BREAKING
November 21, 2024

ဒီသင်္ကြန် ထားဝယ်သားတွေ အိမ်မပြန်နိုင်တော့ပါ

April 7, 2024

ပုံစာ - ထိုင်းနိုင်ငံ ရနောင်းကမ်းမှ ကော့သောင်းကမ်းကို လှမ်းမျှော်ကြည့်နေသည့် ထားဝယ်သူတစ်ဦး

နှစ်သစ်ကူးတဲ့ သင်္ကြန်ကာလမျိုးမှာ မွေးရပ်မြေနဲ့အဝေးမှာ ရောက်နေတဲ့ ထားဝယ်သားတွေဟာ အိမ်လွမ်းစိတ်နဲ့ အိမ်ပြန်လာလေ့ရှိ ကြပါတယ်။

နွေးထွေးတဲ့ မိသားစု၊ ချစ်ခင်ရတဲ့ သူငယ်ချင်းမိတ်ဆွေနဲ့တွေ့ဆုံဖို့၊ ရိုးရာသင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်အတူတကြွဖြတ်သန်း ကြဖို့၊ နှစ်ဟောင်းမှာ ပင်ပန်းတာတွေ ဖြေဖျောက်ပြီး နှစ်သစ်အတွက် ခွန်အားတွေပြန်မွေးဖို့ အိမ်ပြန်လာလေ့ရှိကြတာပါ။

ဒါပေမဲ့ အာဏာသိမ်းကာလမှာ အိမ်ပြန်ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ လက်နက်ကိုင်ပဋိပက္ခတွေကြားထဲမှ မိသားစုတွေ သေကွဲ ရှင်ကွဲ ကွဲကြရတာတွေ ရှိသလို၊ တချို့တွေ နေအိမ်တွေမီးထဲပါသွားလို့ ပြန်စရာ အိမ်မရှိသူတွေလည်းရှိပါတယ်။ စစ်ဘေးတွေ ရှောင်ရင်း အိမ်မပြန်နိုင်သူတွေလည်းရှိပါတယ်။

ဒီလိုအခြေအနေမျိုးမှာ စစ်ကောင်စီက လူငယ်တွေကို စစ်မှုမဖြစ်မနေထမ်းခိုင်းနေတာကြောင့်လည်း ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေကြရတယ်။ ဇာတိမြေမှာ နေထိုင်နေတဲ့သူတွေပင် ထွက်ပေးနေရတဲ့ ကာလမျိုးမှာ အဝေးရောက် ထားဝယ်သား တွေလည်း အိမ်မပြန်နိုင်တော့တဲ့ အခြေအနေကြုံနေရပါတယ်။

ဒါကြောင့် ဒီလိုအခြေအနေတွေကို သိရှိနိုင်စေဖို့ အခုတစ်ပတ် တနင်္သာရီပုံရိပ်အစီအစဉ်မှာ ဖော်ပြပေးလိုက်ပါတယ်။

“ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာချင်တာတောင် အချိန်မရွေး ပြန်လို့မရတဲ့ အခြေအနေဖြစ်သွားပြီ”

မလေးရှားနိုင်ငံရောက် ထားဝယ်သား ကိုမင်းရှိန်

DW ။ ဒီနှစ်သင်္ကြန် အိမ်ပြန်ဖြစ်မှာလား။

ဖြေ ။ ပြန်မယ့်အစီအစဉ်ရှိရင် အခုချိန်ဆို (ထားဝယ်) ရောက်နေပြီပေါ့။ ဘာလို့အခုချိန်အထိ ဒီမှာနေနေမှာလဲ။ အခုလောက်ဆို မိသားစုနဲ့ ဘုရားတွေတောင် လိုက်ဖူးပြီးပြီဖြစ်မယ်။

DW ။ ဘာလို့ မပြန်ဖြစ်တာလဲ။ အရင်တုန်းက ပြန်ရင် သင်္ကြန်အချိန်ပြန်လေ့ရှိလား။

ဖြေ ။ သင်္ကြန်မှာပြန်ဖြစ်တာပဲများတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သင်္ကြန်က တခြားဘယ်နေရာနဲ့မှ မတူဘူး။ မလေးရှားမှာဆို ပီနန်(မြို့) သင်္ကြန်အရမ်းစည်တယ်။ ဒါပေမဲ့ မတူဘူး။ ပိတောက်ပန်းတွေဆိုအတုဗျာ။ ပြီးတော့ ထားဝယ်မှာလိုမျိုး မုန့်ဆီထိုးခွား (မုန့်ဆီကြော်) တို့ သိတယ်မလား၊ မုန့်ဆီပြားတို့၊ ရေဇီမှန်း (သင်္ကြန်ထမင်း) တို့ မစားရဘူးလေ။ သင်္ကြန်နဲ့တူအောင် ဖန်တီးထားတာပဲရှိတာ။ ဒါပေမဲ့ မရှိတာထက်စာရင်တော့ အရမ်းကောင်းတာပေါ့။ ကျွန်တော်က ရေဇီမှန်းကြိုက်တဲ့သူဆိုတော့ ငပိကြော်လေးနဲ့ စားရတာကိုသူက။ မွှေးမွှေးလေးနဲ့။ အဲဒါကြောင့် သုံးလေးနှစ်တစ်ခါ ပြန်ဖြစ်ရင် သင်္ကြန်ပဲပြန်လေ့ရှိတယ်။

