၁၉၄၅ နောက်ပိုင်း ကမ္ဘာ့အစီအစဉ်ရဲ့ အကွဲအပြဲက အရှိန်ရလာနေပါပြီ။
အခုအပတ် ကုလသမဂ္ဂမှာ မြင်ခဲ့ရတဲ့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကတော့ အမေရိကန်ဟာ ယူကရိန်းနဲ့ ဥရောပကို ဆန့်ကျင်ပြီး ရုရှား ၊ မြောက်ကိုရီးယားတို့နဲ့ တစ်ဘက်တည်း ရပ်ခဲ့တာပါပဲ။
ဂျာမဏီအဓိပတိသစ် ဖြစ်လာနိုင်ခြေရှိတဲ့ ဖရက်ဒရစ်မာ့ဇ်က သတိပေးတယ်။
နေတိုးအဖွဲ့ကြီးဟာ အခုနှစ် ဇွန်လထက် နောက်မကျဘဲ အသက်ထွက်သွားနိုင်တယ်တဲ့။
အင်အားကြီးနိုင်ငံတွေအချင်းချင်း အပေးအယူလုပ်ပြီး အင်အားသေးတဲ့ နိုင်ငံတွေအပေါ် အနိုင်ကျင့်မယ့် “အင်အားကြီးသူက မှန်တယ်” ဆိုတဲ့ဘက်ကို ကမ္ဘာက လျှင်လျှင်မြန်မြန် ချဉ်းကပ်လာနေပါပြီ။
ထရမ့်နဲ့ သူ့အဖွဲ့က သူတို့ရဲ့ အပေးအယူလုပ်တဲ့နည်းက ငြိမ်းချမ်းရေးကို ယူဆောင်လာပေးလိမ့်မယ်လို့ အခိုင်အမာ ပြောနေကြပါတယ်။
အနှစ် ၈၀ ဂုတ်ခွစီးခံလာရပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ စူပါပါဝါအဆင့်အတန်းကနေ အကျိုးအမြတ်ထွက်အောင် လုပ်မယ်လို့ သူတို့က ဆိုတယ်။
ဒါပေမဲ့ အဲဒါက ကမ္ဘာကြီးကို ပိုပြီးအန္တရာယ်ရှိလာစေမှာဖြစ်သလို အမေရိကန်ပြည်ထောင်စုကိုလည်း ပိုအင်အားနည်းပြီး ပိုဆင်းရဲလာစေမှာပါ။
‘ဒွန်ကွန်လီယိုနေ’ဟန် အမေရိကန်
ခင်ဗျားအနေနဲ့ ကမ္ဘာ့အစီအစဉ်ကို စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာပါ။ ဒါပေမဲ့ ကမ္ဘာ့အစီအစဉ်ကတော့ ခင်ဗျားကို စိတ်ဝင်စားပါတယ်။
လက်ရှိ အမေရိကန်ရဲ့ ‘ဒွန်ကွန်လီယိုနေ’ပုံစံချဉ်းကပ်မှုကို ယူကရိန်းမှာ မြင်နေရပါပြီ။ (‘ဒွန်ကွန်လီယိုနေ’ ဆိုတာက The Godfather ရုပ်ရှင်ထဲက ရာဇဝတ်ဂိုဏ်းမိသားစု၏ ခေါင်းကိုင်ဖခင်ကြီးရဲ့ နာမည် ဖြစ်ပါတယ်။ အခု ထရမ့် လုပ်နေတာတွေက ‘ဒွန်ကွန်လီယိုနေ’ရဲ့ ဗျူဟာတွေနဲ့ တူနေတာကြောင့် ‘ဒွန်ကွန်လီယိုနေ’ ပုံစံချဉ်းကပ်မှုလို့ ခိုင်းနှိုင်းသုံးနှုန်းထားတာ ဖြစ်ပါတယ်။) ကနဦးမှာတော့ အမေရိကန်တာဝန်ရှိသူတွေက ယူကရိန်းဘက်ကနေ ဒေါ်လာဘီလီယံ ၅၀၀ တောင်းခဲ့ပါတယ်။
ဒါပေမဲ့ ယူကရိန်းမှာ တွင်းထွက်သတ္တု ထုတ်လုပ်ရေးအတွက် နှစ်နိုင်ငံပူးတွဲရန်ပုံငွေတစ်ရပ် ထူထောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သဘောတူကျေလည်သွားပါတယ်။ အဲဒီသဘောတူညီချက်က ဘယ်လိုမျိုးလဲဆိုတာတော့ သိပ်မရှင်းလင်းပါဘူး။
