BREAKING
February 23, 2025

ထားဝယ်တွင် ကုန်တင်ယာဉ် သစ်ပင်ဝင်တိုက်ပြီး လူနှစ်ဦးဒဏ်ရာရ

February 7, 2025

ထားဝယ်မြို့၊ ဇဟာရွာတွင် ယနေ့ ဖေဖော်ဝါရီ ၇ရက်‌ မွန်းလွဲပိုင်းတွင် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး သစ်ပင်ဝင်တိုက်၍ ယာဉ်မောင်းနှင့် ယာဉ်အကူတို့ ဒဏ်ရာရကြောင်း ကူညီဆောင်ရွက်သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ထားဝယ်မြို့မှ ရန်ကုန်သို့ ကုန်တင်ပြီး ထွက်ခွာလာစဉ် ယနေ့ မွန်းလွဲ ၁ နာရီကျော်တွင် ဇဟာရွာအထွက်တွင်ရှိ ကုက္ကိုပင်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောသည်။

“စထွက်လာကတည်းက ယာဉ်မောင်းက နေမကောင်းဘူးလို့ပြောတယ်။ အဲဒီနေရာလည်းရောက်ရော တစ်ကိုယ်လုံးချွေး တွေ ပြန်လာပြီး နေမကောင်းဖြစ်တာပေါ့။ ပထမကွန်ကရစ်တိုင် တိုက်သေးတယ်။ နောက်မှ ကုက္ကိုပင်တိုက်ပြီး ယာဉ်မောင်းက ညှပ်နေတာ” ဟု ၎င်းက ပြောဆိုသည်။

အခင်းဖြစ်နေရာသို့ ဇမ္ဗူသီရိအဖွဲ့၊ ဇဟာအားမာန်အဖွဲ့ ၊ ရင်ခုန်သံ သွေးလှူရှင်အဖွဲ့များ ရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ ညှပ်နေသည့် ယာဉ်မောင်းကို မွန်းလွဲ ၂ နာရီခန့်တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

“ညှပ်နေတဲ့လူနာကို ကျွန်တော်တို့မှာရှိတဲ့ ပစ္စည်းတွေနဲ့ မထုတ်နိုင်တော့ မီးသတ်တပ်ဖွဲ့ဆီမှာ ကယ်ဆယ်ရေး ပစ္စည်းတွေငှားပြီး ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယာဉ်မောင်းတွင် ဘယ်ခြေထောက်ဒဏ်ရာ၊ ယာဉ်အကူတွင် ခါးဒဏ်ရာများ ရရှိသဖြင့် ဇမ္ဗူသီရိအဖွဲ့နှင့် ရင်ခုန်သံ သွေးလှူရှင်အဖွဲ့ တို့က ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

ဒဏ်ရာရသူ နှစ်ဦးစလုံးမှာ ဒဏ်ရာ အခြေအနေ မစိုးရိမ်ရကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။