မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၇.၇ ငလျင်ကြောင့် အခုဆိုရင် သေဆုံးသူ ၂၈၀၀ ကျော်ရှိပြီလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါနဲ့ တဆက်တည်းဆိုသလို ခေါင်းထဲမှာ တွေးစရာတွေ၊ ရေးစရာတွေ အများကြီး ပေါ်လာပါတယ်။ ယိုယွင်းပျက်စီးတတ်သော သဘောရှိတဲ့ သဘာဝတရားကြီးကို ဘယ်သူမှ ကြိုမသိနိုင်၊ မတားဆီးနိုင်ပါဘူး။ ဒါပေမယ့် အထိအခိုက်အနည်းဆုံးဖြစ်အောင်တော့ လူသားတွေဟာ ကြံဆောင်လုပ်ကိုင်လို့ ရပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ နိုင်ငံကို အုပ်ချုပ်သူ (သို့မဟုတ်) စီမံခန့်ခွဲသူတွေဟာ ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် အမြဲကြံဆောင်ကြပါတယ်။ အဲဒီလို ကြံဆောင်တဲ့နေရာမှာ –
(၁) ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု (Preaction)
( ၂ ) တုံ့ပြန်ဆောင်ရွက်မှု (Reaction)
(၃) သုတေသနနဲ့ သင်ခန်းစာထုတ်ယူမှု (Research and Lesson Learning)
ဆိုပြီး အပိုင်းသုံးပိုင်း ရှိတာကို ခွဲခြားပြီး ကြည့်နိုင်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေကနေ ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်ဖို့အတွက် ဒီအပိုင်းသုံးပိုင်းစလုံးကို အစိုးရဘက်က ထိရောက်မှုရှိရှိ အကောင်အထည်ဖော်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု (Preaction)
ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း (Preaction) ဆိုတဲ့ အပိုင်းမှာ အကယ်၍ သဘာဝဘေးတခုခုဖြစ်လာခဲ့ရင် အရေးပေါ်သုံးစွဲဖို့ ဘတ်ဂျက်လျာထားမှု (Budgeting)၊ ရှာဖွေကယ်ဆယ်မှုတွေအတွက် လေ့ကျင့်မှု (Search and Rescue Training)ဆိုပြီး ပါဝင်ပါတယ်။ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု(Preaction)ကို ကောင်းကောင်းလုပ်ထားမှပဲ သဘာဝဘေးအန္တရာယ်ပေါ်ပေါက်လာပြီးနောက် တုံ့ပြန်ဆောင်ရွက်မှု (Reaction)ကို ဆောင်ရွက်ချိန်မှာ ထိရောက်မှု ရှိမှာ ဖြစ်ပါတယ်။ ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
NLD အစိုးရလက်ထက်က နိုင်ငံမှာ ဘေးအန္တရာယ်ဒုက္ခကြုံတွေ့ခဲ့ရင် အရေးပေါ်သုံးစွဲဖို့ လျာထားတဲ့ နိုင်ငံတော်ဘတ်ဂျက် ကျပ်ဘီလီယံ ၄၀၀ ကို အာဏာသိမ်းစစ်ကောင်စီက ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေဆီ ချေးငွေအနေနဲ့ ထုတ်ပေးခဲ့တယ်လို့သိရပါတယ်။ ဒါ့ကြောင့် တကယ့်ဘေးအန္တရာယ်နဲ့ ဒုတ်ဒုတ်ထိ ကြုံတွေ့ရတဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိ အရူးမီးဝိုင်းပြီး သူ ငွေထုတ်ချေးထားတဲ့ ခရိုနီတွေဆီမှာပဲ လည်ပင်းညှစ်ပြန်အလှူခံခဲ့ပါတယ်။
