ထားဝယ်အရှေ့တောဒေသ အညာဖျားရွာအနီးရှိ ထားဝယ်ခရိုင် PDF တပ်ရင်း (၁) စခန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။
ရေဝိုင်းရွာမှ ပကာရီရွာဘက်သို့ အင်အားရာနှင့်ချီသုံးကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် သင်္ကန်းတုံးရွာ၊ ရမ္မဇူရွာဘက်သို့ တောလမ်းအတိုင်း စစ်ကြောင်းနှစ်ကြောင်း၊ ဥယျာဉ်ကြီးရွာနှင့် အညာဖျားရွာဘက်သို့ စစ်ကြောင်း နှစ်ကြောင်း ဖြန့်ကျက်ထိုးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
မတ်လ ၇ ရက် ယနေ့ နံနက် ၈ နာရီခန့်တွင် အညာဖျားရွာအနီးရှိ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း (T1) စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး နံနက် ၁၀ နာရီဝန်းကျင်တွင် စခန်းကို မီးရှို့ဖျက်ဆီးကြောင်း ၎င်းတို့က ပြောဆိုသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဉ်ကတည်းက T1 စခန်းက တပ်ဖွဲ့ဝင်များ အခြားသို့ရွှေ့ထားသဖြင့် လူထိခိုက်မှုမရှိဟု ကနဦးကြားသိရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ကင်းပုန်းတော့ ဝပ်နေကြတာပဲ။ ကင်းပုန်းဝပ်နေတာနဲ့ သူတို့ (စစ်ကောင်စီတပ်) ပေါက်ချလာတာနဲ့ လွဲချင်လည်း လွဲမယ်လေ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦး ပြောသည်။
စစ်ကြောင်းဝင်လာချိန်တွင် အညာဖျားရွာအနီးတွင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားပြီး ယင်းသို့ဖြစ်ပွားနေစဉ် စစ်ကောင်စီ၏ ဇဟာအမြောက်တပ်၊ ၈ မိုင်စစ်ဆေးရေးဂိတ်နှင့် ရွှေဂူတောင်စစ်ဆေးရေးဂိတ်တို့က လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။
ယနေ့ နေ့လယ်ပိုင်းတွင် T1 စခန်းအနီးကို လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုတွင် လေယာဉ်အမျိုးအစား၊ ဗုံးသီးအမျိုးအစားနှင့် လူထိခိုက်မှုရှိမရှိ အခြေအနေ အသေးစိတ်ကို မသိရသေးပေ။
ဥယျာဉ်ကြီးရွာက သားမိသားဖသုံးဦးလည်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့်တိုးပြီး ဖမ်းဆီးခံထားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့မှာ မိမိနေအိမ်မှာပင် ဆက်လက်နေထိုင်ပြီး အခြေအနေကိုစောင့်ကြည့်နေကြကြောင်း ဝကုန်းရွာက ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
မတ်လ ၆ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ကြီးနှင့် ပစ်ခတ် တိုက်ခိုက်သဖြင့် ထိတွေ့ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။