ဒီနှစ်မပြန်ဖြစ်တာကလား။ ပြန်ဖို့နေနေသာသာ ဒီမှာ အိမ်ကနေရောက်နေတဲ့သူ ကိုယ့်ညီပေါ့ပြောရမယ်ဆိုရင်၊ မိန်းမဘက်က သူတို့တွေတောင် အဲဒီမှာနေမရလို့ ဒီကိုပြေးလာကြတာ။ အဲဒီမှာ စစ်မှုထမ်းရမယ်ဆိုတော့ သူတို့ပြေးလာကြတာ။ အခုဒီမှာ သောင်တင်နေကြတယ် သုံးယောက်။ အလုပ်လည်း မရသေးဘူး။ သူများတွေက ထွက်ပြေးလာနေတဲ့အချိန် ရွာပြန်ပြီး ကိုယ်ကဘာသွားလုပ်မှာလဲ။

DW ။ နောက်ဆုံးတစ်ခေါက် ဘယ်အချိန်က ပြန်ဖြစ်လဲ။

ဖြေ ။ နောက်ဆုံးတစ်ခေါက်ကလား ကိုဗစ်မဖြစ်ခင် ၂၀၁၈ တုန်းက။ နေရာစုံက သူငယ်ချင်းတွေ တိုင်ပင်ပြီး အားလုံးပြန်ကြတာ။ ထိုင်းကကောင်တွေလည်းပြန်၊ မလေးကကောင်တွေလည်းပြန်။ အဲဒီတုန်းကတော့ပျော်စရာကြီး။ လူစုံတက်စုံကိုး။ သင်္ကြန်မှာ တီးဝိုင်းနဲ့ကျကျနန စတိတ်ရှိုးပါ လုပ်လိုက်သေးတယ်။

DW ။ အခုချိန် သင်္ကြန်မပြန်ရတော့ စိတ်ထဲဘယ်လိုခံစားရလဲ။

ဖြေ ။ ကိုယ့်တိုင်းပြည်အခြေအနေကြည့်ပြီး ဝမ်းနည်းတာပေါ့။ ကျွန်တော်က ၂၀၁၈ တစ်ခါပြန်ပြီးကတည်းက နောက်ထပ် ငါးနှစ်လောက် ဒီမှာပြန်လုပ်ပြီးရင် ရွာကိုအပြီးပြန်နေမယ်လို့ စိတ်ကူးထားတာ။ အခုကတော့ အားလုံး သဲထဲရေသွန်ဖြစ်သွားပြီ။ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာချင်တာတောင် အချိန်မရွေး ပြန်လို့မရတဲ့ အခြေအနေဖြစ်သွားပြီ။ တော်တော်လေး စိတ်မကောင်းဖြစ်တယ်။ ရွာကသတင်းတွေကလည်း ပြေးနေရ၊ လွှားနေရတာပဲကြားနေရတာပဲ။ ဟို့နေ့ကတောင် အမေနဲ့ဖုန်းပြောလို့ အိမ်နားမှာတောင် လူမရှိတဲ့အိမ်တွေချည်းပဲတဲ့။ တစ်အိမ်လုံး၊ တစ်အိမ်လုံး ထိုင်းကို ပြောင်းနေကြတယ်တဲ့။ မလေးရှားမှာ သူ့ နိုင်ငံသားတွေ လွတ်လွတ်လပ်လပ် သွားလာနေတာမြင်ရရင် ကိုယ့်မြန်မာပြည်ကအခြေအနေကို ပိုပြီးစိတ်မကောင်းဖြစ်မိတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“သူငယ်ချင်းတွေ ဆုံကြတာက သင်္ကြန်ပဲရှိတယ်လေ… အခုအဲဒီလို မဆုံရတာ ၄ နှစ်လောက်ရှိပြီဆိုတော့ ပြန်ချင်ပြီ”

ထိုင်းနိုင်ငံရောက် ထားဝယ်ဒေသခံအမျိုးသမီးတစ်ဦး

DW ။ ဒီနှစ် သင်္ကြန်အိမ်ပြန်ဖို့ စိတ်ကူးရှိလား။ ဘာလုပ်ဖို့ စိတ်ကူးထားလဲ။

ဖြေ ။ ဝေး ဘယ်လိုပြန်မလဲကွယ်။ ကတ်သီးကတ်သတ်တွေ လာမေးနေပြန်ပြီ။ အဖ (စစ်သား) တွေက ရွာမှာ နေရာယူနေတာကို။ ဒီဘန်ကောက်မှာပဲ သင်္ကြန်ဖြစ်သွားပြန်ပြီပေါ့။ ဒီနှစ်ကတော့ ဘယ်မှ မလည်ဘူး။ အိမ်မှာပဲနေမယ်။ အေးအေးဆေးဆေး အိမ်မှာပဲ ထိုင်ပြီးစား အိပ်ပြီးနေတော့မယ်။ ထိုင်းမှာ သင်္ကြန်ကျရတာ ပျင်းဖို့ကောင်းတယ်။

