BREAKING
March 9, 2025

စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး ဒေါနတပ်ရင်းထံ ထပ်မံ ဘက်ပြောင်းခိုလှုံ

March 7, 2025

ပုံစာ - ဒေါနစစ်ကြောင်း ၂ ၊ စစ်ကြောင်းမှူးနှင့် ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးအား အတူတွေ့ရစဥ် ။ ဓာတ်ပုံ - ရေးပြောက်ကျားတပ်ဖွဲ့ (YGF)

စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဥ် ၁ နှင့် အပတ်စဥ် ၆ သင်တန်းဆင်း တပ်သားနှစ်ဦး မွန်နှင့် တနင်္သာရီတို့တွင် စစ်ရေးလှုပ်ရှားနေသည့် ဒေါနတပ်ရင်းထံသို့ ထပ်မံ၍ ဘက်ပြောင်းခိုလှုံကြောင်း ယင်းတပ်ရင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်တွင် ရေးမြို့နယ်အတွင်း လမ်းကင်းဆောင်ရွက်နေစဉ် ထွက်ပြေးလာခြင်းဖြစ်ပြီး ဒေသခံများအား ဆက်သွယ်မေးမြန်း၍ ဒေါနတပ်ရင်း၏ တပ်ခွဲ ၃ ၊ ရေးပြောက်ကျားတပ်ဖွဲ့ ထံသို့ မတ်လ ၆ ရက်တွင် ရောက်ရှိလာကြောင်း ဒေါနတပ်ရင်းမှ ဒုတပ်ရင်းမှူးက ပြောသည်။

ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ရန်ကုန်နှင့် ပဲခူးဒေသခံများဖြစ်ပြီး အဓမ္မစစ်သားစုဆောင်းခံရခဲ့သူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းတို့နှစ်ဦးအနက်တစ်ဦးမှာ ရှမ်းပြည်နယ်၊ ဗထူးတပ်မြို့ ၊ အမှတ် ၁ အရာခံနှင့်တပ်ကြပ်ကြီးလေ့ကျင့်ရေး သင်တန်းကျောင်းတွင် အပတ်စဥ် (၁) စစ်မှုထမ်းသင်တန်းတက်ခဲ့ရပြီး ကျန်တစ်ဦးမှာ မွန်ပြည်နယ်၊ ဝဲကလိရွာရှိ အမှတ် ၄ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဥ် (၆) သင်တန်း တက်ခဲ့ရသည် ။

သင်တန်းဆင်းပြီးနောက် ၎င်းတို့နှစ်ဦးစလုံး မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခမရ ၅၉၁ တပ်ရင်း တွင် တာဝန် ထမ်းဆောင်ခဲ့ရသည်ဟု ကာယကံရှင်တို့၏ ပြောပြချက်ကို ကိုးကား၍ ဒေါနတပ်ရင်း ဒုတပ်ရင်းမှူးက ပြောဆိုသည်။

“လက်နက်တွေတော့ မပါလာဘူး။ လူပဲထွက်ပြေးလာတယ်။ ထွက်ပြေးလာတဲ့ နှစ်ယောက်မှာ တစ်ယောက်ကတော့ တော်လှန်ရေးထဲ ပါဝင်မယ်။ တစ်ယောက်ကတော့ မဆုံးဖြတ်ရသေးဘူး” ဟု ဒုတပ်ရင်းမှူးက ပြောသည် ။

ယခု ၂၀၂၅ နှစ်ဆန်းပိုင်းတွင် ဒေါနတပ်ရင်းထံ စစ်ကောင်စီဘက်မှ ဘက်ပြောင်းခိုလှုံလာသည့် စစ်မှုထမ်း သင်တန်းဆင်း ၁၁ ဦးရှိကြောင်း ဒေါနတပ်ရင်းထံမှသိရသည်။

၎င်းတို့အားလုံးနီးပါးသည် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရန် တော်လှန်ရေးတပ်သားများအဖြစ် ဘက်ပြောင်းခဲ့သူများဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

No related posts found.