ဒါတင်မကပါဘူး။ စစ်ကောင်စီဟာ စက်မှုဇုန်တွေမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းကြီးလုပ်ကိုင်နေသူတွေအပေါ်လည်း တန်ဖိုးတခု သတ်မှတ်ပြီး မဖြစ်မနေထည့်သွင်းရတဲ့ အလှူခံစနစ်ကြီးကို ဖန်တီးခဲ့ပါသေးတယ်။
နိုင်ငံတကာကို မျက်နှာငယ်နဲ့ အကူအညီတောင်းခဲ့ရတာတွေကလည်း အရေးပေါ် ရံပုံငွေ မရှိခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်ကြောင့်ပါပဲ။ နိုင်ငံမှာ သဘာဝဘေးအန္တရာယ်တစ်ခု ကြုံတွေ့လာရပြီဆိုရင် ကြက်ခြေနီ ၊ အရံမီးသတ်တပ်ဖွဲ့ကအစ စစ်တပ်အဆုံး – သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ကူညီကယ်ဆယ်မှုတွေလုပ်ဖို့အတွက် လေ့ကျင့်ခြင်း (Search and Rescue Training) ဆိုတဲ့အပိုင်းမှာ မဖြစ်မနေပါဝင်ရပါတယ်။
ဒီနေရာမှာ ကျွန်တော် မြန်မာစစ်တပ်ကိုပဲ ဦးတည်ပြီး ပြောပါမယ်။ ကမ္ဘာပေါ်က ပရော်ဖက်ရှင်နယ် စစ်တပ်တိုင်းဟာ စစ်တိုက်တတ်ဖို့ တခုတည်း လေ့ကျင့်ရတာ မဟုတ်ပါဘူး။ တိုင်းပြည်မှာ အရေးပေါ် ဘေးဒုက္ခပေါ်ပေါက်လာရင် လူသားချင်းစာနာမှုကူညီကယ်ဆယ်ရေး တာဝန် (Humanitarian Mission) တွေအတွက်လည်း အမြဲလေ့ကျင့်နေရတာ ဖြစ်ပါတယ်။
ASEAN ဒေသတွင်းနိုင်ငံတွေထဲက အနီးဆုံး ထိုင်းနိုင်ငံကိုပဲ လေ့လာကြည့်ပါ။ ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံမှာ ရေဘေးဒုက္ခတွေ့ချိန်မှာ ထိုင်းစစ်တပ်ဟာ ခေတ်မီပစ္စည်းကိရိယာတွေ၊ ဟယ်လီကော်ပတာတွေနဲ့အတူ Airlifting Search and Rescue Mission လို့ ဆိုနိုင်တဲ့ ကူညီကယ်ဆယ်ရေးမစ်ရှင်တွေ ဆောင်ရွက်ပြီး ထိုင်းပြည်သူတွေကို ကယ်ဆယ်ခဲ့တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။
သေနတ်ပစ်တတ်ရုံ၊ ဗုံးကြဲတတ်ရုံနဲ့ လက်နက်အားကိုး အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကတော့ တိုင်းပြည်ဘေးဒုက္ခတွေ့ချိန်မှာ အယောင်ပြ ဝါဒဖြန့်တာကလွဲရင် ထိရောက်တဲ့ ကူညီကယ်ဆယ်မှု လုပ်တာမျိုးကို တသက်မှာ တခါမှ မမြင်ဖူးပါဘူး။ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးမစ်ရှင် (Humanitarian Mission) တွေအတွက် လေ့ကျင့်ခြင်း ဆိုတာမျိုးကရော မြန်မာစစ်တပ်မှာ ရှိပါ့မလား။