DW ။ အရင်တုန်းက သင်္ကြန်ဆို အိမ်ပြန်နေကျဆိုတော့ ဘယ်လို ပြန်ဖြစ်လေ့ရှိလဲ။

ဖြေ ။ နောက်ဆုံးပြန်ဖြစ်တာ ကိုဗစ်မတိုင်ခင် ၂၀၁၉ ပဲ။ ငယ်ငယ်ကတည်းက ပြန်နေကြ။ ပုံမှန် သင်္ကြန်ပဲပြန်လေ့ရှိတယ်။ တစ်နှစ်တစ်ခေါက်ပြန်လေ့ရှိတယ်ဆိုတော့ အခေါက် ၂၀ ကျော်လောက် ရှိနေပြီပေါ့။ လူကြီးဖြစ်လာတော့ အမြဲတမ်းပြန် ဖြစ်တယ်။ သင်္ကြန်လည်းပြန် နှစ်သစ်ကူးလည်းပြန်။ ပုံမှန်အားဖြင့် အိမ်ကလူတွေနဲ့ စုပြန်ကြတာက သင်္ကြန်ကာလပဲ ရှိတယ်လေ။ ထီးခီး(လမ်း)လည်း မဖွင့်ခင်တုန်းကဆို ဘုရားသုံးဆူလမ်းက ပြန်ဖြစ်တယ်။ ထီးခီးလမ်းဖွင့်ပြီးနောက်ပိုင်းတော့ ထီးခီးလမ်းကပဲ ပြန်ဖြစ်တယ်။ လေယာဉ်နဲ့ ပြန်တဲ့သူတွေက ရှားတယ်။ နှစ်ဆင့်စီးနေရတာကိုး။

DW ။ အရင်တုန်းက သင်္ကြန် အိမ်ပြန်ပြီး ဘာတွေလုပ်ဖြစ်လေ့ရှိလဲ။

ဖြေ ။ သွားပြီးတော့ သူငယ်ချင်းတွေနဲ့ လည်တယ်၊ သွားတယ်၊ ရေကစားတယ်၊ တစ်နေကုန်ပဲ။ မောင်းမကန်(ကမ်း‌ခြေ)တွေ သွားတယ်။ စားသောက်တယ်။ မုန့်တွေ လုပ်စားတယ်။ ညအထိ ရေကစားတယ်။ သူငယ်ချင်းတွေနဲ့ ဘယ်လောက်ပျော်ဖို့ ကောင်းလဲ။

DW ။ အိမ်ပြန်စရိတ်ဆို ဘယ်လောက် ကုန်ကျခဲ့လဲ။

ဖြေ ။ ဒီဘန်ကောက်ကနေ ထားဝယ်က အိမ်အထိဆို တစ်ကြောင်းကို (ဘတ်) ၁၅၀၀ လောက်ပဲကုန်တယ်။ အသွားအပြန်တော့ (ဘတ်) ၃၀၀၀ လောက်ပေါ့။ ငါတို့ ထီးခီးလမ်းက သွားရင် အလယ်မှာ ထမင်းတောင် အလကားစားရတယ်။ အိမ်အထိ အရောက်ပို့ပေးတာ။ အဲဒါတောင် ငါတို့က သွားနေကြဆို ဈေးဆစ်လိုက်သေးတယ်။ (ဘတ်) ၁၂၀၀ နဲ့ ထားပေးတို့ဘာတို့။ RE-ENTRY တုံးထုခတော့ အရင်က (ဘတ်) ၁၀၀၀ လောက်ပေါ့။ အခုက free တွေ ပေးထားပြီ။

DW ။ အရင်တုန်းက ဒီလိုသင်္ကြန်ရောက်တဲ့အချိန် ထိုင်းက မြန်မာတွေ ဘယ်လိုပြန်ကြလေ့ရှိလဲ။

ဖြေ ။ ကားနဲ့ ပြန်ကြတဲ့သူတွေများတယ်။ ထိုင်းက မြန်မာတွေက လေယာဉ်လမ်းကြောင်းက ပြန်ကြတာ နည်းတယ်။ တော်တော်များများက နယ်စပ်ကနေပဲ့ တုံးထုပြီး သွားကြတာများတယ်။ ဘုရားသုံးဆူနယ်စပ်၊ မြဝတီနယ်စပ်၊ မောတောင်နယ်စပ်၊ ရနောင်းနယ်စပ်ကနေ ပြန်ကြတာ။ ကားတွေဆို တန်းစီနေတာပဲ။ သင်္ကြန်ဆို ပွဲတော်လိုပဲ လမ်းတွေမှာ ပြန်နေကြတာ။ ပုံမှန် ၁၀ ရက်နေ့ဆို စပြီး ပြန်နေကြပြီ။ ၉ ရက်နေ့ ၁၀ ရက်နေ့ဆို ပုံမှန်ပြန်ကြတယ်။ ကားတစ်စီးမှာဆို တိုးပြီး ပြန်ဆင်းရတာ။ အချို့ကားတွေဆို တစ်နေ့ နှစ်ခေါက်ပြေးကြတယ်။ မနက်စောစော ညနေ တစ်ခေါက် ပြေးဆွဲကြတာ။ အထုပ်ကြီး အထုပ်ငယ်တွေနဲ့။ ကန်တော့ဖို့ ပစ္စည်းတွေ၊ သူများကို လက်ဆောင်ပေးဖို့ ပစ္စည်းတွေနဲ့ ရှုပ်ယှက်ခတ်နေကြတာ။ ဆိုင်ကယ်တွေလည်း သယ်ကြတာပဲ။ အကုန်လုံးက ပျော်နေကြတာ။

