BREAKING
September 20, 2024

လောင်းလုံး သကျက်တောတွင် နှစ်ဦး အဖမ်းခံရ

April 7, 2021

လောင်းလုံးမြို့နယ်အတွင်းရှိ သကျက်တောရွာတွင် ရဲနှင့် စစ်တပ်ကတပ်စွဲပြီး ဖမ်းဆီးနေရာ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းအထိ လူနှစ်ဦးအဖမ်းခံထားရကြောင်း အဆိုပါရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက Dawei Watch သို့ပြောသည်။

ဧပြီလ ၅ ရက်နေ့တွင် ရဲနှင့် စစ်ကား ၅ စီးခန့်က သကျက်တောနယ်မြေရဲစခန်းတွင် တပ်လာစွဲထားပြီး CDM လုပ်ထားသည့် ဝန်ထမ်းများကို လာရောက်ဖမ်းဆီးရာမှ လက်ရှိတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် အသက် ၅၈ နှစ်အရွယ်ရှိ NLD ပါတီ မြို့နယ်စည်းရုံးရေးမှူးတစ်ဦးတို့ အဖမ်းခံထားရကြောင်း ၎င်းက ဆိုသည်။

ထိုသို့ တပ်နှင့်ရဲက သကျက်တောနယ်မြေရဲစခန်းတွင် တပ်လာစွဲထားသည့်အတွက် ဒေသခံရွာသားများလည်း တိမ်းရှောင်နေကြရသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

“ရွာသားတွေလည်း ရှောင်နေကြတော့ ရွာမှာတိတ်ဆိတ်နေတာပဲရှင်”ဟု ၎င်းက ဆိုသည်။

အဖမ်းခံထားရသည့် အထက်ပါလူနှစ်ဦးကို သကျက်တောနယ်မြေရဲစခန်းတွင် ဖမ်းဆီးထားပြီး အဝတ်အစားပေးခွင့်ပင် မရသေးကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

ထို့အပြင် CDM လုပ်ထားသည့် အခြားဝန်ထမ်းအိမ်များကို ဖမ်းဆီးရန်ရဲနှင့် စစ်တပ်က လာရောက်ရှာဖွေသော်လည်း ကြိုတင်ရှောင်နေကြသည့်အတွက် ဖမ်းမိခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

ရဲနှင့် စစ်တပ်က သကျက်တောနယ်မြေရဲစခန်းတွင်ပင် လက်ရှိအချိန်ထိ တပ်စွဲထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။