BREAKING
March 9, 2025

ဘုတ်ပြင်းဒေသထွက် ငှက်သိုက်အကြမ်း ဈေးကျ

March 7, 2025

ဘုတ်ပြင်းဒေသထွက် ငှက်သိုက်အကြမ်း ဈေးကျကြောင်း ငှက်သိုက်မွေးမြူသူများနှင့် ဈေးကွက်အတွင်းမှ သိရသည်။

ယမန်နှစ်က ငှက်သိုက်အကြမ်း တစ်ပိဿာလျှင် ငွေကျပ် သိန်း ၃ဝကျော် ဈေးပေါက်ခဲ့ပြီး လက်ရှိအချိန်တွင် သိန်း ၂၀ ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်း ‌ဘုတ်ပြင်းမြို့နယ်ရှိ ငှက်သိုက်ရောင်းဝယ်သူအချို့က ဆိုသည်။

ဘုတ်ပြင်းဒေသထွက် ငှက်သိုက်အများစုကို မြိတ်မြို့ရှိ ကုန်သည်များက အဓိကဝယ်ယူကြပြီး လက်ရှိတွင် ငှက်သိုက် အကြမ်းထက် သန့်စင်ပြီး ငှက်သိုက်ကိုသာ ဝယ်ယူကြသဖြင့် ငှက်သိုက်အကြမ်း ဈေးကျလာခြင်းဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ငှက်သိုက်မွေးမြူနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ငှက်သိုက်ကုန်ကြမ်းတွေကို အကုန်ပြန်သန့်စင်အောင် လုပ်ရတယ်။ ဒါမှဈေးကောင်းရတယ်။ အဲဒီလိုမလုပ်ရင် ဘိတ်(မြိတ်)ကတောင် မဝယ်ဘူး” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ငှက်သိုက်အတွင်းပါရှိသည့် ငှက်သွေးစများနှင့် အမွှေးများကို ပြန်လည်သန့်စင်ကာ ငှက်သိုက်အသန့်အဖြစ် ပြုပြင်ရောင်းချလာကြကြောင်း ငှက်သိုက်ရောင်းဝယ်ရေးလုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ငှက်သိုက်အသန့်အဖြစ်ရောင်းချပါက တစ်ပိဿာလျှင် သိန်း၄၀ ကျော် ပေါက်ဈေးရှိနေကြောင်း ၎င်းက ဆိုသည်။

ထိုသို့သန့်စင်ပါက အလုပ်သမားငှားရမ်းရသဖြင့် ငွေကြေးကုန်ကျမှုရှိသလို အချိန်လည်းပေးရလေ့ရှိကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

ထိုကြောင့် ဘုတ်ပြင်းမြို့နယ်ရှိ ငှက်သိုက်မွေးသူနှင့် အရောင်းအဝယ်လုပ်သူများက ငှက်သိုက်အကြမ်းကို ရောင်းချနေကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အကြမ်းဆိုတာက ငှက်သိုက်အိမ်က ကောက်ပြီးရလာတဲ့ ငှက်မွှေးတွေပါတဲ့ ခွက်တွေကိုပြောတာ။ ဒါတွေကို အမွှေးနုတ်(ဖယ်ရှား)ပြီး ပြန်သန့်စင်ရတယ်”ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

မြိတ်မြို့တွင်လည်း ငှက်သိုက်အကြမ်းကို သန့်စင်ရန် အလုပ်သမားရှားပါးနေသည့်အတွက် သန့်စင်ပြီးငှက်သိုက်ကို ပိုမိုဝယ်ယူနေခြင်းဖြစ်ကြောင်း မြိတ်မြို့ရှိ ငှက်သိုက်ကုန်သည်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ငှက်သိုက်အကြမ်းက ပြန်သန့်စင်ဖို့ အလုပ်သမား ခေါ်ရတာ ပင်ပန်း(ခက်ခဲ)တယ်”ဟု ၎င်းက ဆိုသည်။

ဘုတ်ပြင်းမြို့န ယ်အပါအဝင် တိုင်းအတွင်းရှိ ပင်လယ်နှင့်နီးသည့်ဒေသများတွင် ဇီဝဇိုးငှက်ကို စီးပွားဖြစ်မွေးမြူကြပြီး ငှက်သိုက်ထုတ်ယူရောင်းချကြသည်။

ငှက်သိုက်ကို တနင်္သာရီတိုင်းအတွင်း စီးပွားဖြစ်မွေးမြူကြသလို ပင်လယ်အတွင်းရှိ ကျွန်းများတွင် သဘာဝအလျောက်နေထိုင်သည့် ငှက်သိုက်လည်း ထွက်ရှိသည်။