လူတွေ အများစုက အိမ်ထဲမှာသာ ရှိနေတာ နိုးနိုးကြားကြားပင်။ သတင်း ပလင်းတွေ သိချင်ကြသည်။ ကိစ္စက ခြံ၀ ရောက်နေပြီလေ။
မမြင်ရသော ရန်သူက တစ်ကမ္ဘာလုံး ကို တိုက်ခိုက်နေပြီဖြစ်သည်။ ဘယ်နေရာ က ဘယ်လို လာမည်ကို ဘယ်သူမျှ မခန့်မှန်းနိုင်။ ဖြည်းဖြည်းလည်း တိုက်လာ နိုင်သလို၊ တစ်ချိန်လုံး ငြိမ်နေပြီးမှ တစ်ချိန်ချိန်တွင် အုံလိုက်ကျင်းလိုက် တစ်ပြိုင်နက် တိုက်လာနိုင်သည်။ ကိုရိုနာ က အားလုံးကို ပျာယာခတ်သွားအောင် လုပ်နိုင်သည်။
ထိုသို့သော အချိန်မျိုးတွင် လူတွေ ရှောင်ရန်ဆောင်ရန်၊ နည်းလမ်းတွေ သိဖို့၊ ကိုယ့်အနာဂတ်အတွက် ဆုံးဖြတ်ချက်တွေ မှန်မှန်ချဖို့ သတင်းပလင်းရဖို့၊ သတင်းမှန် ရဖို့ အထူးအရေးကြီးသည်။ သတင်းမှား သတင်းတုများလည်း ပလူပျံတက်လာရာ နည်းအမျိုးမျိုးဖြင့် တန်ပြန် တိုက်ဖျက်နေ ရသည်။ ယင်းကြောင့်ပင် အချို့နိုင်ငံတကာ သတင်းဌာနများမှာ သတင်းများ၊ ဆောင်းပါးများကို အွန်လိုင်းတွင် အခကြေးငွေမယူ ဘဲတော့ ဖတ်ခွင့်ပြုလိုက်သည်။
လူတွေ သတင်းသိဖို့ အရေးကြီးသည်။
လူတွေမကပါ အစိုးရနှင့် သက်ဆိုင် ရာ ဝန်ထမ်းတွေ၊ ရှေ့တန်းရောက် ရောဂါ တိုက်ဖျက်ရေး သူရဲကောင်းတွေ၊ အရာရှိ တွေလည်း သတင်းသိဖို့ အရေးကြီးသည်။ သိဖို့ ဆိုရာမှာ မှန်ကန်သော သတင်းကို အချိန်မီ၊ တိတိကျကျသိဖို့ ဖြစ်သည်။ ထိုမှသာ အစိုးရက မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်မည်။ ကွင်းထဲရောက်နေသော ဝန်ထမ်းများက မှန်မှန်ကန်ကန်ဆုံးဖြတ် နိုင်မည်။
ဟားဗတ်တက္ကသိုလ်က ပါမောက္ခ မက်သူးဘွမ်ကတော့ အခုအချိန်မှာ ကိုရိုနာ ရောဂါပိုး ကာကွယ်ရေးအတွက် အရေး ကြီးဆုံးမှာ သတင်းအချက်အလက် ရရှိဖို့ ဖြစ်ကြောင်း ဆိုလိုက်သည်။ ကိုရိုရောဂါပိုး ထိန်းချုပ်နိုင်ဖို့၊ ပိုးကူးစက်ခံရမှုတွေကို လျှော့ချနိုင်ဖို့ သတင်းအချက်အလက်က သာလျှင် အရေးကြီးဆုံး၊ အထောက်အပံ့ အဖြစ်ဆုံးလို့ သူက ဆိုသည်။
သတင်းအချက်အလက်တွေကို နိုင်ငံရေးအရ အသုံးမချဖို့ သူက ပြော သည်။ လူထုကို ရိုးရိုးသားသားနဲ့ သတင်း အချက်အလက်အမှန်ပေးဖို့ လိုသည်။ အခု အချိန်မှာ လူထုကို အစိုးရက ဖြစ်စေချင် တဲ့အတိုင်း လိုက်နာစေချင်ပါက သတင်း အချက်အလက် အမှန်တွေနဲ့ ရိုးရိုးသား သား စည်းရုံးဖို့ဖြစ်သည်။ ဥပမာ ရောဂါပိုး ကာကွယ်နိုင်ဖို့ အိမ်မှာ နေစေလိုပါက ဘာကြောင့် နေသင့်သည်၊ မနေပါက ဖြစ်လာမည့် အကျိုးဆက်တွေကို သေချာ ရှင်းပြဖို့၊ နည်းအမျိုးမျိုးဖြင့် စည်းရုံးဖို့ ဖြစ်သည်။
