မြိတ်ခရိုင်၊ ပုလောမြို့အနီး ပဝတ်ကုန်းရွာတွင် ယနေ့ ညနေပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။
ယနေ့ ဧပြီလ ၇ရက် ညနေ ၃နာရီခွဲခန့်မှစတင်ကာ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး ပုလောမြို့ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။
“လက်နက်ကြီးအသံက တဝီးဝီးအော်ပြီးသွားနေတယ်။ လက်နက်ငယ်အသံကလည်း မိုးရွာနေသလိုပဲ။ ခဏနားနေပြီး အခုပြန်ပစ်နေပြန်ပြီ” ဟု မင်းထိန်ရွာဒေသခံအမျိုးသားတစ်ဦးက ညနေ ၅ နာရီခွဲအချိန်က ပြောသည်။
တိုက်ပွဲအတွင်း အရပ်သားပြည်သူ ထိခိုက်မှု ရှိမရှိ မသိရသေးပေ။
ယနေ့ နံက် ၁၁ နာရီတွင် အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီ ခြေလျင်တပ်များ မင်းထိန်ရွာသို့ရောက်ရှိလာပြီး ခေတ္တနေကာ ပဝတ်ကုန်းရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံများက ပြောဆိုသည်။
ပဝတ်ကုန်းကျေးရွာတွင် ယခင်တိုက်ပွဲများကြောင့် လူမရှိသည်မှာ တစ်နှစ်ကျော်ကြာနေပြီဖြစ်ပြီး စစ်ကောင်စီက တပ်စွဲထားရာမှ ပြီးခဲ့သည့် နှစ်ပတ်ခန့်က တပ်ပြန်ရုပ်သိမ်းသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက ပုလောနှင့် တနင်္သာရီမြို့နယ်အား ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်လာနေသည်။