နိုင်ငံတကာကြက်ခြေနီအဖွဲ့တွေ၊ နိုင်ငံတကာစစ်တပ်တွေက ကူညီကယ်ဆယ်ရေး မစ်ရှင်အမျိုးမျိုးနဲ့ ကိုယ့်တိုင်းပြည်ထဲကို ဝင်ရောက်ကူညီပေးနေချိန်မှာ မြန်မာစစ်တပ်လုပ်နေတာတွေ ရှိပါတယ်။ အဲဒါကတော့ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တာ ၊ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးတာကို အရှိန်မပျက် လုပ်ဆောင်နေခဲ့တာပါပဲ။ မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်တွေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမီဒီယာတွေကလည်း နှာခေါင်းရှုံ့ဖော်ပြနေကြပါတယ်။
တုံ့ပြန်ဆောင်ရွက်မှု (Reaction)
တုံ့ပြန်ဆောင်ရွက်မှုဆိုတဲ့ အပိုင်းမှာ ပထမဦးဆုံး အရေးကြီးဆုံးကတော့ လိုအပ်တဲ့ သတင်းအချက်အလက်ကို အများပြည်သူ သိရှိအောင် ဖြန့်ဝေခြင်း (Information Awareness) ပဲ ဖြစ်ပါတယ်။ ဒီငလျင်ဘေးမှာလည်း စစ်ကောင်စီဟာ ရှေ့က နောင်တော်အာဏာရှင်များနည်းတူ ထစ်ခနဲဆို သတင်းအမှောင်ချဖို့ပဲ တွေးတာမို့ တကယ့်ကို ဝမ်းနည်းစိတ်ပျက်ဖွယ်ရာ အတိဒုက္ခရောက်ခဲ့ရတာကို တွေ့ရပါတယ်။
နိုင်ငံတကာမီဒီယာတွေကို ငလျင်ဘေးသင့်နေရာတွေဆီ မြေပြင်ဆင်းသတင်းယူခွင့်မပေးတာကို ကြည့်ရုံနဲ့ စစ်ကောင်စီဟာ နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေကို သတင်းအမှောင်ချဖို့ ကြိုးစားနေတယ်ဆိုတာက အထင်အရှားပါပဲ။
လက်ရှိအချိန်ထိ သေဆုံးသူဦးရေဟာ ၂၈၀၀ လောက်ပဲ ရှိသေးတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ အမေရိကန်နိုင်ငံက ဘူမိဗေဒလေ့လာရေးအဖွဲ့ (U.S. Geological Survey) ကတော့ ဂြိုလ်တုဓါတ်ပုံတွေအရ မြန်မာပြည်သူ အနည်းဆုံး တစ်သောင်းကနေ အများဆုံး တစ်သိန်းအထိ ထိခိုက်သေဆုံးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
DVB Data Team ရဲ့ ဧပြီလ ၂ ရက်၊ မြန်မာစံတော်ချိန် ည ၈ နာရီထိ စာရင်းတွေအရ သေဆုံးသူဦးရေ ၃၈၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ နေရာတွေအတွက်တော့ သတင်းအချက်အလက် ရရှိမှု ဆိုးရွားတဲ့အပိုင်းနဲ့ ပတ်သက်ပြီး ထူးပြီးတော့ ပြောနေဖို့တောင် လိုမယ် မထင်ပါ။
ယုတ်စွအဆုံး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေပေါ်မှာတောင် Facebook, Instagram, Twitter (X) လို ဆိုရှယ်မီဒီယာတွေကို VPN ခံပြီးမှ သုံးရတဲ့အနေအထား ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာတောင် VPN တွေကို အမျိုးမျိုး ပိတ်ထားတာမို့ မြန်မာပြည်သူ ပြည်သားတွေကြားမှာ သတင်းစီးဆင်းမှုက တကယ်စံချိန်တင်လောက်အောင် နှေးကွေးနေခဲ့ပါတယ်။