DW ။ အခုကရော ပတ်ဝန်းကျင်မှာ ပြန်ဖို့ ပြင်ဆင်နေတာမျိုးရှိလား။

ဖြေ ။ ဘယ်သူမှ ပြန်ဖို့ မရှိကြဘူး။ အလကားပြန်ခိုင်းမယ်ဆိုရင်တောင် ပြန်ကြမှာ မဟုတ်ဘူး။ ဘယ်လိုပြန်ကြမလဲပေါ့။ (မြန်မာနိုင်ငံကနေထွက်ဖို့) လာဖို့လမ်းတောင် ဘယ်လိုလာရမလဲ မနည်း ရှာနေကြတာ။

DW ။ အခု အိမ်ပြန်လို့မရဘူးဆိုတော့ ဘယ်လိုခံစားရလဲ။

ဖြေ ။ သတိရတာပေါ့။ သုံးလေးနှစ်တောင်ဖြစ်နေပြီထင်။ မပြန်ရတာ။ ပုံမှန်နှစ်တိုင်း၊ နှစ်တိုင်းပြန်နေရတာကို နားလိုက်ရတာပေါ့။ သူငယ်ချင်းတွေနဲ့လည်း မဆုံရတာတောင်ကြာပြီ။ ပုံမှန်ဆို နှစ်တိုင်း သူငယ်ချင်းတွေ ဆုံကြတာက သင်္ကြန်ပဲရှိတယ်လေ ငါတို့ရွာဘက်မှာက။ အခု အဲဒီလို မဆုံရတာ ၄ နှစ်လောက်ရှိပြီဆိုတော့ ပြန်ချင်ပြီ။

DW ။ ကျေးဇူးတင်ပါတယ်။

“နိုင်ငံထဲမှာ ရှိတဲ့သူတွေတောင် ဘယ်လိုထွက်လာရမလဲ စဉ်းစားနေကြတဲ့အချိန်မှာ ဘယ်လို ပြန်ဖို့စိတ်ကူးမလဲ”

ထိုင်းနိုင်ငံ ကော့ဖီဖီကျွန်းရောက် ညောပြင်သားတစ်ဦး

DW ။ ဒီနှစ် သင်္ကြန်အိမ်ပြန်ဖို့ စိတ်ကူးရှိလား၊ ဘာလုပ်ဖို့ စိတ်ကူးထားလဲ။

ဖြေ ။ ဟော မရှိပါဘူး။ ပြန်ပြီး စစ်မှုထမ်းခိုင်းမလို့လား။ နိုင်ငံထဲမှာ ရှိတဲ့သူတွေတောင် ဘယ်လို ထွက်လာရမလဲ စဉ်းစားနေကြတဲ့အချိန်မှာ ဘယ်လို ပြန်ဖို့ စိတ်ကူးမလဲ။ ညောပြင်မှာကြည့် အိမ်တွေ မီးရှို့ခံရလို့ ပြန်ဖို့ အိမ်လည်း မရှိကြတော့။ ထိုင်းမှာ သင်္ကြန်ဆိုတာကလည်း ကျွန်တော်တို့ ကျွန်းတွေဆိုရင် အလုပ်မပိတ်ပါဘူး။ ပျော်ဖို့ စိတ်မကူးရဲသေးဘူး။ အလုပ်ထဲ လုပ်နေဦးမယ်ထင်တာပဲ။

DW ။ အရင်တုန်းက ဒီလိုသင်္ကြန်ရောက်တဲ့အချိန် ထိုင်းကလူတွေ ဘယ်လိုပြန်ကြလေ့ရှိလဲ။

ဖြေ ။ တချို့တလေကတော့ မဲဆောက်လမ်းကပြန်တယ်။ ထီးခီးလမ်းက ပြန်တယ်။ ရနောင်းလမ်းက ပြန်တယ်။ ကျွန်တော်တို့ ကျွန်းဘက်နေတဲ့သူတွေကျတော့ ရနောင်းလမ်းကပဲ ပြန်တာ များကြတယ်။ အဲဒီမှာ အချို့အလုပ်သမားတွေက ပြန်လို့ရပြီဆိုတာနဲ့တင် ပြန်နေကြပြီ။ အချို့တွေကျတော့လည်း အလုပ်က ခွင့်ရက်ရမှ ချိန်ပြီး ပြန်ကြတာမျိုး။ အပြီးပြန်ကျတဲ့သူတွေလည်း မြင်ဖူးတယ်။ နောက်ပိုင်း RE-ENTRY Free ဖြစ်လာတဲ့အချိန် ပြန်တဲ့သူတွေ ပိုများလာတယ်။ စက်ရုံတို့ဘာတို့ဆို အလုပ်ပိတ်ရက် ၁၅ ရက်ရကြတဲ့သူတွေရှိတယ်။ သူတို့ကျတော့ အထုပ်တွေပိုက်ပြီး ဒီအချိန်ဆို ကားတိုးစီးနေကြပြီ။ ဆိုင်ကယ်ရှိတဲ့သူတွေက ဆိုင်ကယ်နဲ့တောင် စီးသွားကြတာပဲ။ ရွာမှာဆိုရင် “ရှမ်းပြည်ပြန်” ဆိုပြီး ခေတ်စားနေတဲ့အချိန်ပေါ့။

