BREAKING
January 18, 2025

ရေဖြူ ဇာဒီရွာတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့်သေဆုံး

April 7, 2023

ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုတွင် ဧပြီလ ၆ ရက် ညနေ ၄ နာရီဝန်းကျင်က ဆိုင်ကယ်စီးလာ‌သော အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း ရွာသားတို့က ပြောသည်။

သေဆုံးသူမှာ ဇာဒီကျေးရွာအုပ်စု သစ်လှတောရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ် ကိုအောင်ကို ဆိုသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

၎င်းမှာ မြန်မာနိုင်ငံအထက်ပိုင်းဒေသမှ လာရောက်လုပ်ကိုင်စားသောက်ရင်း ဇာဒီရွာသူနှင့် အိမ်ထောင်ကျထားသူ ဖြစ်သည်ဟု ဆိုသည်။

ကိုအောင်ကိုသည် ရော်ဘာခြံမှ ပြန်လာစဉ် ခေါင်ပြန်-ဇာဒီလမ်းအရောက် စစ်ကားသုံးစီးနှင့်တွေ့ပြီး မောင်းပြေးသဖြင့် သေနတ်ဖြင့် လိုက်ပစ်ခံရပြီး သေဆုံးခဲ့ခြင်းကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ပစ်ခံရပြီးနောက် ကိုအောင်ကိုအား စစ်ကားဖြင့်ပင် ကံပေါက်သို့ သယ်ဆောင်လာပြီး ဧပြီလ ၇ ရက် နံနက်ပိုင်းတွင် အလောင်းပြန်လာပို့ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သေနတ်နဲ့ ပစ်ခံရပြီးတာနဲ့ ကံပေါက် သယ်သွားလို့ ဖမ်းသွားတယ်လို့ပဲ သတင်းထွက်တာ။ မနက်ကျမှ သင်္ချိုင်းမှာ အလောင်းလာပို့ပြီး အသုဘကို မြန်မြန်သင်္ဂြိုဟ်ခိုင်းတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောဆိုသည်။

ကံပေါက်ရွာ‌ကျေးရွာအုပ်စုနှင့် ဇာဒီရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ပျူစောထီးတို့ ဇန်နဝါရီလနှောင်းပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဇာဒီရွာအပါအဝင် ကံပေါက်တိုက်နယ်အတွင်း ဆိုင်ကယ်စီးခွင့်ကို စစ်ကောင်စီက လုံးဝကန့်သတ်ထားသည်မှာ ၂လ ကျော်ကြာလာပြီဖြစ်သည်။

မတ်လ အတွင်းမှာလည်း ဇာဒီရွာက ပျူစောထီး နေအိမ်ပစ်ခတ်ခံရပြီးနောက် ဇာဒီရွာသား သုံးဦးအဖမ်းခံရသည်။ ၎င်းတို့အနက် နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီး ကျန်းမာရေးမှူးဟောင်း ဦးအောင်မင်းမှာ အဖမ်းခံထားရဆဲဖြစ်သည်။