ကူညီကယ်ဆယ်ရေးမစ်ရှင်တွေကလည်း အပေါ်မှာ ကျွန်တော် ပြောခဲ့သလိုမျိုး လေ့ကျင့်သားမဝတဲ့ စစ်သားတွေရဲ့ ‘မယောင်ရာ ဆီလူး’ ဘုရားပျက် အုတ်ပုံကြို အုတ်ပုံကြား Tik Tok ရိုက် ဟန်ပြလုပ်ခဲ့တာတွေပဲတွေ့ခဲ့ရပြီး ပြည်သူတွေကပဲ ကိုယ်ထူကိုယ်ထ ရုန်းကန်ခဲ့ရပါတယ်။ အရံမီးသတ်အဖွဲ့ဝင်တွေ၊ NGOs တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း (CSOs & CBOs) တွေနဲ့ နိုင်ငံတကာအကူအညီတွေသာ မပါရင် လက်ရှိကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဟာ အခုအနေအထားလောက်တောင် လည်ပတ်နိုင်မယ် မထင်ပါ။
ဒါ့အပြင် နိုင်ငံတကာအကူအညီတွေကိုလည်း စစ်ကောင်စီက လွတ်လပ်စွာ လည်ပတ်ခွင့်မပေးတာ၊ ဗျုရိုကရေစီကြိုးနီစနစ်နဲ့ သူတို့စေလွှတ်တဲ့ နေရာတွေကိုပဲ ကူညီကယ်ဆယ်ခိုင်းတာ၊ နိုင်ငံတကာဆီက ရရှိလာတဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာအကူအညီတွေကို ကြားထဲကနေ ဖြတ်ယူထားပြီး ကိုယ်ကျိုးရှာအသုံးပြုခဲ့တာတွေကလည်း ပြည်သူတွေရဲ့ အသက်ကို မလိုအပ်ဘဲ ဆုံးရှုံးစေခဲ့ပါတယ်။
စစ်ကိုင်းမြို့ပေါ်က ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူ ပရဟိတအဖွဲ့တွေကိုလည်း စစ်ကောင်စီလက်အောကခံ ပြည်သူ့စစ်တွေက ရန်လိုဖိနှိပ်မှုတွေ လုပ်နေကြောင်း ကြားသိရပါတယ်။ စစ်ကောင်စီရဲ့ ရေနစ်သူ ဝါးကူထိုးစိတ်ဓါတ်ကြောင့် ပြည်သူတွေဟာ မသေသင့်ဘဲ သေရတာမျိုး ဖြစ်နေပါတယ်။
သုတေသနနဲ့ သင်ခန်းစာထုတ်ယူမှု (Research and Lesson Learning)
နောက်ဆုံးအပိုင်းကတော့ သုတေသနနဲ့ သင်ခန်းစာထုတ်ယူမှု (Research and Lesson Learning) ဆိုတဲ့ အပိုင်းပါ။ ဖွံ့ဖြိုးပြီးနိုင်ငံအချို့မှာ ဆိုခဲ့ပါ သဘာဝဘေးဖြစ်စဉ်တွေကို ဆန်းစစ်လေ့လာပြီး အဖြေရှာတာ၊ သုတေသနတွေလုပ်တာ၊ နောက်ဖြစ်လာခဲ့ရင် ဘယ်လိုတုံ့ပြန်ကြမလဲ အစရှိတာတွေကို သင်ခန်းစာယူ (Lesson Learn) လုပ်တာမျိုးတွေအထိပါ လုပ်ကြပါတယ်။
မြန်မာပြည်ရဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ထဲက အစိုးရ စာရင်းစစ်ရုံး ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့ရာမှာ အဲဒီအဆောက်အအုံမှာ အသုံးပြုထားတဲ့ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ သံပင် အစရှိတာတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ဆန်းစစ်လေ့လာနေကြပါပြီ။ ဘာကြောင့်ပြိုတာလဲ၊ ဘယ်လိုပြိုတာလဲ၊ ဘာဆက်လုပ်မလဲဆိုတဲ့ မေးခွန်းတွေအတွက် သုတေသနတွေ လုပ်နေကြပါပြီ။