DW ။ အရင်တုန်းက ပြန်ဖူးလား။ ပြန်ဖူးရင် အဲဒီတုန်းက ဘယ်လိုပြန်ခဲ့လဲ။

ဖြေ ။ အရင်က ၂၀၁၆ လောက်တုန်းက သင်္ကြန်မှာ အိမ်ပြန်ဖူးတယ်။ အဲဒီတုန်းက သင်္ကြန်ကာလ ၁၅ ရက်မှာ RE-ENTRY တုံးထုခ free တွေ မရှိသေးဘူး။ အခုနောက်ပိုင်းမှ ၁၅ ရက် free တွေလုပ်ပေးတာ။ ဒီအတိုင်း ရနောင်းလမ်းကနေ တုံးထုပြီး ကော့သောင်းကိုပဲ ပြန်ခဲ့တာ။ အဲဒီကနေ ညောပြင်အထိပဲ။ ကားနဲ့ပြန်ခဲ့တာ။ အိမ်မရောက်တာကြာပြီဆိုတော့လည်း အိမ်လွမ်းပြီး ပျော်ရင်း၊ အောက်မေ့ရင်း ပြန်ရလို့လားမသိဘူး။ အဲဒီအချိန်ကို မမေ့သေးဘူး။

DW ။ ပြန်ပြီး ရွာမှာ ဘာတွေလုပ်ကြလဲ။

ဖြေ ။ အဲဒီတုန်းက အိမ်ပြန်ပြီး ဘာလုပ်လဲဆိုတော့ ဘုန်းကြီးဝတ်တာပဲ။ သင်္ကြန်မှာ ရေကစားတာ ဘာညာမျိုးမလုပ်ခဲ့ရဘူး။ အိမ်က ဘိုးဘွားတွေက သင်္ကြန်မှာ အလှူလုပ်လို့ ဘုန်းကြီးဝင်ဝတ်တာပဲ။ ထိုင်းရောက်တာ ဒီနှစ်နဲ့ဆို ၁၅ နှစ်ရှိပြီ။ အဲဒီတစ်ခေါက်ပဲ သင်္ကြန်မှာ အိမ်ပြန်ဖူးတယ်။ နောက်ပိုင်း ပြန်ဖို့ စဉ်းစားထားတာကို ကိုဗစ်ဖြစ်လိုက် မအလ က အာဏာသိမ်းလိုက်တာ ဒီနေ့အထိပဲ မပြန်ရသေးဘူး။

DW ။ အခု အိမ်ပြန်လို့မရဘူးဆိုတော့ ဘယ်လိုခံစားရလဲ။

ဖြေ ။ အိမ်ပြန်ဖို့ဆိုတာကလည်း အိမ်မှာ ကိုယ့်မိသားစု လူစုံဦးမှ။ ရွာမှာ သူငယ်ချင်းတွေ လူစုံဦးမှ။ မဟုတ်ရင် ပြန်ပြီး ငုတ်တုတ်ထိုင်နေ မလို့လား။ အိမ်ပြန်ဖို့သွားတာ သူတို့ရှိနေမှလေ။ အခုက အိမ်မှာ မိသားစုက မစုံ။ သူငယ်ချင်းတွေကလည်း တစ်နေရာစီ။ အကုန်လုံးဆုံဖို့က ဒီနိုင်ငံရေးပြီးမှ ဖြစ်တော့မယ်။ အဲဒီတော့ နောက်နှစ်လောက်ဆို အကုန်ပြီးစီးသွားပြီးတော့ အိမ်ပြန်နိုင်ဖို့ပဲ့ ဆုတောင်းချင်တော့တယ်။ ဒီအခက်အခဲကာလကြီး မြန်မြန်ပြီးပါစေတော့ပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

“စစ်မှုထမ်းဥပဒေနဲ့အတူ ရောက်ရှိလာတော့မယ့်သင်္ကြန်ဟာ စိုးရိမ်သောကတွေ၊ ပူပန်မှုတွေ၊ တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် တူးပို့အသံတွေဟာ နေရာစုံမှာကြားရမှာ မဟုတ်ပါဘူး”

ဒေါင်းတို့အားမာန် သံချပ်အဖွဲ့ဝင်တစ်ဦး

DW ။ သင်္ကြန်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်ရှိလဲ။

ဖြေ ။ သင်္ကြန်နီးပြီဆိုရင် အိမ်ကအမေ ဈေးက ဝယ်လာတဲ့ သင်္ကြန်မင်းစာဆိုတဲ့ စာရွက်ကြီးကိုဖတ် သိကြားမင်းဆင်းမဲ့အချိန် တက်မဲ့အချိန်ကို ဖတ်ရင်း သင်္ကြန်ကို စတင်မိတ်ဆက်တာပါပဲ။ နောက်ပြီး ထားဝယ်ရဲ့ကလေးသင်္ကြန်ပါ။ အိမ်ဘေးက အသက်ရွယ်တူ ကလေးလေးတွေစုပြီး ကလေးသင်္ကြန်ဆင်နွှဲရတာ အတော်လေးပျော်စရာကောင်းပါတယ်။

