝယ်ပေးတဲ့သူတွေကို ထွက်ရောင်းကြတယ်။ မွန်ပြည်နယ်ဘက်က လာဝယ်ကြတယ်။ ကျွန်တော်တို့ခြံရှင်တွေဘက်ကတော့ အခက်အခဲမရှိဘူး။ လာဝယ်တဲ့ဒိုင်တွေကတော့ ဂိတ်တွေပေးကမ်းရတာပေါ့။ အခုက မလွှဲတောင်ရယ်၊ ရေးတံတားရယ် ၊ ကိုးမိုင်ရယ် (စစ်ဆေးရေးဂိတ်)သုံးနေရာလောက်ကို ပေးကမ်းပြီး ဖြတ်လာကြရတယ် ။
DW ။ အကို ရော်ဘာခြံစလုပ်တဲ့သက်တမ်း ဘယ်လောက်ရှိပြီလဲ ။ သက်တမ်းတစ်လျှောက် ကြုံရခဲ့တဲ့ အတွေ့အကြုံနဲ့နှိုင်းစာပြီး ၂၀၂၁ နောက်ပိုင်း အခြေအနေလေး ပြောပြပေးပါ ။
ဖြေ ။ ခြံစိုက်စားတာကတော့ ဆယ်နှစ်ကျော်ရှိပြီ။ အရင်တုန်းကဆိုရင် လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ ပစ္စည်းပစ္စယတွေလည်း စျေးမကြီးဘူးလေ။ အခုက ဆီ(စက်သုံးဆီ)ဆိုလည်း စျေးမတရားမြင့်တယ်။ ခြံ မြက်ခုတ်တွေ ဘာတွေက အခက်အခဲရှိတာပေါ့။ ရော်ဘာတစ်ရာသီ ခြံသုံးခါလောက်ခုတ်ရတယ် ။ ခြံခုတ်ဖို့ နေ့စားအလုပ်သမား ငှားခတွေလည်း အများကြီးတက်သွားတယ်။ တစ်နေ့ကို အလုပ်သမားတစ်ယောက်ကို (ကျပ်) သုံးသောင်း ပေးရတယ်။ ခြံတစ်ခါခုတ်ရင် ဆယ်ရက်ကျော်ကျော်လောက်ခုတ်ရတယ်။ ရက်နဲ့ တွက်ပြီး လူအင်အားကို ရသလောက်ခေါ်ရတာပေါ့ ။ အခုခြံက မလွှဲတောင်ဂိတ်နဲ့ နီးတယ်။ တစ်ခုခုဆိုရင် မွန်ပြည်နယ်ဘက်ကို ကျန်းမာရေးအရ သွားရတာမျိုးရှိရင် ဂိတ်ပိတ်ချလိုက်တာမျိုးနဲ့လည်း ကြုံတဲ့အခါခက်ခဲတယ်။ ကျန်းမာရေးအရက ကလိန်အောင်ဘက်ကိုသွားရင် မလွှဲတောင်နဲ့နီးတဲ့ရွာတွေကလူတွေဆို အစစ်အဆေးကျပ်လို့ တော်ရုံမသွားကြဘူး။ ကုန်ကြမ်းကလည်း မွန်ပြည်နယ် ကပဲ အဓိကသယ်တော့လေ ဂိတ်ပိတ်လိုက်တာမျိုးကြုံရင် အဲဒါလည်းအခက်အခဲရှိတယ်။ ဟိုတုန်းကတော့ အပြားရောင်းရတဲ့ စျေးနှုန်းနည်းပေမယ့်လည်း အခြားကုန်စျေးနှုန်းတွေက စျေးမတက်တော့ မျှတပြီး အဆင်ပြေတယ်။ အခုနှစ်ရော်ဘာရာသီ အနှစ်ချုပ်ပြောရရင်တော့ ခြံရှင်တွေဘက်က ကိုယ်အတွက် ကျန်တဲ့ပမာဏ နည်းလာတာပဲ ရှိတယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“ဆန်ဈေးကြီးတာနဲ့ ကုန်ဈေးနှုန်းကြီးတာနဲ့ KNU နယ်မြေဆိုတော့ အကောက်အခွန်ကလည်း ပေးနေရတာနဲ့ အဆင်ပြေလှတယ်မရှိပါဘူး”
