BREAKING
February 23, 2025

ထားဝယ်တွင် နေအိမ်ထဲဖောက်ထွင်းဝင်ပြီး ဆိုင်ကယ်ခိုးယူမှု ခပ်စိပ်စိပ်ဖြစ်

February 7, 2025

ဓာတ်ပုံ - Dawei Watch

စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် ထားဝယ်မြို့တွင် ညသန်းခေါင်၌ နေအိမ်ဖောက်ထွင်း၍ ဆိုင်ကယ်ခိုးယူမှုများ ခပ်စိပ်စိပ်ဖြစ်လာကြောင်း ကိုယ်တိုယ်ကြုံတွေ့ရသူများနှင့် မြို့ခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၅ရက် ညသန်းခေါင်တွင် ထားဝယ်မြို့သစ် (၄) လမ်းရှိ အေး ပုဂ္ဂလိဆေးရုံ ဝန်ထမ်းဆောင်နှင့် မျက်နှာချင်းဆိုင်ခြံရှိ အဆောင် ခြံတံခါးသော့ကို ဖျက်ဆီးကာဝင်ရောက်ပြီး ဆိုင်ကယ်ခိုးယူရန် ကြိုးပမ်းခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၆ရက် ညသန်းခေါင်တွင်မူ အေး ပုဂ္ဂလိဆေးရုံ ဝန်ထမ်းဆောင် ခြံတံခါးသော့ကို ဖျက်ဆီးသည့်အပြင် အဆောက်အောက်ထပ် သော့ကိုလည်း ဖျက်ဆီးကာ ဆိုင်ကယ်နှစ်စီးကို ခိုးယူသွားကြောင်း ဆိုင်ကယ်ခိုးယူခံရသည့် ကာယကံရှင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပထမတစ်ရက် ခြံထဲက ဆိုင်ကယ်တစ်စီးခိုးဖို့ကြိုးစားတယ်။ ဇက်သော့ဖြုတ်မရလို့၊ ကာဗာတွေ၊ ကြိုးတွေပါ ဖြုတ်ပြီးပြီ၊ မအောင်မြင်လို့ ထားခဲ့တာ။ နောက်တစ်ရက်မှာ ဝန်ထမ်းဆောင်ကို ဖောက်ပြီးထပ်ခိုးတာ။ လူတွေ အပေါ်ထပ်မှာ အိပ်နေတော့ သူခိုးဝင်တာ မသိလိုက်ကြဘူး” ဟု ၎င်းက ဆိုသည်။

အေး ပုဂ္ဂလိဆေးရုံ ဝန်ထမ်းဆောင် အောက်ထပ်တွင် ဆိုင်ကယ်လေးစီးရှိသည့်အနက် တန်ဖိုးမြင့်သည့် ကလစ် အမျိုးအစားဆိုင်ကယ်တစ်စီးနှင့် ဟွန်ဒါဝေ့ 125I အမျိုးအစား ဆိုင်ကယ်တစ်စီးတို့ ခိုးယူခံရကြောင်း ၎င်းက ပြောဆိုသည်။

လုံခြုံရေးကင်မရာ မှတ်တမ်းများကို ပြန်လည်ကြည့်ရှုရာတွင် လာခိုးသူသည် နှစ်ဦးဖြစ်ပြီး ညဘက်မှောင်နေသဖြင့် အမျိုးသား ၊ အမျိုးသမီး သေချာ မခွဲခြားနိုင်ခဲ့ကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။

ထားဝယ်မြို့သစ်ရပ်ကွက်တွင်ပင် ၁၀ လမ်း၊ သွပ်ပြားစက်ရုံအနီးရှိ အဆောင်တစ်ခုတွင်လည်း ဇန်နဝါရီလ ၂၂ ရက် ညဘက် တွင် ဆိုင်ကယ်တစ်စီးခိုးယူခံခဲ့ရသေးကြောင်း ကာယကံရှင်က အင်တာနက် လူမှုကွန်ရက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် သီတင်းကျွတ်ကာလတွင်လည်း မြို့သစ်ရပ်ကွက်ရှိ ဆာဒိုးဝါးဆေးရုံနှင့် DDPC မင်္ဂလာခန်းမတို့တွင် ညဘက် ဆိုင်ကယ်နှစ်စီး အခိုးခံရကြောင်း ဆိုင်ကယ်ပျောက်သူများနှင့် နီးစပ်သူများထံမှ သိရသည်။

ဆိုင်ကယ်ပျောက်မှုများကို ထားဝယ်မြို့မရဲစခန်းတွင် လာရောက်တိုင်ချက်ဖွင့်ထားသူအများအပြား ရှိကြောင်း ကိုယ်တိုင်ဆိုင်ကယ်ပျောက်၍ အမှုဖွင့်ထားသည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည် ။

“တိုင်ချက်တော့ ဖွင့်ထားတယ်။ လတွေပဲကြာလာတယ် သိပ်တော့မထူးဘူး။ တစ်လပိုင်း (ဇန်နဝါရီ) တုန်းက ဆိုင်ကယ် သူခိုး သုံးယောက်မိတယ်ဆိုလို့ ဝမ်းသာအားရ သွားစုံစမ်းတာ ကိုယ့်ဆိုင်ကယ်အမျိုးအစားမပါဘူး။ သူတို့ဖြောင့်ချက်ပေးထားတာ ရွှေလိုင်းနဲ့ကလစ် အားလုံးငါးစီး ခိုးတယ်။ အကုန်အစဖျောက်ပြီးပြီ။ ပိုင်ရှင်တွေကပြန်မရဘူး” ဟု ၎င်းက ပြောဆိုသည်။

ဆိုင်ကယ်ခိုးယူခံရမှု အများစုသည် ညဦးပိုင်းမှ သန်းခေါင်ကျော်အချိန်အတွင်းဖြစ်ပြီး ထားဝယ်မြို့သစ်ရပ်ကွက်တွက် ခိုးယူခံရမှု အများဆုံးဖြစ်သည်။

ယင်းကြောင့် ဆိုင်ကယ်ခိုးယူနေသူများသည် အုပ်စုတစ်ခုတည်းဖြစ်နိုင်ပြီး နေအိမ်ဖောက်ထွင်း ခိုးယူမှုများပါ ရှိလာသဖြင့် ရပ်ကွက်သူ၊ ရပ်ကွက်သား အချင်းချင်း လုံခြုံရေးသတိပြုရန် သတိပေးနေရကြောင်း မြို့သစ်ရပ်ကွက်နေသူများက ဆိုသည်။

စစ်ကောင်စီသည် ထားဝယ်မြို့ပေါ်တွင် ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားသည်။