Facebook ကို စွဲစွဲမြဲမြဲ သုံးတတ် သော မြန်မာပြည်သားတို့သည်လည်း ထိုအတိုင်းပင် ဖြစ်သည်။
ပုံမှန်အားဖြင့် လူကြိုက်သိပ်မများလှသော ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ Facebook စာမျက်နှာသည်ပင် Like လုပ်သူ နှစ်သန်းကျော် ဖြစ်သွားသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး ရှိသူ တွေ့ရှိကြောင်း အစိုးရက စတင် ကြေညာသည့် ညသန်းခေါင်ရက်မှ စ၍ ယင်းစာမျက်နှာကို စိတ်ဝင်စားသူ ပိုများ ပြားလာသည်။ ဝန်ကြီးဌာနက ထုတ်ပြန် သည့် နေ့စဉ်ရောဂါပိုးတွေ့သူ စာရင်းကို ညနက်သန်းခေါင်စောင့်ကြည့်သူများပင် များလာသည်။
Facebook ပေါ်တွင် စာမျက်နှာ အသစ်များလည်း ဖွင့်လှစ်လာကြသည်။ ကျေးရွာအလိုက် ပြည်တော်ပြန် စောင့်ကြည့် ရေးစင်တာများသည်ပင် စင်တာတစ်ခု လျှင် Facebook စာမျက်နှာ တစ်ခုဖွင့် ကြကာ သတင်းထုတ်ပြန်၊ သတင်းဖလှယ် ကြသည်။
ပြည်သူများ၏ သတင်းငတ်မှု၊ သတင်းအမှန်သိလိုမှု၊ ဖလှယ်လိုမှုကို ထင်ထင်ရှားရှားတွေ့ရသည်။
သတင်းသမားများကလည်း ရောဂါပိုး အချိန်မရွေး ကူးစက်ခံရနိုင်သည့်တိုင် ကွင်းထဲ ဆင်းရသည်။ အချို့ကတော့ နေအိမ်မှ အလုပ်လုပ်သည်။ ယခုကဲ့သို့ သော အချိန်တွင် ပြည်သူများ သတင်းမှန် သိခွင့်ရရေး ပိုအလုပ်များရသည့် အချိန် လည်း ဖြစ်သည်။
ထိုသို့သော ကပ်ဆိုက်သည့် အခြေ အနေတွင် မီဒီယာများ၏ အခန်းကဏ္ဍက ပိုအရေးကြီးလာသည်။ လက်ငင်း အဖြစ် အပျက်များကို မှန်မှန်ကန်ကန် သတင်းပို့ရန် လိုသကဲ့သို့ ကပ်အခြေအနေ၏ အတိုင်း အဆ၊ ကပ်ကြီးပြီး အနာဂတ် စသည့်ဖြင့် နက်နက်ရှိုင်းရှိုင်း သတင်းတင်ဆက်ရန် အရေးကြီးလာသည်။
ယခုအချိန်သည် လူထုက ဘာကို စိုးရိမ်သင့်သည်၊ ဘာကိုတော့ ကြောက် လန့်တကြား မဖြစ်သင့်၊ အနာဂတ်အတွက် ဘာတွေကို ကြိုပြင်သင့်သည် စသည့် သတင်းအချက်အလက်မှန်များကို အချိန် မဆိုင်းဘဲ သိရမည့် အချိန်လည်း ဖြစ်သည်။
