နွေခေါင်ခေါင် မိုးရွာချတော့ ပန်းပိတောက်တို့ စန်းထတဲ့ အချိန်အခါပါပဲ။
သင်္ကြန်ရေ . . .
ဘာလိုလိုနဲ့ တို့တွေမဆုံဖြစ်တော့တာ လေးနှစ်ပြည့်ပြီနော်။
၂၀၁၉ ခုနှစ် ဆိုင်းမဆင့်ဗုံမဆင့် မင်းထွက်သွားတဲ့အချိန်တုန်းက ဒီလောက်ကြာမယ်လို့ မထင်မိခဲ့ဘူး။ ထုံးစံအတိုင်းပေါ့ ပိတောက်ပန်းတွေပွင့်တဲ့အချိန် မင်းပြန်ရောက်လာလိမ့်မယ် အထင်နဲ့ မျှော်နေခဲ့သေးတယ်။
ဒါပေမဲ့ မျှော်သူကရောက်မလာ။ မမျှော်တဲ့ ဧည့်ဆိုးက ရောက်လာခဲ့တယ်။
ကိုဗစ်ဧည့်ဆိုးမွှေချက်ကတော့ကွာ ငါတို့တစ်ရွာလုံး၊ တစ်မြို့လုံး၊ တစ်ပြည်လုံးကလူတွေ
သောက်သောက်လဲ သေလိုက်ကြတဲ့ဖြစ်ချင်း။ မသေဘဲ ကြေကျန်ကျန်ခဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။
ဒါနဲ့ပဲ နောက်နှစ်များ မင်းရောက်လာမလားလို့ ထပ်ပြီးမျှော်ပါသေးတယ်။ ဒီတစ်ခါတော့ အရင်နှစ်ကလို ရဲရဲကြီးမျှော်တာမျိုး မဟုတ်တော့ဘူး။ ဘာကြောင့်လဲဆို ဧည့်ဆိုးကမပြန်သေးဘူးလေ။
ငါသိနေတယ်။ ဒီဧည့်ဆိုး မပြန်သရွေ့ မင်းလည်း ငါတို့ဆီ ပြန်လာမှာ မဟုတ်ဘူးဆိုတာကိုပေါ့။
အဲဒီ ဧည့်ဆိုးကို ငါတို့လည်း အတင်းနှင်လွှတ်တာပါပဲ။ သူကိုက တွယ်ကပ်ပြီး နေနေတာ။
ကိုဗစ်ကြီး သောင်းကြမ်းနေသရွေ့ကတော့ မင်းလည်းပြန်လာနိုင်မှာ မဟုတ်ဘူးဆိုတာ ငါလက်ခံနိုင်ပါတယ်။
ဒါပေမဲ့ကွာ နောက်နှစ်ကျတော့ ကိုဗစ်ထက်ဆိုးတဲ့ ကိုစစ်ပါ ရောက်ချလာတာက ပိုးဆိုးသွားသေးတယ်။ နှစ်ယောက်ပေါင်း မွှေချက်ကတော့ ဘာပြောကောင်းမလဲ။
နောင်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုသလိုပါပဲ။ ကိုဗစ်ထက် ကိုစစ်က ပိုလို့တောင်ကြောက်ဖို့ကောင်းနေသေးတာ။
ကိုဗစ်ဂယက်ထဲ သေသွားကြတဲ့သူတွေအတွက် ကျမျက်ရည်တောင် မခြောက်သေးခင် ကိုစစ်က ငါတို့ကို သေနတ်နဲ့ချိန် ပစ်ပါလေရောလား မောင်ရာ။
ကိုဗစ်ကိုက်ရင် အိမ်ထဲပုန်းလို့ လုံနိုင်သေးပေမယ့် ကိုစစ်ကတော့ အစွယ်တငေါငေါနဲ့ အိမ်တံခါးဖျက်ပြီး ဝင်လာလေ့ရှိတယ်။
အဆိုးထဲက အကောင်းလို့ပဲ ပြောရမလားမသိဘူး။ မင်းထွက်သွားပြီး ၂ နှစ်လောက်အကြာမှာပဲ ကိုဗစ်နဲ့ ငါတို့နဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်သွားခဲ့တယ်။
“ကိုဗစ်နဲ့ အတူယှဉ်တွဲနေထိုင်ခြင်း” ဆိုတဲ့ စစ်ပြေငြိမ်း စာချုပ်ချုပ်ပြီးနောက်ပိုင်း သူလည်း အရင်လို သိပ်မဆိုးတော့ဘူး။
ကိုစစ်ကတော့ ကြာလေကြာလေ ငါတို့နဲ့ ရင်ဘတ်ခြင်း ပိုဝေးလာလေလေပါပဲ။ ငါတို့ကတော့ သူနှိက်စက်သမျှ ခံနေရတာပေါ့။
တစ်ချို့တွေကတော့ ကိုဗစ်တုန်းကလိုပဲ ပြန်တော်လှန်နေကြတယ်။ ဒါပေမဲ့ အချင်းချင်းက ခဏခဏရန်ဖြစ်နေကြတော့ ရှေ့မရောက်ချင်ဘူး။
သင်္ကြန်ရေ . . .