အဲဒီသဘောတူညီချက်အတွက် အပြန်အလှန်အနေနဲ့ အမေရိကန်ကနေ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက် ဖန်တီးပေးမလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ထရမ့်အစိုးရအဖွဲ့ဟာ မတူတဲ့ အမြင်တွေ ၊ အတ္တသမားတွေနဲ့ ပြည့်နှက်နေပါတယ်။
ဒါပေမဲ့သူတို့ တူညီတဲ့အချက် ကတော့ ၁၉၄၅ နောက်ပိုင်း မဟာမိတ်ဆက်ဆံရေးနဲ့ စည်းမျဉ်းစည်းကမ်းမူဘောင်အောက်မှာ အမေရိကန်တွေဟာ မမျှတတဲ့ ကုန်သွယ်မှုကနေ ဂုတ်သွေးစုပ်ခံနေရတယ်။ နိုင်ငံခြားက စစ်ပွဲတွေအတွက် အမေရိကန်တွေက ပိုက်ဆံအိတ်စိုက်ပေးနေရတယ်ဆိုတဲ့ အမြင်ပါပဲ။
အပေးအယူလုပ် ချဉ်းကပ်ပုံကတစ်ဆင့် အမေရိကန် အမျိုးသားအကျိုးစီးပွားကို သူ့အနေနဲ့ ပိုထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ မစ္စတာထရမ့်က ထင်နေတယ်။ (ဒါကြောင့်ပဲ ထရမ့်ဟာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေအပေါ်မှာ အပေးအယူသဘော ချဉ်းကပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အမေရိကန်အကျိုးအမြတ်ကို ဖော်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ထရမ့် ဒီလိုမျိုး လုပ်နေတာတွေက အမေရိကန်အတွက် အကျိုးအမြတ်ရစေတာမဟုတ်ဘဲ ထိခိုက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။)
ဒီလိုအပေးအယူသဘောချဉ်းကပ်မှုနဲ့ နယ်မြေ ၊ နည်းပညာ ၊ တွင်းထွက်ပစ္စည်း စတဲ့ အရာအားလုံးကို သူ အပိုင်ချိုင်နိုင်မယ်လို့ ထရမ့်က ထင်နေတာပါ။
“ကျွန်တော့်ဘဝတစ်ခုလုံးက အပေးအယူတွေချည်းပဲ”
ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ယူကရိန်းအရေးဆွေးနွေးပြီးတဲ့နောက် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ကို ထရမ့်က ပြောခဲ့တဲ့စကားပါ။
Steve Witkoff တို့လို စီးပွားရေးကျွမ်းကျင်တဲ့ ထရမ့်လူယုံတော်တွေက ကမ္ဘာ့မြို့တော်တွေအကြား လေယာဉ်နဲ့ ခေါက်တုံ့ခေါက်ပြန် ကူးလူးပျံသန်းနေပါတယ်။ အကျိုးစီးပွားပန်းတိုင်ချင်း ချိတ်ဆက်ပေါင်းဖက်ဖို့အတွက်ပါ။ အဲလို လုပ်တဲ့အထဲမှာ အစ္စရေးကို ဆော်ဒီက အသိအမှတ်ပြုလာအောင် ကြိုးစားတာကနေ ရုရှားကို လူရာပြန်ဝင်လာအောင် လုပ်ပေးတာအထိ ပါပါတယ်။
အကျိုးစီးပွားပဓာန အမေရိက
ထရမ့်ရဲ့ အကျိုးစီးပွားပဓာန ချဉ်းကပ်ပုံအသစ်က နိုင်ငံတွေကို ရနိုင်တဲ့ အကျိုးအမြတ် ပုံစံတွေနဲ့ အဆင့်သတ်မှတ်ပြီး ချဉ်းကပ်တာပါပဲ။
နံပါတ်တစ် ထိပ်ဆုံးနေရာမှာက အမေရိကန်ပြည်ထောင်စုပါ။ သူ့ရဲ့ အမေရိကန်ပြည်ထောင်စုက အကျိုးအမြတ် အများဆုံးရဖို့ ရည်ရွယ်တာပါ။
