BREAKING
April 22, 2025

နှစ်နိုင်ငံ လုံခြုံရေးသဘောတူစာချုပ်ကြောင့် ဂျပန်ကသာ အကျိုးအမြတ်ရနေဟု ထရမ့်ဆို

March 7, 2025

အမေရိကန်က ယခင်သဘောတူထားသည့် ဂျပန်-အမေရိကန် လုံခြုံရေးစာချုပ်မှ ဂျပန်နိုင်ငံက အကျိုးအမြတ်များစွာရနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က စောဒကတက်ပြောဆိုလိုက်သည်။

ယင်းစာချုပ်အရ အမေရိကန်က ဂျပန်ကို ကာကွယ်ပေးရမည် ဖြစ်သော်လည်း ဂျပန်က အမေရိကန်ကို ကာကွယ်ပေးရန် မလိုအပ်ကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။

နေတိုးအဖွဲ့ထဲရှိ ဥရောပနိုင်ငံများ၏ အသုံးစရိတ်နှင့် ပတ်သက်၍ သတင်းထောက်များကို ပြောကြားနေချိန်တွင် သမ္မတထရမ့်က အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

သမ္မတထရမ့်က ၎င်းအနေဖြင့် ဂျပန်နိုင်ငံကို နှစ်သက်သဘောကျကြောင်း ၊ ဂျပန်နှင့် အမေရိကန်အကြား ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း သို့သော်လည်း နှစ်နိုင်ငံအကြား စိတ်ဝင်စားစရာကောင်းသော သဘောတူညီချက် တစ်ခုရှိပြီး ယင်းသဘောတူညီချက်အရ အမေရိကန်က ဂျပန်ကို ကာကွယ်ပေးရမည် ဖြစ်သော်လည်း ဂျပန်က အမေရိကန်ကို ကာကွယ်ပေးစရာမလိုကြောင်း ထရမ့်က ထောက်ပြဝေဖန်သည်။

“ဒီသဘောတူညီချက်ကို ဘယ်သူလုပ်ထားသလဲဆိုတာ ကျွန်တော် မေးကြည့်ခဲ့သေးတယ်”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်နှင့် ဆက်ဆံရေးကြောင့် ဂျပန်က ဘဏ္ဍာငွေကြေးအမြောက်အများ ရရှိခဲ့သော်လည်း ဂျပန်အနေနှင့် အမေရိကကို ကာကွယ်ပေးစရာ လုံးဝမလိုအပ်ကြောင်း ထရမ့်က အလေးအနက်ထားပြောခဲ့သည်။

မကြာခင်တွင် ဂျပန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးက အမေရိကန်နိုင်ငံ ၊ ဝါရှင်တန်မြို့သို့ သွားရောက်လည်ပတ်ရန် ရှိနေသည်။ ယင်းခရီးစဉ်အတွင်း ဂျပန်ကုန်သွယ်ရေးဝန်ကြီးအနေဖြင့် သံမဏိနှင့် အလူမီနီယံအပေါ် အမေရိကန်အစိုးရက ဂျပန်နိုင်ငံကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုမည်ဟု သိရသည်။

ထရမ့်သည် ပထမအကြိမ် သမ္မတသက်တမ်းတုန်းကလည်း ဂျပန်-အမေရိကန် လုံခြုံရေးသဘောတူစာချုပ်သည် မမျှတကြောင်း ပြောဆိုခဲ့ဖူးပြီး ယင်းစာချုပ်ကို ပြောင်းလဲပစ်ရန် လိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ပြောဖူးသည်ဟု ထရမ့်က ထုတ်ပြောခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး နှစ်နိုင်ငံကြား စစ်ဘက်မဟာမိတ်ဆက်ဆံရေးတစ်ခု ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ဂျပန်-အမေရိကန် လုံခြုံရေးသဘောတူစာချုပ်ကို ၁၉၅၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူစာချုပ်အရ အမေရိကန်စစ်စခန်းများကို ဂျပန်တွင် ထားရှိခွင့်ပြုခဲ့သည်။

ယင်းစာချုပ်မှာ စစ်အေးတိုက်ပွဲအစောပိုင်းကာလတွင် အထူးသဖြင့် ဆိုဗီယက်ပြည်ထောင်စု၏ ကျူးကျော်မှုမှ ဂျပန်ကို ကာကွယ်ရန် အမေရိကန်က ရည်ရွယ်ချုပ်ဆိုခဲ့သော စာချုပ်ဖြစ်သည်။

လက်ရှိအချိန်အထိ ဂျပန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၅၄,၀၀၀ ဝန်းကျင် တပ်စွဲထားဆဲ ဖြစ်သည်။

Source: NHK World