သင်္ကြန်ချိန်ရောက်ရင် ငါတို့က ရေထွက်ဆော့လေ့ရှိတယ်။ နည်းနည်းပါးပါး ပါပဲ။။ မင်းကိုများအလွမ်းပြေမလားလို့ပါ။
ဒါပေမဲ့ တော်လှန်ရေးသမားတစ်ဖွဲ့က လာတားတယ်ကွာ။ ရေမပက်ရဘူးတဲ့။
သူတို့လက်ထဲမှာလည်း ငါတို့ရွာပွဲဈေးတန်းကသေနတ်လိုမျိုး ကိုင်ထားကြတယ်။ ငါလည်းကြောက်တော့ ရေဆက်မပက်ဘဲ ရပ်လိုက်တာပေါ့။
သူတို့အဖွဲ့ထွက်သွားပြီး ခဏနေတော့ နောက်တစ်ဖွဲ့ရောက်လာပြန်တယ်။ ဒီအဖွဲ့ကကျတော့ ပွဲဈေးတန်းကဟာတွေ မပါဘူး။ အဖွဲ့မတူလို့ထင်တယ်။
သူတို့ကျပြန်တော့တစ်မျိုးပြောပြန်ရော။ ရေပက်လို့ရတယ် ပက်ကြပါတဲ့။ သာမန်လောက်ပဲ ပက်ကြ၊ ကဲကြဆိုတာမျိုး။ မင်းနားလည်အောင်ပြောရရင်တော့ မိသားစုဆန်ဆန် ရေကစားကြဆိုတဲ့ သဘောမျိုးပြောတယ်။
သူတို့ကိုယ်တိုင်လည်း ရေပက်ကြတယ်။ သင်္ကြန်သီချင်းဖွင့်ပြီးတောင် ကကြသေးတာ။ ကြားထဲက ငါတို့က ဘာဆက်လုပ်ရမှန်းကို မသိတော့ပါဘူး။ ပက်ရကောင်းနိုးနိုး မပက်ရ ကောင်းကောင်းနိုးနိုးနဲ့ပေါ့။
နောက်ဆုံးတော့ ပွဲဈေးတန်းထဲ တွဲလောင်းချိတ်ထားတဲ့ လက်နက်တွေ မျက်စိထဲ ပြေးမြင်လိုက်လို့ ရေဆက်မပက်ဘဲ ပြန်လာလိုက်တော့တယ်။
သင်္ကြန်ရေ . . .