ရော်ဘာခြစ်နေသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး၊ ထမင်းမစားကျေးရွာအုပ်စု၊ ပုလောမြို့နယ်။
DW ။ အခုနှစ် ရော်ဘာခြစ်ရတာ အခြေအနေဘယ်လိုရှိလဲ။
ဖြေ ။ ရော်ဘာခြစ်တာအဆင်ပြေနေတယ်။ ဒီနှစ်က ရော်ဘာဈေးလည်းကောင်းနေတယ်ဆိုတော့။
DW ။ ဘယ်လောက်ဈေးဖြစ်နေလဲ။ မှိုင်းခံလား နေလှန်းပြားလား။
ဖြေ ။ နေလှန်းပြား တစ်ပိဿာကို ၁၀၅၀၀(ကျပ်) လောက်ရတယ်။ မှိုင်းမခံဘူး ညီမတို့မှာ။ ရှေ့နှစ်တွေတုန်းက ဈေးကျတဲ့အခါ တစ်ပိဿာ (ကျပ်)၂၀၀၀ ကျော် ၃၀၀၀ လောက်ပဲကျန်တယ်။ မနှစ်တုန်းကတော့ တစ်ပိဿာ ၅၀၀၀ ကျော် ၆၀၀၀ ကျော်ရတယ်။
DW ။ အရင်က ရော်ဘာခြစ်ရတဲ့အခြေအနေနဲ့ အခုကာလမှာ ရော်ဘာခြစ်ရတဲ့အခြေအနေ ဘယ်လိုကွာခြားမှုရှိလဲ။
ဖြေ ။ အစတုန်းကတော့ ကိုယ့်ခြံနဲ့ကိုယ်ခြစ်တာဆိုတော့ အားလုံးကိုယ်ရတာပေါ့။ အခုက ကိုယ့်ခြံကိုပစ်ပြီး သူများခြံမှာ အခစား လာခြစ်စားနေရတာဆိုတော့ လုံးလုံးခဲခဲ(တစ်လုံးတစ်ခဲတည်း) မရဘူးပေါ့။ ၁၀ ပြားရရင် ခြံရှင်သူဌေးကိုက ၆ ပြားပေးရတယ်လေ။ ကိုယ်က ၄ ပြားပဲရတယ်။ အခုနောက်ပိုင်းက မှိုင်းခံရော်ဘာ မလုပ်ကြတော့ဘူး။ အခြေအနေမကောင်းဘူးဆိုတော့ နေလှန်းပြားပဲ လုပ်ကြတော့တယ်။ မှိုင်းခံရော်ဘာကတော့ ဈေးပိုရတာပေါ့။
နန်းပရုပ်ရွာဘက်မှာ တိုက်ပွဲတွေဖြစ်လို့ ခြံထဲမှာရော ရွာထဲမှာရော မိုင်းတွေရှိတယ်ဆိုပြောလို့ ရွာမှာမနေဘဲ စစ်ဘေးရှောင်လာကြရတာ။ ကျွန်မတို့မှာ ရော်ဘာ၊ ကွမ်းသီး၊ ဒူးရင်းစိုက်ထားတာ ဧက ၂၀ လောက်ရှိတယ်။ တစ်လဆို ရော်ဘာခြစ်တာ သိန်းသုံးလေးဆယ်ရတယ်။ အခုဆို မိုင်းကြောက်တာရော စစ်တပ်ကြောက်တာရော တော်လှန်ရေးဘက်ကတွေလည်း ပေးမဝင်ခိုင်းဘူး။ မိုင်းတွေဘာတွေရှိတယ်တဲ့။ သူတို့လမ်းဖွင့်ပေးမှပဲ ခြံထဲဝင်ဖြစ်တယ်။ ၂၀၂၂ နှစ်လယ်လောက်ကတည်းကပဲ။
