BREAKING
April 14, 2025

အရေးပေါ်ဆေးရုံဖွင့်ရန် အမေရိကန်နှင့် ကနေဒါ ဆေးပညာရှင်များ မြန်မာနိုင်ငံရောက်ရှိ

April 7, 2025

အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံက ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ပညာရှင်များပါသော ဆေးပညာအဖွဲ့များ အရေးပေါ်ဆေးရုံဖွင့်၍ မြန်မာငလျင်ဘေးသင့် ပြည်သူများကို ကူညီရေးအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

ဧပြီလ ၅ ရက် စနေနေ့က ဆေးအဖွဲ့များပါဝင်သော ခရစ်ယာန် Samaritan’s Purse အဖွဲ့၏လေယာဉ်သည် မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာပြီဖြစ်ပြီး အရေးပေါ်ကွင်းဆင်းဆေးရုံကို ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

ဆေးအဖွဲ့နှင့် အရေးပေါ်ဆေးရုံသည် ခရစ်ယာန် Samaritan’s Purse အဖွဲ့ကဖြစ်ပြီး နေပြည်တော်အားကစားရုံ အပြင်ဘက်တွင် ရွက်ဖျင်တဲများဖြင့် ငလျင်ကြောင့် ဒဏ်ရာရပြည်သူများကို အမြန်ဆုံးကုသမှုပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ဆေးအဖွဲ့ရောက်ရှိလာသောအချိန်တွင် နေပြည်တော်အားကစားရုံထဲတွင် ဒဏ်ရာရလူနာ ၁၀၀ နီးပါး ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေသည်ကို တွေ့ရကြောင်း ပုံနှင့်အတူ ထုတ်ပြန်သည်။

အရေးပေါ်ကုသရေးဆေးရုံထဲတွင် ခွဲစိတ်ခန်းနှစ်ခန်းနှင့်အတူ အရေးပေါ်ဆောင်၊ လူနာဆောင်၊ ဓါတ်ခွဲခန်းနှင့် ဆေးပေးခန်းများလည်း ပါဝင်သည်။

ယခုဆိုက်ရောက်လာသော လေယာဉ်သည် မတ်လ ၃၁ ရက်နေ့က အမေရိကမှ စတင်ထွက်ခွာလာခဲ့ပြီး ကနေဒါနိုင်ငံရှိ ရုံးတွင် အရေးပေါ်ကုသရေးဆေးရုံကို တင်ဆောင်၍ ထပ်မံထွက်ခွာလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပထမအသုတ်အနေဖြင့် ဆရာဝန်နှင့် သူနာပြုများအပါအဝင် အရေးပေါ်တုံ့ပြန်ရေးဝန်ထမ်း (DART) ၂၅ ဦး လိုက်ပါလာကြောင်း သိရသည်။

အရေးပေါ်ဆေးရုံသုံးပစ္စည်းများ၊ ရေသန့်စက်များ၊ အရေးပေါ်ခိုလှုံရေးပစ္စည်းများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ ဆိုလာပြား၊ စောင်၊ ခြင်ထောင်စသော တန်ချိန် ၁၀၀ ကျော်ပါသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်လာသည့် နောက်ထပ် လေယာဉ်တစ်စီးလည်း အမေရိကန်ပြည်ထောင်စုက ထပ်မံထွက်ခွာလာပြီဖြစ်ကြောင်း ဖော်ပြထားသည်။

Samaritan’s Purse သည် မြန်မာနိုင်ငံနှင့်အတူ နှစ် ၃၀ ကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၀၈ နာဂစ်မုန်တိုင်းဘေးဒဏ် ကျရောက်ခဲ့သောအချိန်တွင်လည်း ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သည်။