DW ။ စစ်အာဏာ မသိမ်းခင်က သင်္ကြန်မှာဘာတွေလုပ်ဖြစ်လဲ။

ဖြေ ။ အာဏာမသိမ်းခင်က သင်္ကြန်မှာ သမဂ္ဂရဲဘော်တွေနဲ့စုပြီး ထားဝယ်မြို့အတွင်း ဒေါင်းတို့ အားမာန် သံချပ်ထွက်ခဲ့ရတာ အမှတ်တရပါပဲ။ ရန်ကုန်မြို့က သံချပ်ထွက်တဲ့ရဲဘော်တွေ အဖမ်းဆီးခံနေရပေမယ့် ကျွန်တော်တို့ ခရိုင်ကိုယ်စားပြုထွက်တဲ့ သံချပ်ကတော့ ဝန်ကြီးအိမ်ယာတွေအထိ ဖျော်ဖြေရင်း လူထုရဲ့အသံတွေကို ပြောပြနိုင်ခဲ့ပါတယ်။ စစ်တစ်ပိုင်းဥပဒေရဲ့ လိုတစ်မျိုး မလိုတစ်မျိုးပုဒ်မတွေကြား သမဂ္ဂတွေကို အချင်းချင်းသွေးထိုးမှုပါပဲ။

DW ။ အာဏာမသိမ်းခင်က အိမ်နဲ့ခွဲပြီး ရပ်ဝေးဒေသမှာ သင်္ကြန်ကာလ ဖြတ်သန်းဖူးလား။ ဘယ်လိုခံစားရလဲ။

ဖြေ ။ မန္တလေး၊ ပြင်ဦးလွင်တို့မှာ ဘုရားဖူးရင်း သင်္ကြန်လည်ဖူးပါတယ်။ ကျွန်‌တော်တို့ဟာ နေရာဒေသတွေ ကွာခြားကြပေမယ့် ရိုးရာသင်္ကြန်အပေါ်ထားတဲ့ တန်ဖိုးထားမှု၊ ပျော်ရွင်ကြမှုတွေဟာ အတူတူပဲလို့ ခံစားသိခဲ့ရပါတယ်။

DW ။ အာဏာသိမ်းပြီးနောက် ဖြတ်သန်းရတဲ့ သုံးနှစ်တာသင်္ကြန်ကိုရော ဘယ်လိုဖြတ်သန်းခဲ့ရလဲ။

ဖြေ ။ အာဏာသိမ်းပြီးနောက် ပထမသင်္ကြန်ကတော့ မြို့ပြရဲ့လမ်းမကြီးတွေအပေါ် သမဂ္ဂခွပ်ဒေါင်းအလံကို ပိတောက်ပန်းနဲ့ ချည်ပြီး အတာအိုးတွေကိုင်ရင်း အာဏာရှင်စနစ်ကို ရွံ့ရှာစက်ဆုပ်ကြောင်း ကြွေးကြော်သံတွေဟစ်ရင်း ဖြတ်သန်းဖြစ်ခဲ့ ပါတယ်။ဒုတိယသင်္ကြန်ကတော့ ကရင့်ဒေသတစ်ခုမှာ ကလေးငယ်တွေကို ဝေးကွာနေတဲ့ ပညာရေးနဲ့ ပြန်လည်ချည်းကပ်ရင်း သင်္ကြန်သီချင်းလေးဖွင့်ရင်း ကုန်ဆုံးဖြစ်ခဲ့ပါတယ်။ တတိယသင်္ကြန်ကိုတော့ ထားဝယ်ဒေသအတွင်းက တော်လှန်နယ်မြေတစ်ခုမှာ ဖြတ်သန်းခဲ့ပါတယ်။

DW ။ အခုနှစ် သင်္ကြန်ကိုရော ဘယ်လိုဖြတ်သန်းမလဲ။ ဘာမျှော်လင့်ချက်ရှိလဲ။

ဖြေ ။ ဒီနှစ်သင်္ကြန်ကိုတော့ ကော်မတီ (ဂိမှာန်ထောက်ပို့ကော်မတီ) ရဲ့စာကြည့်တိုက်မှာ ရဲဘော်တွေနဲ့အတူ မုန့်လုံးရေပေါ် လုံးရင်း ပြည်သူတွေကို မျှဝေပြီးတော့ သင်္ကြန်ကိုဖြတ်သန်းဖို့ စီစဉ်ထားပါတယ်။ အတာသင်္ကြန်ဟာ ကန့်သတ်ချုပ်နှောင်ရတဲ့အရာ မဟုတ်ပါဘူး။ လူထုရဲ့မျှော်လင့်ချက် တောင်းဆုတွေကို နှလုံးသားနဲ့လက်ခံပြီး အတူတကွမျှဝေခံစားရင်း ကျွန်တော်တို့ဟာ အတူတူဖြစ်ကြောင်း ပြသဖို့လိုပါတယ်။