DW ။ အခုဆို တစ်ရက်ကို ဘယ်လောက်ရလဲ။
ဖြေ ။ တစ်ရက်ကို ပြား ၂၀ လောက်ရတယ်။ ခြံရှင်က နုတ်လိုက်ရင် ညီအစ်မနှစ်ယောက် တစ်ယောက် ၄ ပြားစီ ခွဲယူတယ်။ တစ်ခါတလေလည်း တစ်လလုံးမခြစ်ရတာတွေလည်းရှိတယ်။ တစ်ခါတလေ အခြေအနေအချိန်အခါ မကောင်းဘူး။ စစ်သားတွေ စစ်ကြောင်းထိုးတဲ့အခါတွေမျိုး ရွာထဲမှာလည်း အန္တရာယ်ရှိတဲ့ အခါတွေမျိုးဆိုရင်လည်း တစ်လလုံးနားနေရတယ်။ သူတို့(စကစတပ်)တက်လာရင် တိုးမှာစိုးလို့ တွေးကြောက်ပြီး ရော်ဘာခြစ်နားရတယ်။ ဒါပေမဲ့ ဒီတစ်နှစ်က မနှစ်တုန်းကနဲ့စာရင် ခြစ်စားရတယ်လို့ပြောရမယ်။ မနှစ်တုန်းကဆိုရင် တစ်လမှာ ရော်ဘာခြစ်ရတဲ့ ရက်က ၁၀ ရက်လောက်ပဲရတယ်။ ဒီနှစ်ကတော့ ခြစ်ရက်နည်းနည်းမှန်တယ်။ ပြီးခဲ့တဲ့လတွေကတော့ မိုးရွာတာနဲ့ လေတိုက်တာနဲ့ သိပ်အဆင်မပြေဘူး။ ရော်ဘာထွက်တာတော့ကောင်းတယ်။ ကျွန်မတို့ခြစ်နေတာ မျိုးသန့်ခြံဆိုတော့လေ။
တစ်ရက်ကို ညီအစ်မနှစ်ယောက် လေးသောင်းကျော်လောက်တော့ရတယ်။ ဒါပေမဲ့ ဆန်ဈေးကြီးတာနဲ့ ကုန်ဈေးနှုန်းကြီးတာနဲ့ KNU နယ်မြေဆိုတော့ အကောက်အခွန်ကလည်း ပေးနေရတာနဲ့ အဆင်ပြေလှတယ်မရှိပါဘူး။ ခြစ်သားတွေမှာတော့ အစည်းအဝေးခေါ်ပြီး ဘာကြေးညာကြေး ကောက်တာလောက်ပဲ ခြံရှင်သူဌေးတွေဆို ပေးရများတယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“ရွာဘက်က တင်လိုက်တဲ့ ရော်ဘာတွေကို (စကစ) စစ်ဆေးရေးဂိတ်တွေက သိမ်းတာဘာညာရှိသေးတယ်”
DW ။ ဒီနှစ်ရော်ဘာ ခြစ်တဲ့ရာသီမှာ ရော်ဘာခြစ်တောင်သူတွေ အခက်အခဲတွေရှိကြတယ်လို့ ကြားတယ်။ ဘယ်လိုအခက်အခဲတွေရှိလဲဆိုတာ ပြောပြပါလား။