ထုတ်ရောင်းစရာ အရင်းအမြစ်ရှိတဲ့နိုင်ငံတွေ ၊ အမေရိကကို ခြိမ်းခြောက်နိုင်တဲ့ နိုင်ငံတွေ ၊ ဒီမိုကရေစီစနစ်ရဲ့ ကန့်သတ်ထိန်းကွပ်မှုကို မခံရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေက ဒုတိယအဆင့်မှာ ရှိပါတယ်။ ဗလာဒီမာပူတင်က ရုရှားကို အင်အားကြီးနယ်ချဲ့နိုင်ငံအဆင့်ရောက်အောင် ပြန်တွန်းတင်ချင်နေပါတယ်။ ဆော်ဒီအာရေဗျရဲ့ အိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က အရှေ့အလယ်ပိုင်းကို ခေတ်မီလာစေချင်ပြီး အီရန်ရဲ့ ရန်ကနေ ရှောင်ရှားချင်နေပါတယ်။ ကွန်မြူနစ်ဝါဒီစစ်စစ်တစ်ယောက်ဖြစ်တဲ့ တရုတ်သမ္မတရှီကျင့်ဖျင်က အင်အားကြီးမားတဲ့ တရုတ်ပြည်မကြီးနဲ့ ကိုက်ညီမယ့် ကမ္ဘာတစ်ခုကို လိုချင်နေတဲ့ အမျိုးသားရေးဝါဒီတစ်ယောက်လည်း ဖြစ်ပါတယ်။
တတိယအဆင့်မှာ ရှိနေတာကတော့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေရဲ့ အမေရိကန်အပေါ် မှီခိုမှုနဲ့ သစ္စာရှိမှုဟာ အမြတ်ထုတ်စရာ အားနည်းချက်တစ်ခုအနေနဲ့ ရှုမြင်ခံရပါတယ်။
၁၉၄၅ နောက်ပိုင်း စည်းမျဉ်းစည်းကမ်းတွေ (အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့အစီအစဉ်)ကို ဖောက်ခွဲပစ်လိုက်ပြီး နယ်မြေတွေဆိုတာက ညှိနှိုင်းအပိုင်စီးစရာလိုမျိုး ဖြစ်လာပါတယ်။ ထရမ့်နဲ့ ပူတင်ရဲ့ လက်ဆွဲမှုကနေ ယူကရိန်းရဲ့ နယ်နိမိတ်တွေကို ပြန်သတ်မှတ်လိုက်တာမျိုး ဖြစ်လာနိုင်ပါတယ်။
၁၇ လတာ စစ်ပွဲကနေ အစ္စရေး ၊ လက်ဘနွန် ၊ ဆီးရီးယားတို့ရဲ့ နယ်နိမိတ်တွေက မရှင်းမလင်း ဖြစ်လာခဲ့ပါတယ်။ ဒီလို ဖြစ်လာတာကို ပြင်ပအင်အားကြီးနိုင်ငံတွေက ဂရုမစိုက်ပါဘူး။
မစ္စတာထရမ့်က ဂါဇာကို မျက်စိကျလာပါတယ်။ ဂရင်းလန်းကိုလည်း မျက်စိကျလာပါတယ်။ တရုတ် – အမေရိကန်အကြား ဘယ်လိုဆွေးနွေးမှုတွေမှာမဆို တရုတ်သမ္မတ မစ္စတာရှီအနေနဲ့ နယ်မြေရယူဖို့အတွက် အပေးအယူလုပ်လာနိုင်ပါတယ်။ ဥပမာအနေနဲ့ တရုတ်ပို့ကုန်တွေကို ကန့်သတ်လျှော့ချဖို့ (အမေရိကန် ထုတ်ကုန်တွေ စျေးကွက်ပိုရလာဖို့) ကမ်းလှမ်းပြီး ထိုင်ဝမ် ၊ တောင်တရုတ်ပင်လယ်နဲ့ ဟိမဝန္တာတောင်တန်းဒေသ အရေးတို့မှာ အမေရိကန်ဘက်က အလျှော့ပေးတာတွေလုပ်ဖို့ တောင်းဆိုတာမျိုးတွေပါ။
စီးပွားရေးကိစ္စညှိနှိုင်းဆွေးနွေးမှုတွေဟာ ကုန်သွယ်စည်းကြပ်ခွန်တွေသက်သက်ဆိုတာထက် အများကြီးပိုလာခဲ့ပါပြီ။ နိုင်ငံတော်အာဏာနဲ့ စီးပွားရေးကိစ္စကို ပေါင်းစပ်တာမျိုးအထိ ရောက်လာခဲ့ပါပြီ။
