BREAKING
February 22, 2025

ကိုအောင် ရှင့်မှာ ကိုယ်ဝန်ရှိနေတယ်

February 7, 2025

“ကိုအောင်ဆိုတာ ဘယ်သူလဲ။ ကိုအောင်မှာ ကိုယ်ဝန်ရှိနေတယ်” ထိုင်းလူမျိုး သူနာပြုဆရာမရဲ့ စကားကြောင့် အားလုံး ကြောင်တောင်တောင်ဖြစ်ကုန်တယ်။

ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်အတွက် စလျှောက်ရာမှာ Name List လို့ခေါ်တဲ့ အမည်စာရင်းကျပြီးသူတွေ ကျန်းမာရေးအာမခံလုပ်ဖို့ ဆီး၊သွေးကို မဖြစ်မနေ သွားစစ်ရလေ့ရှိတာပါ။

ကိုအောင်ကလည်း အထောက်အထားမရှိသေးသူဖြစ်တဲ့အတွက် ပန်းရောင်ဘတ်လို့ခေါ်တဲ့ တရားဝင် အထောက်အထားလုပ်ဖို့ Name List တင်ထားတာပါ။

Name List သမားတွေက အလုပ်လုပ်ခွင့်လက်မှတ်လုပ်ဖို့ ရောဂါအခံတွေ ရှိ၊ မရှိ ဆီးစစ် သွေးစစ်ရလေ့ရှိပါတယ်။

ထိုင်းနိုင်ငံ ရနောင်းမြို့မှာ အလုပ်လုပ်နေတဲ့ ကိုအောင်အပါအဝင် ဘဝတူငါးဂိုဒေါင်က အလုပ်သမားတွေလည်း ဆီး၊သွေးစစ်ရမယ့်နေ့ ရောက်လာခဲ့ပြီ။

မနက်ဖြန်ကျန်းမာရေးစစ်ဆေးရမှာကို ကိုအောင်က သတိမထားမိဘဲ WY မူးယစ်ဆေးသုံးလိုက်မိရော။

ကျန်းမာရေးစစ်ဆေးချိန်ရောက်တော့ ကိုအောင်တစ်ယောက်ဇောချွေးပြန်နေလေပြီ။ ဘာကြောင့်ဆို မူးယစ်ဆေးသုံး ထားရင် အချိန်အတိုင်းအတာတစ်ခုအထိ ဆေးစစ်လို့ပေါ်တယ်လို့ ကြားဖူးနားဝရှိနေတာကိုး။

ဆီးစစ်ချိန် မူးယစ်ဆေးသုံးထားတယ်ဆိုပြီး ပေါ်ရင် အဖမ်းခံရမှာလား။ အထောက်အထား ဆက်လုပ်ခွင့်မရှိတော့ဘဲ မြန်မာပြည်ပြန်ပို့ခံရမှာလားဆိုတာ ကိုအောင် ကွဲကွဲပြားပြားမသိ။

သေချာတာတစ်ခုက ကိုအောင်တစ်ယောက် အကြောက်ကြီးကြောက်နေပြီ။

သူနာပြုဆရာမလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးက ဆီးနမူနာယူဖို့အတွက် ပလပ်စတစ်ခွက်လေးတစ်ခု လှမ်းပေးရင် သောက်ရမယ့်ဆေးတွေပါ လက်ထဲထည့်ပေးလိုက်တယ်။

သူတို့ဆီမှာက သွေးစစ် ဆီးစစ်တော့မယ်ဆိုရင် ဆေးလုံးအဖြူလေးတွေ သောက်ခိုင်းနေကျလေ။ ဘာဆေးမှန်းတော့ ဘယ်သူမှ ရေရေရာရာမသိကြ။ ရောဂါအခံရှိရင် ဆေးစစ်ချိန်ပေါ်လာအောင် ပေးသောက်တာလို့တော့ ပြောကြတာပဲ။

Name List လာရိုက်နေတဲ့ CDM ဆရာဝန်တစ်ယောက်ကတော့ ပါရာစီတမောတစ်လုံး၊ သံချဆေးတစ်လုံးနဲ့ မူးယစ်ဆေးသုံးထားရင် ဆီးစစ်ချိန်ပေါ်အောင် သောက်ရတဲ့ဆေးတစ်လုံး တိုက်တာပါလို့ဆိုတယ်။