ထိုကြောင့်ပင် Facebook ကုမ္ပဏီ နိုင်ငံအရပ်ရပ်က ပြည်တွင်း သတင်း မီဒီယာများကို စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကူညီရန် ကြော်ငြာခဲ့ သည်။ တကယ်တော့ Facebook လူမှု ကွန်ရက် ကြီးမားလာပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းများ၏ ကြေညာများလည်း ပင်မသတင်းမီဒီယာများအစား Facebookပေါ် ရောက်သွားမှု၊ သို့သော် Facebookကြောင့် သတင်းမှား၊ သတင်းအတုများ ပိုပြန့်လွယ်မှု၊ လူအများ၏ ဆုံးဖြတ်ချက်များကို Facebook ပေါ်မှ ကြော်ငြာများသုံးသာ လှည့်စားမှု စသည်တို့ကြောင့် ဝေဖန်ခံရသော လုပ်ငန်းတစ်ခု ဖြစ်သည်။
သို့သော် ထိုကဲ့သို့ သတင်းမီဒီယာတွေ အရေးကြီးချိန်၊ ပိုအလုပ်လုပ်ရမည့် အချိန်တွင်မှ အစိုးရက ထူးဆန်းသော ချေမှုန်းရေးတစ်ရပ် ပြုလုပ်လာသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် သတင်းသမားများကို စတင်ဖမ်းဆီးလာခြင်း ဖြစ်သည်။ ရခိုင်လက်နက်ကိုင်အဖွဲ့ (အေအေ)နှင့် တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြသည်ဟုဆိုကာ ရခိုင်နှင့် မန္တလေး အခြေစိုက် သတင်းစာဆရာ နှစ်ဦးကို ဖမ်းလိုက်သည်။
ထိုသို့ တွေ့ဆုံမေးမြန်းခန်းဖော်ပြမှုဖြင့် အခြားသတင်းစာဆရာများကိုလည်း လိုက်လံစုံစမ်းမေးမြန်းမှုများ ရှိလာသည်။ သတင်းမီဒီယာကောင်စီအပါအဝင် ပြည်တွင်းမှ သတင်းမီဒီယာအဖွဲ့အစည်းများ၊ နိုင်ငံတကာ သတင်း မီဒီယာအဖွဲ့အစည်းများ၊ မီဒီယာလွတ်လပ်ခွင့် အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများ ဝေဖန် ကန့်ကွက်နေသည့်ကြားမှပင် အစိုးရက မီဒီယာတို့အပေါ် စစ်မျက်နှာဖွင့်လိုက်ပြန်သည်။
အခုအချိန် အရေးကြီးဆုံး တိုက်ပွဲမှာ ကိုရိုနာကပ်ရောဂါဖြစ်သည်။ ကျန်းမာရေး စစ်မျက်နှာကလည်း တိုက်ရသည်။ ထိုကပ်ရောဂါကြောင့် နဂိုကမှ သိပ်မကောင်းလှသော မြန်မာ့စီးပွားရေးကိုလည်း ယိုင်သွား စေသည်။ ပြည်တွင်းစစ်ကလည်း မပြီးသေး။ ရခိုင်တွင်လည်း စစ်ပွဲနွှဲနေရသေးသည်။
နိုင်ငံတကာအကူအညီဆိုသည်မှာလည်း ယခုအချိန် ပိုဝေးနေသည်။ နိုင်ငံတိုင်းက သူ့အပူနှင့်သူမို့ များစွာဂရုစိုက် မနိုင်လှ။
သို့သော် မြန်မာအစိုးရတော့ စစ်မျက်နှာတွေ တစ်သီကြီးဖွင့်ရင်း တိုက်နေသည်။ နဂိုကမှ လူ၊ ငွေ၊ နည်းပညာအင်အားချို့တဲ့ရသည့် ကြားထဲ စစ်မျက်နှာပေါင်းစုံ ဖွင့်တိုက်နေသည်ကိုတော့ အံ့ဩချီးကျူးရ သည်။
မည်သို့ တွေးတော၊ စဉ်းစား၊ မေးခွန်းထုတ်ရမည်ကိုပင် မသိလေတော့။
ခွန်းသု