ဒါက ကုန်စည်ကူးသန်းရောင်းဝယ်မှုဟာ ဘက်မလိုက်ဘဲ မျှတတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်တာ အကောင်းဆုံးပဲ ဆိုတဲ့ အယူအဆကနေ နောက်ပြန်ဆုတ်သွားတဲ့ သဘောပါ။
ရုရှား ၊ ဆော်ဒီအာရေဗျ ၊ ထိုင်ဝမ် ၊ ယူကရိန်းတို့နဲ့ အမေရိကန်အကြား ဘက်နှစ်ဘက်တည်း ဆွေးနွေးမှုတွေမှာ ရေနံထုတ်လုပ်ရေး ၊ ဆောက်လုပ်ရေးစီမံကိန်း ၊ စီးပွားရေးပိတ်ဆို့မှု ၊ Intel ကုမ္ပဏီရဲ့ စက်ရုံတွေ တည်ဆောက်ရေး ၊ အီလွန်မတ်ရဲ့ Starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုနဲ့ ကန္တာရထဲ ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပရေးတို့ ပါဝင်ပါတယ်။
အကျိုးစီးပွား ပဋိပက္ခများ
ဒီအပေးအယူသမားအသစ်တွေက သူတို့ရဲ့ ချဉ်းကပ်ပုံဟာ ကမ္ဘာကြီးကို အကျိုးရှိစေလိမ့်မယ်လို့ အခိုင်အမာ ပြောကြပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုအတွက်လည်း အကျိုးရှိစေတယ်လို့ မစ္စတာထရမ့်က ဆိုပါတယ်။
၁၉၄၅ နောက်ပိုင်း ကမ္ဘာ့အစီအစဉ်ဟာ ပုပ်သိုးယိုယွင်းသွားခဲ့ပြီဆိုပြီး မစ္စတာထရမ့်နဲ့ ကမ္ဘာ့တောင်ခြမ်း နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ ပြောဆိုတာဟာ မှန်ကန်ပါတယ်။
သံတမန်ဆက်ဆံရေးက အကြောသေသွားတဲ့အချိန်မှာ ပုံမှန်မဟုတ်ဘဲ အစဉ်အလာကနေ ကွဲထွက်တဲ့ အိုင်ဒီယာတွေက အလုပ်ဖြစ်နိုင်ပါတယ်။ အစ္စရေးနဲ့ အာရပ်နိုင်ငံအချို့အကြား ချုပ်ဆိုခဲ့တဲ့ အေဘရာဟမ်သဘောတူညီချက်(Abraham accords) ကိုပဲ စဉ်းစားကြည့်ပါ။
(အေဘရာဟမ် သဘောတူညီချက်စာချုပ်ဆိုတာ အစ္စရေးနဲ့ အာရပ်နိုင်ငံအချို့အကြား သံတမန်ဆက်ဆံရေးထူထောင်ဖို့ ၂၀၂၂ ခုနှစ်က သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ် ဖြစ်ပါတယ်။)
ဒါပေမဲ့အပေးအယူလုပ်တဲ့နည်းကို အဓိကလမ်းညွှန်မူအနေနဲ့ သုံးခဲ့တာပါ။ ဒီလို လုပ်ရာမှာ ရှုပ်ထွေးမှုကလည်း အလွန့်အလွန်ပါပဲ။
ဆော်ဒီအာရေဗျက အီရန်ကို ဟန့်တားဖို့အတွက် ကာကွယ်ရေးသဘောတူညီမှုတစ်ခု လိုချင်တယ်။ တကယ်လို့ ဆော်ဒီအာရေဗျကသာ အစ္စရေးကို အသိအမှတ်ပြုရင် အမေရိကန်က ဒါကို ပေးနိုင်ခြေ ရှိတယ်။
ဆော်ဒီအာရေဗျအနေနဲ့ အစ္စရေးကို အသိအမှတ်ပြုဖို့ဆိုတာကလည်း အစ္စရေးနဲ့ ပါလက်စတိုင်းတွေက အနာဂတ်မှာ နှစ်နိုင်ငံအဖြစ် ယှဉ်တွဲနေထိုင်မှုကို ထောက်ခံကြဖို့ လိုအပ်ပြန်တယ်။
ဒါကိုကျပြန်တော့လည်း ထရမ့်ရဲ့ ဂါဇာမှာ ငြိမ်းချမ်းရေးတည်ဆောက်မှုအစီအစဉ်က လက်မခံပြန်ဘူး။ ရုရှားက သူ့အပေါ် ချမှတ်ထားတဲ့ ရေနံပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားပေးစေချင်တယ်။