ကိုအောင်ကလည်း သူနာပြုဆရာမ ပေးလိုက်တဲ့ဆေးလုံးတွေကို အများနည်းတူ တစ်ခါတည်း သောက်ချလိုက်ပြီး ဆီးနမူနာယူဖို့အတွက် အိမ်သာထဲ တန်းသွားလိုက်ပါတယ်။

သွားသာသွားလိုက်ရတာ။ ဇောချွေးကတော့ ပြန်နေလေပြီ။

စိုးရိမ်စိတ် ကြောက်စိတ်အထင်းသားနဲ့ ကိုအောင်တစ်ယောက် အိမ်သာအဝမှာ ထွက်လိုက်ဝင်လိုက်နဲ့ အလုပ်ရှုပ်နေပြီ။

ဒီအချိန်မှာ ကယ်တင်ရှင်ပေါ်လာလေပြီ… အလုပ်ထဲက သူငယ်ချင်း ‘မအေး’။

”ဘာလုပ်နေတာလဲ”

မအေးက လှမ်းမေးရာ ဆီးအစစ်ခံဖို့အတွက် ဆီးနမူနာလိုနေတယ်လို့ ပြန်ပြောလိုက်ပါတယ်။

မအေးကလည်း ချက်ချင်းသဘောပေါက်သွားပြီ။

သူယူလာတဲ့ဆီးနမူနာခွက်ထဲက တစ်ဝက်ကို ကိုအောင်ရဲ့ဆီးနမူနာခွက်ထဲ စေတနာရေစီးကမ်းပြိုနဲ့ တစ်ဝက်တိတိ လောင်းထည့်ပေးလိုက်တာပေါ့။

ကိုအောင်အတွက်ကတော့ ‘မအေး’ က မဏိမေခလာ နတ်သမီးပမာ။

ကိုအောင်လည်း ‘မအေး’ ပေးတဲ့ဆီးနမူနာကို သူနာပြုဆရာမဆီ ဝမ်းသာအားရ သွားပေးလိုက်ပါတယ်။

ဆီးနမူနာခွက်ကို သူနာပြုဆရာမဆီ လှမ်းပေးလိုက်ပြီးချိန်မှာတော့ ကိုအောင်ရင်ထဲက အပူအလုံးကြီးကျသွားလေပြီ။

ကိုအောင်တို့လို ရွှေ့ပြောင်းလုပ်သားတွေဆိုတာက နေဝင်နေထွက် အလုပ်ကြမ်းလုပ်ရပြီး ပျော်စရာနတ္ထိ၊ စားရတာကလည်း မငတ်ရုံတမယ်၊ နေရတာကလည်း ကျောချနိုင်ရုံသာ။

စိတ်ထွက်ပေါက်အနေနဲ့ ရွေးချယ်စရာက ဆေး၊ ဖာ၊ အာစီယံ။ ဒီသုံးခုထဲက တစ်ခုခုကို ရွေးချယ်ကြရစမြဲပင်။

ဒီသုံးခုမှာ WY နဲ့ အာစီယံက မူးယစ်ဆေးဖြစ်လို့ ဆေးစစ်ချိန် ပေါ်လာစမြဲဖြစ်ပြီး ဖာကတော့ တစ်ချိန်ချိန်မှာ HIV ပေါ့စတစ်အဖြစ် ပေါ်လာတတ်တယ် မဟုတ်ပါလား။

ဒါပေမဲ့ ကိုအောင်စိတ်ပူတာက ရောဂါဖြစ်မယ့်ကိစ္စမဟုတ်။ သူစိတ်အပူဆုံးက ဆေးစစ်ချိန် ဆေးကျပြီး ထိုင်းနိုင်ငံထဲ တရားဝင်နေထိုင်လုပ်ကိုင်ခွင့် မရတော့ဘဲ မြန်မာပြည်ပြန်ရမယ့်အရေးပါ။

အခုတော့ ‘မအေး’ရဲ့ ဆီးနဲ့ အစားထိုးထားလိုက်ပြီဖြစ်တဲ့အတွက် စိတ်အေးလက်အေးနဲ့ အဖြေစောင်နေရုံသာ။

ဒါပေမဲ့ ကိုအောင် မထင်ထားတဲ့ ပြဿနာတစ်ခုက ပေါ်လာခဲ့ပြီ။

“ကိုအောင်ရှိလား။ ကိုအောင်ဆိုတဲ့လူ ရှိနေလား”

