BREAKING
April 7, 2025

ဘန်ကောက် အဆောက်အအုံပြိုကျမှုတွင် သေဆုံးသူများအတွက် နစ်နာကြေး ဘတ် ၂ သန်းအထိပေးမည်

April 7, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ငလျင်ဒဏ်ကြောင့် စာရင်းစစ်ချုပ်ရုံးပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့သော မြန်မာအပါအဝင် အလုပ်သမားများအတွက် နစ်နာကြေး ဘတ် ၂ သန်းအထိ ပေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နစ်နာကြေးများကို ထိုင်း၊ မြန်မာ၊ ရွှေ့ပြောင်းအလုပ်သမားဟု မခွဲခြားဘဲ တန်းတူပေးအပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Boonsong Thapchaiyuth က ကူညီရေးစင်တာသို့ ရောက်ရှိလာသည့်အချိန် ပြောကြားခဲ့ခြင်းဖြစ်သည်။

အသက်ဆုံးရှုံးသွားခဲ့သူများ၏ မိသားစုဝင်များက နစ်နာကြေးကို လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားချိန်မှစ၍ ၁၅ ရက်အတွင်း စိစစ်ပြီး ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောဆိုချက်ကို ဖော်ပြထားသည်။

နစ်နာကြေးသည် ဘတ် ၁ သန်းမှ ၂ သန်းအထိ ရှိမည်ဖြစ်ပြီး ပြိုကျမှုကြောင့် သေဆုံးသွားသော ရွှေ့ပြောင်းအလုပ်သမားများအတွက်လည်း ထိုင်းနိုင်ငံသားနှင့် တန်းတူ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။

အလုပ်သမားများ၏ နစ်နာကြေးများအား လူမှုဖူလုံရေးရန်ပုံငွေအောက်က ရရှိနိုင်ရေး အလုပ်ရှင်ဘက်က တာဝန်ယူလုပ်ဆောင်ပေးရမည်ဖြစ်ပြီး အတွင်းဝန်က ပြောသည်။

ဒဏ်ရာရရှိနေသော အလုပ်သမားများ၏ ဆေးကုသစရိတ်နှင့် နစ်နာကြေးများကို အလုပ်သမားဝန်ကြီးဌာနဘက်က လူမှုဖူလုံရေးရုံးနှင့် ပူးပေါင်း၍ တာဝန်ယူပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လူမှုဖူလုံရေးရန်ပုံငွေအောက်က အလုပ်သမားများသည် ငလျင်ကြောင့် အလုပ်လက်မဲ့ဖြစ်မှုအတွက် လုပ်အားခ တစ်လလျှင် ဘတ် ၇၅၀၀ ဖြင့် အနည်းဆုံး ၆ လအထိ ခံစားခွင့်ရှိကြောင်း ဆိုသည်။

လက်ရှိတွင် ငလျင်ကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်ကို အလုပ်သမားဝန်ကြီးဌာနက တွက်ချက်နေဆဲဖြစ်ပြီး မနက်ဖြန် ဧပြီလ ၈ ရက်နေ့တွင် သိရမည်ဖြစ်ကြောင်း အတွင်းဝန်က ပြောသည်။

လက်ရှိအချိန်အထိ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၁၈ ဦး ရှိလာပြီး ဒဏ်ရာရရှိသူ ၉ ဦးနှင့် ပျောက်ဆုံးနေသူ ၇၆ ဦးရှိနေဆဲဖြစ်သည်။

ဘတ် ၂ သန်းသည် မြန်မာငွေ ကျပ်သိန်းပေါင်း ၂၄၀၀ ကျော်ရှိသည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့မှုများအတွက် တစ်ဦးလျှင် ကျပ် ဆယ်သိန်းစီ ထောက်ပံ့ပေးအပ်သွားမည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၅ ရက်နေ့က ပြောကြားထားသည်။

Ref: The Thaiger, The Nation Thailand