DW ။ အခုရော အိမ်ကထွက်လာတာ အချိန်ဘယ်လောက်ရှိပြီလဲ။ ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ ။ အိမ်က ထွက်လာတာ အခုဆို ၃နှစ်ကျော်ပါပြီ။ အာဏာသိမ်းပြီးကာလ ပထမနှစ် ဆုံးခါနီးအထိ ထားဝယ်မြို့ပြရဲ့ အဓိကလမ်းမကြီးတွေကို အကြမ်းမဖက်လူထုအာဏာဖီဆန်ရေးလမ်းစဉ်အပေါ်အခြေပြုပြီး သပိတ်လှုပ်ရှားမှုတွေ ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လူသားချင်းစာနာလုပ်ငန်းစဉ်၊ လူထုအသိပညာရေးလုပ်ငန်းစဉ်တွေကို လက်ရှိအချိန်အထိ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါတယ်။ လူထုနဲ့တော်လှန်ရေး၊ တော်လှန်ရေးနဲ့ လူထုကြား ဆက်သွယ်ရာမှာ ကိုယ်တိုင်က လှေကားထစ်ကလေးတခုအဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတာပါလို့ မှတ်ယူပါတယ်။

DW ။ သင်္ကြန်ကာလရောက်တော့ ထားဝယ်သင်္ကြန်နဲ့ အိမ်ကိုရော ဘယ်လိုအတွေးတွေနဲ့ ပြန်သတိရလဲ။

ဖြေ ။ သင်္ကြန်ဆိုရင် အိမ်တိုင်းနီးပါး ရိုးရာမုန့်လေးတွေအတူတူလုပ်ရင်း ရွာဆို ရွာဘုန်းကြီးကျောင်း၊ ရပ်ကွက်ဆို ရပ်ကွက် ဘုန်းကြီးကျောင်း မုန့်၊ ဆွမ်းကပ်ရင်း ကုသိုလ်ယူကြရတာဟာ အင်မတန်သိမ်မွေ့တဲ့ နွေးထွေးတဲ့ ဓလေ့တစ်ခုပါ။ လမ်းမကြီးတ‌စ်လျှောက်ရေခံထွက်နေကြတဲ့ ကားတွေပေါ်ကနေကြားရတဲ့ သင်္ကြန်ရဲ့ တူးပို့သီချင်းသံ၊ အချင်းချင်း စနောက်သံတွေဟာ အခုဆိုမကြားရတာ ၄ နှစ်ကျော်ကြာပြီဆိုတော့ မေ့တေ့တေ့တောင်ဖြစ်ချင်နေပြီဆိုတာ ဝမ်းနည်းစွာ သိရပါတယ်။

DW ။ အိမ်ပြန်ခရီးအတွက်ရော ဘယ်လိုမျှော်လင့်ထားလဲ။

ဖြေ ။ အိမ်ကစထွက်ကတည်းက ပြင်ခဲ့တဲ့လွယ်အိတ်အထဲ အဝတ်အစားတွေအပြင် တော်လှန်ရေးအပေါ် တန်ဖိုးထားမှုနဲ့ လေးစားမှုတွေပါ ကောက်ထည့်ခဲ့တာပါ။ ဒီမိုကရေစီစနစ်ကို လေးစားတန်ဖိုးထားတဲ့၊ လူသားတွေရဲ့ဖြစ်တည်မှုကို တန်ဖိုးထားတဲ့ စနစ်တခုကို တည်ဆောက်နိုင်ရမယ်၊ အဲဒီအတွက် ကြိုးစားရမယ်ဆိုတဲ့စိတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်သလို ကြိုးပမ်းဆောင်ရွက်ဆဲပါ။ အိမ်ပြန်ခရီးမှာ ဒီလွယ်အိတ်နဲ့အတူ ယုံကြည်ချက်တွေ ကျမကျန်ခဲ့ဘဲ သေချာထွေးပွေ့ရင်း ပြန်သွားနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။

DW ။ ဖြည့်စွက်ပြောချင်တာဖြည့်ပြောပေးပါ။

ဖြေ ။ စစ်မှုထမ်းဥပဒေနဲ့အတူ ရောက်ရှိလာတော့မယ့်သင်္ကြန်ဟာ စိုးရိမ်သောကတွေ၊ ပူပန်မှုတွေ၊ တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် တူးပို့အသံတွေဟာ နေရာစုံမှာကြားရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့တန်ဖိုးထားမှုတွေကို ရရှိဖို့ ၊ လူကိုလူလို ဆက်ဆံရတဲ့ဂုဏ်သိက္ခာရှိတဲ့အဝိုင်းအဝန်း တစ်ခုရရှိဖို့ဟာ လက်ရှိမှာ အရေးကြီးဆုံး လိုအပ်ချက်ဖြစ်ပါတယ်။ဒါကြောင့် နေရာကွက်ကျားကြားရတဲ့ တူးပို့သံတွေကို နားစွင့်ရင်း တော်လှန်ရေးအလံကို အမြင့်ဆုံးလွှင့်ထူချိန် အလံကို လက်ဆင့်ကမ်းချိန် ဝိုင်းဝန်းကူပေးကြဖို့လည်း နှိုးဆော်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“သူငယ်ချင်းတွေလည်းမရှိဘူး။ သင်္ကြန်လည်းမရှိတော့ဘူး”