မင်းကတော့ ကိုစစ်မရှိတော့မှ ပြန်လာမယ်လို့ တွေးထားတယ်မလား။ ငါတို့လည်း ကိုစစ်ကြီးကို ပြန်ခိုင်းချင်လှပါပြီ။
သူ့ကြောင့် ကြယ်တွေလည်းကြွေလှပြီ၊ လူတွေလည်း မောလှပြီလေ။
ပြောမယ်သာ ပြောရတာ ကိုစစ်က ပြန်မယ့်ပုံ မပေါ်တဲ့အပြင် ပိုတောင်ဆိုးလာဖို့ရှိနေသေးတာ။
အခုတောင် ကိုစစ်က လူသစ်စုလာလို့ ဖနောက်နဲ့တင်ပါး တစ်သားတည်းဖြစ်မတတ် လူငယ်တွေထွက်ပြေးနေကြရတယ်။ ကျန်ခဲ့တဲ့ လူကြီးတွေကလည်း မျက်ရည်နဲ့ မျက်ခွက်ပါပဲ။
ငါ့မှာ သတင်းကောင်းတစ်ခုတော့ မင်းကို ပြောစရာရှိတယ်။ ငါတို့ရွာနီးချင်း ကိုထိုင်းတို့ရွာမှာ နှစ်သစ်ကူးပွဲကို တစ်လတိတိ လုပ်မှာတဲ့။ ငါတော့ မလာနိုင်ပေမယ့် အဲမှာငါတို့ရွာသားတွေအများကြီး ရောက်နေကြတယ်။
အဲဒီထဲမှာ ကိုစစ်ရန်က လွတ်အောင် ရှောင်နေကြတဲ့သူတွေလည်းပါသလို ဝမ်းစာရှာဖို့သွားတဲ့သူတွေလည်းပါတယ်။ ငါတို့ရွာသားတွေနဲ့အတူတူ အဲဒီမှာ အဝကဲလို့ရအောင် ပြောပြတာပါ။
ပြီးရင်တော့ အွန်လိုင်းကနေ ဓာတ်ပုံလေးတော့ ပို့ပေးလိုက်နော်။ အနည်းဆုံးတော့ ဓာတ်ပုံတွေကြည့်ရင်း အပျော်တွေ ကူးစက် ခံစားနိုင်အောင်ပါ။ ငါတို့အတွက်ကတော့ ထားလိုက်ပါလေ။ တိုက်ပွဲတွေထဲ ပြေးရင်း၊ လွှားရင်း အသားကျနေပါပြီ။
“ဟိုအိမ်မီးရှို့နေပြန်ပြီ။ ဒီလူကို ပစ်သတ်သွားပြန်ပြီတဲ့” ကြားကြားချင်းတော့ တောက်တစ်ခေါက်ခေါက် အံတစ်ကြိတ်ကြိတ်ပေါ့။
နောက်တစ်နေ့ မနက်မိုးလင်းရင်တော့ မေ့သွားကြတာပါပဲ။
မယုံမရှိနဲ့ သင်္ကြန်ရေ့။ အဲလိုလူတွေ တကယ်ရှိတယ်။
စိတ်ဓာတ်ကျမသွားပါနဲ့။ အားလုံးကို မဆိုလိုပါဘူး။ နိုင်တဲ့အားနဲ့ ကိုစစ်ကြီးကို မောင်းထုတ်နေကြသူတွေလည်း ရှိပါသေးတယ်။ တစ်ခုတော့ ရှိတာပေါ့။ ပန်းကနည်းပြီး ဘုရားကများနေတော့ ဘယ်ဘုရားကို ပူဇော်ရမှန်း မသိကြတော့ဘူး။
သင်္ကြန်ရေ . . .