ထိုင်းလူမျိုးသူနာပြုဆရာမရဲ့ မျက်နှာကြီးသုန်သုန်မုန်မုန်နဲ့ အော်ခေါ်တဲ့အသံပါ။ ဒီအသံက ကိုအောင်ရဲ့ အပျော်ကို လှုပ်နိုးလိုက်တဲ့ အသံပေါ့။

တစ်ခုခုတော့ ဖြစ်ပြီဆိုတာ ကိုအောင်သိပေမဲ့ ဘာဖြစ်တယ်ဆိုတာတော့ သေသေချာချာမသိရသေး။

သူနာပြုဆရာမ ပြောချလိုက်တဲ့စကားလုံး ၁၇ လုံးက ကိုအောင်အပါအဝင် အနီးအနားမှာရှိသူ အားလုံးက ရယ်ရတော့မလို ငိုရတော့မလို။

“ရှင့် ဆီးကိုစစ်ရာမှာ ကိုယ်ဝန်ရှိနေတယ်။ မျဉ်းနှစ်ကြောင်းပေါ်နေတယ်”တဲ့ ပြီးရော။

မူးယစ်ဆေးသုံးထားတာကိုပေါ်မှာစိုးလို့ ‘မအေး’ရဲ့ ဆီးနဲ့ အစားထိုးအစစ်ခံပါတယ်ဆိုမှ ကိုယ်ဝန်ပါ ရလိုက်တဲ့အဖြစ်ပါ။

နောက်တစ်ခါအဲလိုလုပ်ရင် ဆေးမစစ်ပေးတော့ဘူးလို့ အော်ငေါက်ပြောဆိုရင်း နောက်ထပ် ပလပ်စတစ်ခွက်တစ်လုံး ထပ်ပေးလိုက်ပါတယ်။

ကိုယ်ဝန်ရသွားတဲ့ ကိုအောင်ရဲ့ ဆီးစစ်ဖို့ ဘယ်လိုထပ်ကြံမယ်တော့ မသိ။ ဒါပေမဲ့ ဒီလိုအဖြစ်မျိုးက သူတစ်ယောက်တည်းတော့ မဟုတ်။

ကိုအောင်လိုပဲ ကျွန်တော်ကိုယ်တိုင်လည်း ဒီအဖြစ်မျိုး ကြုံခဲ့ဖူးပါတယ်။ ကြာတော့ကြာပြီပေါ့လေ။ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကပေါ့။

အဲဒီခေတ်ကာလကဆို ဝါတန်းလှေလို့ခေါ်တဲ့ ဝိုင်းကြီးချုပ် ငါးဖမ်းလှေဆိုတာက ထိုင်းနိုင်ငံ လှေလုပ်သားလောကမှာ တစ်ကယ့် မင်းသားတွေ။

ကမ်းကို တစ်နေ့ထွက်တစ်နေ့ဝင် ဖြစ်တဲ့အတွက် သန့်သန့်ပြန့်ပြန့်နေတတ်တာ၊ ငွေရွှင်တာတွေကြောင့် မိန်းကလေးတွေဆို ဝိုင်းဝိုင်လည်ပေါ့လေ။

ဆိုတော့ ကမ်းဝင်လာပြီဆိုရင်ပဲ ထိုင်းလူမျိုး အမျိုးသမီးလေးတွေက ——-ငါးဆယ်၊ —-ငါးဆယ်နဲ့ လာအော်ပါလေရော။

လှေသားအများစုကတော့ ရေမိုးချိုးပြီးတယ်ဆိုရင်ပဲ ထိုင်းအမျိုးသမီးလေးတွေလာခေါ်တဲ့ ဆောင်ကြာမြိုင်ဆီ အပြေးအလွှားသွားကြတာက ထုံးစံတစ်ခု။

နောက်တစ်ခုက ကျွန်တော်လုပ်တဲ့ ဝါတန်းလှေက ထိုင်းတောင်ပိုင်း ချွန်ဖော်ခရိုင် လန်စွမ်းမြို့ အခြေစိုက်ဖြစ်တဲ့အတွက် ဆေးခြောက်ဆိုတာက ပေါမှပေါပဲ။

ဒီအချိန်က ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားတာ မဟုတ်တဲ့အတွက် ခိုးကြောင်ခိုးဝှက်ရှူကြရတာပါ။