အဲဒီအဆောက်အအုံကို ဆောက်လုပ်ခွင့်ပေးတဲ့ မြို့တော်စည်ပင်ကအစ၊ ဆောက်လုပ်သူ ကန်ထရိုက်တာအဆုံး စုံစမ်းစစ်ဆေးရေးနဲ့အတူ တာဝန်ယူမှု ၊ တာဝန်ခံမှု အပိုင်း (Responsibility and Accountability) ကို ဆက်သွားနေကြပါပြီ။
ဂျပန်နိုင်ငံဟာ ငလျင်ကြောပေါ်တည်ရှိတဲ့နိုင်ငံမို့ အဆောက်အအုံတိုင်းကို ငလျင်ဒဏ်ခံစနစ်နဲ့ ဆောက်လုပ်ဖို့ အမြဲသုတေသနလုပ် ပြင်ဆင်ခဲ့ရာမှာ အခုဆိုရင် ငလျင်ကြောင့် ထိခိုက်နစ်နာမှုက အတော်လေး နည်းပါးသွားပြီ ဖြစ်ပါတယ်။
ဒါနဲ့ နှိုင်းယှဉ်ပြီး ဥပမာဆွဲထုတ်ရရင် မန္တလေးမြို့မှာ Sky Villa ကွန်ဒိုပြိုကျခဲ့တဲ့ ဖြစ်ရပ်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတခုမှာသာဆိုရင် သေချာပေါက် အရေးယူခြင်းခံရမဲ့ အရေးကိစ္စပဲ ဖြစ်ပါတယ်။
အခုတော့ အဲ့ဒီ Sky Villa ကွန်ဒိုရဲ့ Facebook page နဲ့ ကွန်ဒိုကို ဆောက်လုပ်ခဲ့တဲ့ ကန်ထရိုက်တာကုမ္ပဏီရဲ့ Facebook page ကိုလည်း အွန်လိုင်းမှာ ရှာလို့မတွေ့တော့ပါဘူး။ တကယ်တမ်းမှာ ဒီကွန်ဒိုကို ဆောက်လုပ်ခွင့်ပေးခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး မြို့တော်စည်ပင်အပါအဝင်၊ အဆောက်အအုံဆောက်လုပ်သူကန်ထရိုက်တာ၊ QC အဖွဲ့ ၊ Consultant နဲ့ ကွန်ဒိုတာဝန်ခံ အပါအဝင် သက်ဆိုင်သူ အားလုံးဟာ ပြည်သူကို တာဝန်ခံရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ တရားဥပဒေစိုးမိုးမှုမရှိဘဲ အဂတိပေါင်း သောင်းခြောက်ထောင်နဲ့ အကျင့်ပျက်ခြစား ယိုယွင်းနေတဲ့ စစ်ကောင်စီလက်ထက်မှာတော့ ကျွန်တော်တို့ ပြည်သူများရဲ့ အသက်ဟာ အင်မတန်ကိုပဲ ဈေးပေါခဲ့ရပါတယ်။ ဒါကို အရေးယူမယ့် အရေးယူမဲ့ Mechanism မျိုးလည်း မြင်ရမဲ့ပုံ မပေါ်ပါဘူး။
အချုပ်အားဖြင့်ဆိုရရင်တော့ မဂ္ဂနီကျု ၇.၇ ပြင်းအားရှိ ငလျင်သဘာဝဘေးအပေါ် စစ်ကောင်စီရဲ့ ကြိုတင်ပြင်ဆင်ပုံတွေနဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေဟာ အင်မတန်ဆိုးရွားတာကို မြင်တွေ့ခဲ့ရပါတယ်။
နိုင်ငံတကာမျက်နှာစာမှာ တရားဝင်မှု(Legitamacy) ရဖို့ကို အမဲလိုက်သလို အသည်းအသန် ငမ်းငမ်းတက် ရှာဖွေနေတဲ့ စစ်ကောင်စီကတော့ ငလျင်ဘေးကြောင့် ထိခိုက်နစ်နာသူ ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ထက် နိုင်ငံတကာမှာ ဘယ်လောက်ထိ သူဝင်ဆန့်ခဲ့လဲဆိုတာကို ဝါဒဖြန့်ဖို့ပဲ ဦးတည်လုပ်ကိုင်နေတာ တွေ့ခဲ့ရပါတယ်။ ဒါဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ငလျင်ဘေးအပေါ် မင်းဆိုးမင်းညစ်ဘေး အမွှာထပ်ဆင့်လိုက်တာပဲ ဖြစ်တယ်ဆိုတာပါပဲ။
ကျော်မြိုင်လှ