ဒါပေမဲ့အဲလို ဖယ်ရှားပေးလိုက်ရင် ဆော်ဒီအာရေဗျရဲ့ ဝင်ငွေကို ထိခိုက်သွားလိမ့်မယ်။ အိန္ဒိယရဲ့ ကုန်ကျစရိတ်ကို ပိုများသွားစေမယ်။ ကျန်တဲ့ရှုပ်ထွေးမှုတွေလည်း အများကြီး ရှိပါသေးတယ်။
ဒီလိုအချိန်မျိုးမှာ နယ်စပ်မျဉ်းတွေက ယှဉ်ပြိုင်လုယူသိမ်းပိုက်စရာ ဖြစ်လာတဲ့အခါ စစ်ပွဲတွေက နောက်ဆက်တွဲ လိုက်လာပါတယ်။
အိန္ဒိယလို ဧရာမနိုင်ငံကြီးတွေတောင်မှ မလုံမခြုံ ခံစားရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မစ္စတာထရမ့်က အာဏာကို အမေရိကန်အင်စတီကျူးရှင်းတွေအပေါ်မှာ အခြေခံထားတာလို့ မမြင်ဘဲ သူ့ကိုယ်ပိုင်ဥစ္စာလို့ မြင်နေတာကြောင့်မို့ပါ။ သူနဲ့ လုပ်ထားတဲ့ သဘောတူညီချက်တွေက ကြာရှည်ခံမှာပါဆိုပြီး သူနဲ့ အဆင့်တူ နိုင်ငံ့ခေါင်းဆောင်တွေကို စည်းရုံးနားချတဲ့ နေရာမှာ ထရမ့် အခက်တွေ့နိုင်ပါတယ်။ အကြောင်းရင်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ ထရမ့်ဟာ ဟင်နရီကစ်ဆင်းဂျား မဟုတ်လို့ပါပဲ။
(ဟင်နရီကစ်ဆင်းဂျားဟာ ၁၉၇၀ ပြည့်နှစ်လွန်ကာလတွေအတွင်း အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ အင်မတန်လွှမ်းမိုးမှု ကြီးမားခဲ့တဲ့ လက်တွေ့နိုင်ငံရေးရဲ့ ကမ္ဘာကျော်ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ပါတယ်။ သမ္မတရစ်ချတ်နစ်ဆန်နဲ့ သမ္မတဂျရဲလ်ဖော့ဒ်တို့ လက်ထက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်လုံခြုံရေးအကြံပေးအဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုနဲ့ အမေရိကန်ပြည်ထောင်စုကြား တင်းမာမှုလျှော့ချရေး မူဝါဒကို စတင်မောင်းနှင်ခဲ့သူ ဖြစ်ပါတယ်။ ကွန်မြူနစ်ဝါဒီ တရုတ်ပြည်မကြီးအစိုးရနဲ့ သံတမန်ဆက်ဆံရေး တံတားခင်းခဲ့သူ ဖြစ်ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ပါဝင်နေမှုကို အဆုံးသတ်ပေးလိုက်တဲ့ ပဲရစ်ငြိမ်းချမ်းရေးသဘောတူညီချက်ရလာအောင် ဆွေးနွေးညှိနှိုင်းခဲ့သူ ဖြစ်ပါတယ်။ ဗီယက်နမ်စစ် အဆုံးသတ်ရေး သူ့ရဲ့ အားထုတ်မှုတွေကြောင့် ဟင်နရီကစ်ဆင်းဂျားဟ ၁၉၇၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဆွတ်ခူးခဲ့ပါတယ်။ )
ဥပဒေမဲ့ ကမ္ဘာသစ်သို့
ထရမ့်ဦးဆောင်တဲ့ အမေရိကရဲ့ အပေးအယူချဉ်းကပ်မှုရဲ့ ဒဏ်ကို ကမ္ဘာကြီးကလည်း ခံစားရမှာပါ။
မစ္စတာထရမ့် နားမလည်တာတစ်ခုက အမေရိကန်ပြည်ထောင်စုလည်း ဒီဒဏ်ကို ခံစားရမယ်ဆိုတာပါပဲ။
အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အခန်းကဏ္ဍကြောင့် အမေရိကန်ပြည်ထောင်စုမှာ စစ်ဘက်ဆိုင်ရာကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုး ရှိနေပါတယ်။
ကုန်သွယ်ရေးလွတ်လပ်မှုကလည်း အမေရိကန်လုပ်ငန်းအချို့ကို ထိခိုက်စေပါတယ်။
ဒါပေမဲ့အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အခန်းကဏ္ဍကြောင့် အမေရိကန်က ပြန်ရတာက ပိုများပါတယ်။ ကုန်သွယ်မှုက အမေရိကန်စားသုံးသူတွေအတွက် အကျိုးများစေပြီး သွင်းကုန်အပေါ် မှီခိုနေရတဲ့ အမေရိကန်လုပ်ငန်းတွေအတွက်လည်း အကျိုးရှိစေပါတယ်။
ဒေါ်လာအခြေပြုဘဏ္ဍာရေးစနစ်ရဲ့ ဗဟိုအချက်အခြာ အသည်းနှလုံးဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စုဟာ ပြည်ပချေးငွေအတွက် အတိုးပြန်ဆပ်ရာမှာ တစ်နှစ်ကို ဒေါ်လာ ၁၀၀ ဘီလီယံကျော် သက်သာပြီးသား ဖြစ်ပါတယ်။ ဒါက အမေရိကန်အစိုးရကို ဘဏ္ဍရေးလိုငွေ ကြီးကြီးမားမား ပြနေရင်လည်း လည်ပတ်နေနိုင်အောင် ဖန်တီးပေးထားပါတယ်။
အမေရိကန်ကုမ္ပဏီတွေရဲ့ နိုင်ငံရပ်ခြားမှာ လုပ်ငန်းလည်ပတ်လုပ်ကိုင်နေမှုဟာ ဒေါ်လာ ၁၆ ထရီလီယံ တန်ဖိုး ရှိပါတယ်။ အဲဒီလုပ်ငန်းတွေ ပြည်ပမှာ ကောင်းကောင်းရှင်သန်ဖွံ့ဖြိုးနိုင်ကြတာဟာ ရှင်းလင်းမြင်သာပြီး ဘက်မလိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစည်းမျဉ်းတွေကြောင့် ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူနဲ့ ယာယီခဏပန်းမျက်နှာသာပေးတဲ့ နည်းလမ်းတွေကြောင့် မဟုတ်ပါဘူး။ ဒီလိုနည်းလမ်းတွေက တရုတ်နဲ့ ရုရှားကုမ္ပဏီတွေအတွက် အများကြီး ပိုသင့်တော်ပါသေးတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဥရောပကို တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) လုံးဝ စွန့်ခွာသွားလို့ရတယ်ဆိုပြီး မစ္စတာထရမ့်က ယုံကြည်နေပါတယ်။ အာရှမဟာမိတ်တွေကိုလည်း အလားတူ စွန့်ပစ်နိုင်တယ်လို့ သူက ယုံကြည်နေပါတယ်။
အမေရိကန်ပြည်ထောင်စုကို လှပတဲ့ သမုဒ္ဒရာတစ်စင်းက ခွဲခြားထားပေးတယ်လို့ သူ ပြောခဲ့ပါတယ်။
ဒါပေမဲ့ မျက်မှောက်ခေတ် စစ်ပွဲတွေဟာ အာကာသနဲ့ ဆိုက်ဘာနည်းပညာတို့ ပါဝင်တဲ့ စစ်ပွဲတွေ ဖြစ်လာပါပြီ။
ပထဝီရုပ်ပိုင်းဆိုင်ရာအကွာအဝေးဟာ ၁၉၄၁ ခုနှစ်တုန်းကထက် ပိုအကာအကွယ်နည်းသွားပါပြီ။ ၁၉၄၁ ခုနှစ်မှာ ပုလဲဆိပ်ကမ်းကို ဂျပန်ရဲ့ တိုက်ခိုက်မှုက အမေရိကန်ရဲ့ တစ်ကိုယ်တော်ဝါဒကို အဆုံးသတ်ပေးခဲ့ပါတယ်။