လှေပေါ်ပါတဲ့ လှေသား လေးဆယ်ကျော်စလုံးက ဆေးခြောက်ကို အရမ်းကြိုက်ကြတော့ ကိုယ်တွေလည်း ဆေးခြောက်နဲ့မကင်းနိုင်ဘူးပေါ့လေ။

တစ်ရက်ကျတော့ ထိုင်းနိုင်ငံအတွင်း ပထမဆုံးအကြိမ်လုပ်ပေးတဲ့ တရားဝင်အထောက်အထား(ဘတ်) ဖွင့်ပေးတော့ ကိုအောင်လိုပဲ လှေသားတစ်သိုက် အကျပ်ရိုက်ကုန်ကြရော။

ဆေးခြောက်ရှူထားကြတဲ့အတွက် ဆီးစစ်ချိန်ဆေးအဖြေမအောင်မှာ စိုးရိမ်နေကြတော့ မြန်မာအလုပ်သမား ခေါင်းဆောင်(ရေရှူး)ရဲ့ အကြံပြူချက်ကို အားလုံးက ယုံယုံကြည်ကြည် လိုက်လုပ်ရတော့တာပါပဲ။

ရေရှူး အကြံပေးတာက ‘ပင်လယ်ရေကို ဟင်းထည့်တဲ့ပန်းကန် သုံးခွက်စာလောက် သောက်လိုက်ရင် ဆေးစစ်ချိန် သွေးအောင်တယ်’ ဆိုပဲ။

ပင်လယ်ရေမှာပါတဲ့ ဆားဓာတ်က သွေးထဲရှိတဲ့ မူးယစ်ဆေးအာနိသင်ကို ချေဖျက်ပစ်လိုက်တယ် ဆိုတာကိုး။

ဆေးခြောက်ရှူထားတဲ့ လှေသားတစ်သိုက်လည်း ဘာမှမစဉ်းစားနိုင်တော့ဘူး။

’သွေး’အောင်ဖို့အရေး ညကတည်းက ပင်လယ်ရေကို တစ်ခွက်ပြီးတစ်ခွက်သောက်လိုက်တာ အန်သူက အန် အော့သူက အော့ပါပဲ။

ဆောင်ကြာမြိုင် သွားထားသူတွေကတော့ ပင်လယ်ရေလည်း မကယ်နိုင် HIV ပေါ့စတစ် မဖြစ်စေဖို့ ဖင်ဘူးတောင်းထောင်ပြီး ဘုရားကန်တော့ ဆုတောင်းရုံသာ။

ထိုင်းရောက်နေတဲ့ ကိုအောင်အပါအဝင် ကျွန်တော်တို့လို ရွှေ့ပြောင်းလုပ်သားတွေက HIV ထက် ပိုကြောက်ကြတာက ဘတ်လုပ်ခွင့်မရဘဲ မြန်မာပြည်ပြန်ပို့ခံရမဲ့အရေးပါ။

အခုခေတ်ဆို ပိုဆိုးပေါ့။ ပြန်ပို့ခံရပြီဆိုရင် လူငယ်လူရွယ်အကုန်လုံးက စစ်အာဏာရှင်လက်အောက်မှာ စစ်မှုထမ်းကြရမှာ မဟုတ်လား။

အနေဆင်းရဲ၊အစားဆင်းရဲနဲ့ ရွှေ့ပြောင်းလုပ်သားတွေ နီးစပ်ရာအပျော်လေးနဲ့ ကျေနပ်နေခဲ့ကြသမျှ ဆေးစစ်ချိန်က စိုးထိတ်စရာပါပဲ။

ကိုအောင့်လို ကိုယ်ဝန်ရသွားသူတွေလည်း ရှိနေဦးမှာပါ။ တစ်ချိန်ပြန်ပြောပြရင်တော့ ရယ်စရာဇာတ်လမ်း ကိုယ်စီနဲ့ ဘဝအမှတ်တရလေးတွေပေါ့။ ဒါပေမဲ့ ထပ်မကြုံလိုဘဲ ကြုံနေကြရစဲ ဒုက္ခဆိုလည်း မမှားနိုင်ပါဘူး။

ကိုယ်ဝန်ဆောင် ယောက်ျားတွေ ဘယ်လောက်များနေမလဲ ဆိုတာကတော့…