BREAKING
March 9, 2025

ကာကွယ်ရေး အသုံးစရိတ် တဟုန်ထိုး မြှင့်တင့်ရန် ဥရောပဆုံးဖြတ်

March 7, 2025

ဥရောပကော်မရှင်ထိပ်သီးအစည်းအဝေးတွင် ဥရောပလုံခြုံရေးအတွက် ကာကွယ်ရေးအသုံးစရိတ် တဟုန်ထိုး မြှင့်တင်ရန် သဘောတူခဲ့ကြပြီး ယူကရိန်းအတွက် ခိုင်ခိုင်မာမာ ဆက်လက်ထောက်ခံ အားပေးမှုကို ပြသနိုင်ခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးနောက် အမေရိကန်၏ ကာလရှည်မဟာမိတ်ဖြစ်သည့် ဥရောပနှင့် ဆက်ဆံရေးပြိုကွဲလာချိန် ၊ ရုရှား၏ ပိုမိုရဲတင်းလာသည့် ခြိမ်းခြောက်မှုများကြောင့် ဥရောပခေါင်းဆောင်များက ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်ခဲ့သည့် ဥရောပကော်မရှင်ထိပ်သီးဆွေးနွေးပွဲတွင် ယူကရိန်း၏ လွတ်လပ်ခွင့်၊ လွတ်လပ်ရေးနှင့် နယ်နိမိတ်ကို ကာကွယ်သည့် ကြေညာချက်တစ်စောင်ကို ဥရောပခေါင်းဆောင် ၂၆ ဦးက လက်မှတ်ရေးထိုးခဲ့သည်။

ရုရှားနှင့် နီးစပ်သည့် ဟန်ဂေရီတစ်နိုင်ငံတည်းကသာ ယင်းဆုံးဖြတ်ချက်ကို ကြားနေမဲ ပေးခဲ့သည်။

ဥရောပနိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ရန်အတွက် ယူရို ၁၅၀ ဘီလီယံအထိ ထုတ်ချေးပေးမည့် ဥရောပကော်မရှင်ဥက္ကဋ္ဌ၏ အစီအစဉ်ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဥရောပနိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်ကို ပိုမိုမြှင့်တင်နိုင်မည့် နည်းလမ်းများကို ဥရောပကော်မရှင်(European Commission) က ရှာဖွေပေးရန်လည်း ဆွေးနွေးပွဲတက်ရောက်လာသည့် ခေါင်းဆောင်များက တိုက်တွန်းခဲ့ကြသည်။

ဥရောပသမဂ္ဂက ယူကရိန်းကို အကူအညီ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ ပေးအပ်သွားမည် ဖြစ်ကြောင်း ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်က ပြောသည်။

“ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့ထားတဲ့ ရုရှားနိုင်ငံသားတွေရဲ့ ငွေတွေနဲ့ ယူကရိန်းကို ဥရောပသမဂ္ဂက ယူရို ၃၀ ဒသမ ၆ ဘီလီယံ အကူအညီပေးသွားမယ်” ဟု ၎င်းက ဆိုသည်။

ဥရောပတစ်ခုလုံးအနေနှင့်ဆိုလျှင် ဥရောပသည် စစ်ရေး ၊ ဘဏ္ဍာရေး ၊ စီးပွားရေးအရ ထိပ်တိုက်တွေ့မှုပုံစံတိုင်းတွင် ရုရှားကို အနိုင်ယူနိုင်သည်ဟု ပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တပ်စ်က ဆိုသည်။

“ဥရောပဟာ ဒီစိန်ခေါ်မှုကို လက်ခံရင်ဆိုင်ရမယ်။ ဒီလက်နက်တပ်ဆင်မှုပြိုင်ပွဲကြီးကို ဥရောပက နွှဲရမယ်။ ဥရောပက ဒီပွဲကို နိုင်ရမယ်” ဟု ၎င်းက ပြောသည်။

ယင်းထိပ်သီးဆွေးနွေးပွဲတွင် ယူကရိန်းသမ္မတဇလန်းစကီးက ယူကရိန်းနှင့်အတူ ရပ်တည်ပေးသည့်အတွက် ဥရောပခေါင်းဆောင်များကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် ဥရောပအတွက် အရေးကြီးဆုံးအရာမှာ ယူကရိန်းနိုင်ငံနှင့် ယူကရိန်းစစ်တပ်ကို ကူညီပေးရန်ပင် ဖြစ်ကြောင်း ပြင်သစ်သမ္မတက ပြောဆိုခဲ့သည်။

Source: CNN