သင်္ကြန်တွင်း ပြည်ပထွက်ရန်ပြင်နေသည့် ရေဖြူမြို့နယ်က အသက် ၂၀ အရွယ်အမျိုးသမီးတစ်ဦး

DW ။ ဒီနှစ်သင်္ကြန် ဘာလုပ်ဖို့အစီစဉ်ရှိလဲ။

ဖြေ ။ ဒီနှစ်သင်္ကြန် ဒီမှာကျဖြစ်မှာ မဟုတ်ဘူး။ ထိုင်းကိုသွားဖို့လုပ်ထားတာ။ ပတ်စပို့လျှောက်ထားတာ မရသေးလို့ စောင့်နေတာ။ သင်္ကြန်ရုံးမပိတ်ခင်ရမယ်လို့တော့ ပြောထားတယ်။ အဲဒါရရင်သွားတော့မှာ။ သင်္ကြန်ဆို ရှိတော့မှာမဟုတ်ဘူး။

DW ။ ဘာဖြစ်လို့ သင်္ကြန်တောင်မစောင့်တော့ဘဲ သွားဖို့စီစဉ်လိုက်တာလဲ။

ဖြေ ။ စီစဉ်ထားတာတော့ မဟုတ်ဘူး။ ဟိုဘက်ကခေါ်တဲ့အချိန် သွားရတာဆိုတော့ သူတို့ခေါ်တဲ့အချိန်သွားမှ အဆင်ပြေမှာပေါ့။ ဒီမှာက သင်္ကြန်လည်းမရှိဘဲနဲ့ နေလို့လည်းဘာထူးမှာလဲ။ မြန်မြန်သွားရပါစေတောင် ဆုတောင်းနေတာ။ အဲဒီမှ ထိုင်းမှာသင်္ကြန်ကျရမှာ။

DW ။ သင်္ကြန်အချိန်ကြီး နိုင်ငံခြားသွားရမှာ စိတ်ထဲဘယ်လို ခံစားရလဲ။

ဖြေ ။ စိတ်ထဲမှာတော့ ကိုယ်တစ်ခါမှမသွားဖူးတော့ စိတ်ထဲမှာ စိုးရိမ်နေသလိုတော့ဖြစ်တယ်။ သင်္ကြန်ကြောင့်တော့ မဟုတ်ဘူး။ လမ်းခရီးမှာ အဲဒီလို မပြောကောင်း၊ မဆိုကောင်းဖြစ်မှာ ကြောက်တာ။ သင်္ကြန်ကတော့ ကိုယ့်နေရာမှ မရှိဘူးဆိုတော့ စိတ်ထဲသိပ်မဖြစ်ဘူး။ အရင်တုန်းကလိုမျိုးဆိုရင်တော့ သိကြားမင်းလာခေါ်တောင် လိုက်ချင်မှလိုက်မှာ။ သူငယ်ချင်းတွေလည်း စည်စည်ကားကားရှိတယ်လေ။ အခုက သူတို့လည်းမရှိဘူး။ သင်္ကြန်လည်းမရှိတော့ဘူး။ နားအေးတယ်။ ထိုင်းသွားတာကပဲ ပိုကောင်းသေးတယ်။

DW ။ ဘာကြောင့်ထိုင်းသွားဖို့ဖြစ်သွားတာလဲ။ စစ်မှုထမ်းဥပဒေနဲ့ ဆိုင်လား။

ဖြေ ။ (စစ်မှုထမ်းဥပဒေ) အဲဒါနဲ့တော့ တိုက်ရိုက်မဆိုင်ဘူး။ အိမ်ကတော့ အဲဒါကြားပြီး စိတ်ပူတာတော့ရှိတာပေါ့။ ထိုင်းကိုဆင်းခိုင်းတာကလည်း အဲဒါကြောင့်ပါတယ်။ အရင်ကဆို ဆင်းမယ်ဆင်းမယ်ပြောနေတာ မရဘူး။ အခုမှဆင်းဆိုပြီး ဆင်းခိုင်းတာ။ ကိုယ့်အနေနဲ့ကတော့ဒီမှာနေလည်း တစ်နေ့တစ်နေ့ ဘာမှမထူးဘဲနဲ့ပြီးနေတာပဲ။ အချိန်ကုန်လာတာပဲ ရှိမယ်လေ။ အဓိကကတော့ အဲဒါကြောင့်ဆင်းဖြစ်တာများပါတယ်။ ဒီမှာအိပ်လိုက်၊ စားလိုက်နေတာထက်စာရင် အဲဒီမှာက ပိုအဆင်ပြေမယ်ထင်လို့ပေါ့ အဓိကကတော့။

DW ။ သင်္ကြန်နဲ့ပတ်သတ်ပြီး ဘာပြောချင်တာရှိသေးလဲ။

ဖြေ ။ သင်္ကြန်အကြောင်းကတော့ သိပ်ပြောစရာမရှိတော့ဘူး။ အမှန်တိုင်းပြောရမယ်ဆို သင်္ကြန်ကျတော့မယ်ဆိုတဲ့ စိတ်ကူးတောင်မရှိဘူး။ သတိတောင်မရဘူး။ ဘယ်လောက်အထိဖြစ်လဲဆို သူများတွေ ပိတောက်ပန်းတွေ သယ်ပြီး သွားနေတာတောင် ဒီပိတောက်ပန်းတွေက ဘယ်ကရလာပါလိမ့်ဆိုပြီး ကိုယ့်ဘာသာတွေးနေတာ။ သင်္ကြန်ကျတော့မယ်မှန်း လုံးဝဆို လုံးဝကိုပဲ သတိမရတာ။ အဲဒီလောက်ထိတောင်ဖြစ်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။