အဲဒီထက်ပိုတာက အမေရိကန်အနေနဲ့ ပါဝါအမာကို ထုတ်ပြပြီး သူ့အမိမြေကို ကာကွယ်လိုတဲ့အချိန်တွေမှာ မဟာမိတ်တွေရဲ့အကူအညီကို အားထားမှီခိုရတာပါပဲ။ ဂျာမဏီက ရမ်ရှ်တိုင်းလေတပ်စခန်းနဲ့ ဩစတြေးလျက ပိုင်းဂတ်စ်ဂြိုဟ်တုထောက်လှမ်းရေးစခန်းကနေ ကနေဒါနိုင်ငံ အာတိတ်ဒေသက မစ်ဆိုင်းဒုံးခြေရာခံစနစ်အထိပါပဲ။
မစ္စတာထရမ့်ရဲ့ ကမ္ဘာမှာတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အဲဒါတွေကို အခမဲ့ သုံးစွဲခွင့် ရတော့မှာ မဟုတ်ပါဘူး။
အပေးအယူလုပ်တဲ့နည်းကို ထောက်ခံလှုံ့ဆော်နေကြသူတွေကတော့ အမေရိကန်ဟာ သူလိုချင်တာကို အပေးအယူလုပ်တဲ့နည်းနဲ့ ရနိုင်မယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ အမေရိကန်အပေါ် မဟာမိတ်နိုင်ငံတွေက ဆယ်စုနှစ်နဲ့ချီ မှီခိုအားထားလာတာတွေကို မစ္စတာထရမ့်က အမြတ်ထုတ်တာကြောင့် အမေရိကန်ရဲ့ ဩဇာအရှိန်အဝါက လျှင်လျှင်မြန်မြန်ပဲ ကျဆင်းစုတ်ပြဲသွားမှာပါ။
အမေရိကန်ရဲ့ သစ္စာဖောက်မှုကို ခံစားမိတဲ့ ဥရောပအပြင် အခြားနေရာတွေက မဟာမိတ်နိုင်ငံတွေက သူတို့ လုံခြုံရေးအတွက် သူတို့အချင်းချင်းပဲ တိုင်ပင်အားထားလာကြမှာပါ။ ဖရိုဖရဲအခြေအနေတွေ ပျံ့နှံ့လာရင် အမေရိကန်ဟာ သူ့မှာ ကိရိယာတန်ဆာပလာတွေ ပိုနည်းလာခဲ့ရင်တောင်မှ ခြိမ်းခြောက်မှုအသစ်တွေကို ရင်ဆိုင်လာရမှာပါ။ အမေရိကန်ရဲ့ မဟာမိတ်ဆက်ဆံရေးတွေ အားနည်းသွားပြီး ၊ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တွေက အားနည်း (သို့မဟုတ်) ကျိုးပေါက်ပျက်စီးလာတဲ့အချိန် အာရှတိုက်မှာ အဏုမြူလက်နက်တွေ သူ့ထက်ငါကဲ တပ်ဆင်လာကြမယ့် ပြိုင်ပွဲကြီးကို မြင်ယောင်ကြည့်ပါ။
အန္တရာယ်များတဲ့ အချိန်တစ်ခုမှာ မိတ်ဆွေကောင်း ၊ ယုံကြည်စိတ်ချအားထားရမှုနဲ့ စည်းမျဉ်းစည်းကမ်းတွေက လွယ်လွယ်ရလာတဲ့ ပိုက်ဆံထက် အများကြီး ပိုတန်ဖိုးရှိပါတယ်။ အမေရိကန်ကွန်ဂရက်လွှတ်တော် ၊ ဘဏ္ဍာရေးဈေးကွက်နဲ့ မဲဆန္ဒရှင်တွေက မစ္စတာထရမ့်ကို နောက်ပြန်ဆုတ်ဖို့ စည်းရုံးသိမ်းသွင်းနိုင်စွမ်း ရှိပါသေးတယ်။ ဒါပေမဲ့ကမ္ဘာကြီးကတော့ ဥပဒေမဲ့သော ခေတ်တစ်ခေတ်အတွက် စတင်ပြင်ဆင်ပြီးသား ဖြစ်နေပါပြီ။
စျာန်ဟိန်း
(၂၀၂၅ မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အတွက် ထုတ်ဝေသည့် The Economist မဂ္ဂဇင်းပါ Dealing with the Don ဆောင်းပါးကို မူရင်းအာဘော်အတိုင်း ဆီလျော်အောင် ဘာသာပြန်ဆိုသည်)