ထိုင်းနိုင်ငံ မဟာချိုင်ဒေသက စမွန်စခွန်ဆေးရုံကြီးတွင် ဆေးကုသနေသော မြန်မာအလုပ်သမားတစ်ဦး၏ မျက်စိတစ်စုံကို လိုအပ်သည့် လူနာများ ကုသနိုင်ရန် မတ်လ ၆ ရက်နေ့က ဇနီးဖြစ်သူက ပေးလှူခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့နှင့် စမွတ်စခွန်ဆေးရုံကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။
အသက် ၄၂ နှစ်အရွယ် ကိုသက်ချိုသည် မဟာချိုင်ဒေသရှိ စက်ရုံတွင် ဇနီးနှင့်အတူ အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့က ရေးသားသည်။
ပြီးခဲ့သော မတ်လ ၃ ရက်နေ့က အပြင်ထွက်စဉ် ၁၈ ဘီးတပ် ကုန်တင်ကားနှင့် တိုက်မိကြောင်း ဖော်ပြသည်။
မတော်တဆဖြစ်ပြီး စမွတ်စခွန်ဆေးရုံကြီးတွင် အရေးပေါ်ကုသမှု ခံယူနေစဉ် လူနာသည် မတ်လ ၆ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း ဆေးရုံကြီးက ထုတ်ပြန်သည်။
လူနာမသေဆုံးမီ ဆေးရုံအတွင်းရှိ အမြင်အာရုံကုသရန် လိုအပ်နေသော လူနာများကို ကုသပေးနိုင်ရန် မျက်စိတစ်စုံကို ဆေးရုံဘက်က အလှူခံခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့က ရေးသားသည်။
ကိုသက်ချိုအတွက် နောက်ဆုံးကုသိုလ်ပြုလုပ်ပေးရန် ဇနီးဖြစ်သူက မျက်စိတစ်စုံ လှူဒါန်းရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ကိုသက်ချိုသည် ပဲခူးတိုင်း ကဝမြို့နယ် ကန်တော်ကျေးရွာဇာတိဖြစ်ကြောင်း ဖော်ပြသည်။
အခြားလူနာများ ကုသနိုင်ရန်အတွက် မျက်စိလှူဒါန်းခဲ့သဖြင့် စမွတ်စခွန် ကြက်ခြေနီအသင်းနှင့် ထိုင်းကြက်ခြေနီမျက်စိဘဏ်က ကျန်ရစ်သူမိသားစုဝင်များကို မတ်လ ၆ ရက်နေ့ ရက်စွဲဖြင့် ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့ကြောင်း ဆေးရုံကြီးက ထုတ်ပြန်သည်။
အမြင်အာရုံ လိုအပ်နေသူများအတွက် အလင်းဒါနလှူဒါန်းပေးမှုအား များစွာကျေးဇူးတင်ကြောင်း ဆေးရုံက ထုတ်ပြန်ထားသည်။
“အသက်တစ်ခုကို ကယ်တင်နိုင်ခဲ့ပြီ။ လှူဒါန်းမှုအတွက် ကျေးဇူးတင်ပါတယ်” ဟု ဆေးရုံဘက်က ထုတ်ပြန်ထားသည်။