ဖြေ ။ ဒီကာလမျိုးမှာ အခက်အခဲကတော့ မျိုးစုံပါပဲ။ လုပ်သားခေါ်ရတာ ပင်ပန်းတာရယ် ရာသီဥတု ရယ် ဒေသအတွင်း မငြိမ်သက်မှုတွေရယ်ပေါ့။ တိုင်းပြည်မအေးချမ်းတော့ စီးပွားရေးလုပ်စားရတာ တော်တော် ခေါင်းစားရတယ်။
DW ။ လုပ်သားခေါ်ရတာ ပင်ပန်းတယ်ဆိုလို့ ဘုတ်ပြင်းဘက်မှာက ရော်ဘာခြစ် ကျွမ်းကျင်တောင်သူတွေ သိပ်မရှိဘူးဆိုတာ ဟုတ်လား။
ဖြေ ။ ဟုတ်တယ်။ဘုတ်ပြင်းဘက်မှာ ရော်ဘာကျွမ်းကျွမ်းကျင်ကျင် ခြစ်တတ်တဲ့သူရှားတယ်။ မခြစ်တတ်တဲ့ သူတွေခြစ်ခိုင်းရင်လည်း အပင်တော်တော်နာတယ်။ ဒါတော့အလုပ်သမားခေါ်ယူရတာ တော်တော်အခက်တွေ့တယ်။ ထားဝယ်တို့ ပုလောတို့ဘက်က စစ်ဘေးရှောင်ပြီး ဘုတ်ပြင်းဘက်မှာ လာနေတဲ့ သူတွေကိုခေါ်ရတယ်။
DW ။ ရော်ဘာခြစ်တဲ့အချိန်က ညဘက်ခြစ်ရတယ်လို့ကြားတယ်။ အဲလို ညဘက်ခြစ်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိကြလဲ။
ဖြေ ။ ရော်ဘာခြစ်တာက ညဘက်လည်း ခြစ်ကြတယ်။ကြက်တွန်(နံနက်စောစော) ဘက်လည်း ခြစ်ကြတယ်။ အခြေအနေနားထောင်ခိုင်းပြီး လုပ်ခိုင်းရတာပေါ့။ညမထွက်ရ အမိန့်တွေမျိုးထုတ်ထားရင် ညဘက်မခြစ်ကြဘဲ ကြက်တွန်(နံနက် ၃နာရီ၊ ၄နာရီ)လောက်မှ ထခြစ်ကြတယ်။
DW ။ ရော်ဘာခြစ်ပြီး ပြန်ရောင်းတဲ့အခါကျရင် ဘယ်လိုရောင်းကြလဲ။ ကိုယ်တိုင်မြို့တက်ပြီး ရောင်းတာလား။ ဒါမှမဟုတ် ဒီမှာလာဝယ်တဲ့သူတွေရှိတယ်လို့ကြားတယ်။ ဒီမှာလာဝယ်တဲ့သူဆီမှာပဲ ရောင်းကြလား။
ဖြေ ။ အာဏာသိမ်းပြီး တစ်နှစ်ကျော်လောက်အထိ မြို့ကို ရွာက ကားတွေနဲ့ တင်ပြီးရောင်းခိုင်းတယ်။ အခုနောက်ပိုင်းတော့ ရွာမှာလာဝယ်တဲ့ သူတွေဆီမှာပဲ ရောင်းဖြစ်တာများတယ်။ဈေးကောင်းရလည်း ဂိတ်ကြေးဘာညာကြေးနဲ့ ဘာမှမထူး။ တစ်ခါတလေ ရွာဘက်က တင်လိုက်တဲ့ ရော်ဘာတွေကို စစ်ဆေးရေးဂိတ်တွေက သိမ်းတာဘာညာရှိသေးတယ်။ ကားသမားကို လျော်ကြေးဘာညာ စောဒကသွားတက်လို့မရဘူးလေ။ ဒီတော့ ဒီမှာရောင်းတာက စိတ်တပူပူ မဖြစ်ရတော့ဘူးပေါ့။
DW ။ ကျေးဇူးတင်ပါတယ်။