ငါ့သဘောကတော့ မင်းကို ပြန်လာစေချင်တယ်။ မင်းပြန်လာရင် ခဏတဖြုတ်လောက်တော့ ငါတို့ရွာသားတွေ အမောပြေကြမယ်ထင်လို့ပါ။ သူတို့ခမျှာ အမှောင်ထဲ ပိတ်မိနေတာ ကြာလှပြီလေ။
ဒါပေမဲ့ ငါနဲ့ သဘောချင်းမမျှတဲ့သူတွေလည်း ရှိကောင်းရှိမှာပါ။ သူတို့ကတော့ ကိုစစ်ကြီးပြီးမှပဲ မင်းကို ပြန်လာစေချင်ကြလိမ့်မယ်။ လူတစ်ကိုယ် စိတ်တစ်မျိုးဆိုတော့လည်း ပြောရတော့ ခက်ပါတယ်လေ။
ဒါနဲ့သင်္ကြန်ရေ။ ငါ့တူမလေးကြောင်း ပြောရအုံးမယ်။
မင်းထွက်သွားတုန်းက ငါ့တူမလေးက ၃ နှစ်ကျော်ကျော်ပဲရှိသေးတာ။ အခုက ၇ နှစ်ကျော်ပြီဆိုတော့ ဘေးအိမ်က ကျူရှင်ဆရာမဆီအပ်ပြီး စာသင်ခိုင်းထားတယ်။
မနေ့က သူတို့ကျူရှင်မှာ ဆယ်နှစ်လရာသီပွဲတော်များအကြောင်း သင်ရတယ်တဲ့။ မင်းသိပါတယ်။ တန်းခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲ ဆိုတာတွေလေ။
တူမလေးက သင်္ကြန်ပွဲဆိုတာကို သေသေချာချာနားမလည်တော့ ငါ့ကိုလာမေးတယ်။ သူမှ မကြုံဖူးဘဲကိုး။ ငါလည်း သိသလောက်ကြိုးစားရှင်းပြပေမယ့်
သူသိချင်တဲ့အဖြေ မရသေးတဲ့ပုံစံနဲ့ ငါ့ကိုစိုက်ကြည့်နေတာ။
ငါလည်း ဆက်ရှင်းပြမတတ်တော့တာနဲ့ YouTube ထဲက သင်္ကြန်သီချင်းတစ်ပုဒ် ကောက်ဖွင့်ပြလိုက်ရော…။
အဲမှာ “ဟယ်…လူတွေအများကြီး ရေပက်နေကြတာနော်” လို့ တူမလေးက တအံ့တဩ ပြောရှာတာ။ တူမလေးဆီက မမျှော်လင့်ဘဲ အဲဒီစကားကြားတော့ သက်ပြင်းတွေချလို့ကို မဆုံးတော့ပါဘူး။
“တစ်နေ့နေ့တော့ သူကြုံဖူးသွားမှာပါလေ” လို့ပဲ ဖြေတွေး တွေးယူလိုက်ပါတယ်။
သင်္ကြန်ရေ . . .
ပြောစရာတွေကတော့ အများကြီးကျန်နေသေးပေမယ့် နောက်ကြုံမှပဲ ဆက်ပြောကြရအောင်ပါ။
အခုတော့ ညီလေးဒီမွန်က သူ့ရဲ့ Facebook အကောင့်မှာ ရေးသားဝေမျှထားတဲ့ စာလေးကို မင်းထံပါးလိုက်ပါရစေ။
“ခေတ်ပျက်မှာ ပျော်စရာဟာ တန်ဖိုးကြီးမှန်းငါသိရတယ်။
သင်္ကြန်ဆိုတာမရှိဘူး သေပြီတို့၊
ရေမစိုသင်္ကြန်၊ အမေအိုပြန်တို့ ကျွန်တော်မသိဘူး။
လှလှပပပျက်စီးဖို့ကလွဲရင် ကျွန်တော်တို့ကမ္ဘာမှာ ကျန်တာမရှိဘူး။
ကျွန်တော်တို့ လုပ်ပြခွင့်မရှိပါသောတွေ။
ကျွန်တော်တို့ ပြိုလဲလို့ မဖြစ်ပါသောတွေ။
ကျွန်တော်တို့ ပိုင်ဆိုင်ဖို့ မဖြစ်နိုင်သောတွေကြား ရှင်သန်နိုင်ဖို့ဟာ ဇဝေဇဝါပါပဲ။
နေလို့လည်းမပျော် သေလို့လည်းမဖြစ်တဲ့ခေတ်မှာ ပြည်သူလူထုကိုပြောချင်တဲ့စကားက
ပျော်စရာရှိရင်ပျော်ကြ၊ ဝမ်းနည်းစရာရှိရင်လည်း အတူတူပဲပေါ့”
နောန်ပြည့်ဝ