BREAKING
March 9, 2025

ရေဖြူတံတားစစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်

March 7, 2025

ထားဝယ်မြစ်၏အရှေ့ဘက် ရေဖြူမြို့ပေါ်ရှိ ရေဖြူတံတားစစ်ဆေးရေးဂိတ်တွင် ယနေ့ ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

ယနေ့ မတ်လ ၇ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံများက ပြောသည်။

“လက်နက်ကြီးတွေရောပဲ၊ မိနစ်သုံးဆယ်လောက်ကြာမယ်၊ အပြန်အလှန်ပစ်‌ကြတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ က တံတားအရှေ့ဘက်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်းကို လာရောက်တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။

ရေဖြူတံတားစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၁ ရက်ကလည်း တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်၏ ကျောက်ကညာအခြေစိုက် အမြောက်တပ်က ပစ်ကူ‌ပေးသည့် လက်နက်ကြီးကျည် ထိမှန်ခြင်းကြောင့် ရေဖြူအနောက်ကမ်းရှိ နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့သည်။

သို့သော် ယနေ့ ပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်တော်လှန်ရေးတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်နှင့် ထိခိုက်မှု အခြေအနေတို့ကိုမူ Dawei Watch က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ယနေ့ ညနေပိုင်းတွင် ရေဖြူမြို့နှင့် အနီးဝန်းကျင်တွင် တိတ်ဆိတ်နေပြီး တံတားဖြတ်သန်းသွားသည့် ခရီးသွားပြည်သူများလည်း မရှိသလောက် နည်းနေကြောင်း မြို့ခံများက ပြောသည်။