ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်ထာသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် စက်သုံးဆီနှင့် သောက်သုံးရေ စတင်ပြတ်လပ်ပြီး ဝယ်မရတော့ကြောင်း မြို့ခံများထံမှ သိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို ပံ့ပိုးနေသည်ဆိုပြီး ဘုရားသုံးဆူမြို့အပါအဝင် မြို့အချို့ကို ဖေဖော်ဝါရီလ ၅ ရက် နံနက်တွင် ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်ခဲ့သည်။
လျှပ်စစ်မီးပြတ်တောက်သွားပြီးနောက် ဘုရားသုံးဆူမြို့ပေါ်တွင် စက်သုံးဆီ ဝယ်ယူသူများပြားလာပြီး စျေးလည်း နှစ်ဆနီးပါး ခုန်တက်သွားကြောင်း မြို့ခံ လူလတ်ပိုင်းအမျိုးသားတစ်ဦးက ပြောသည်။
“ဘုရားသုံးဆူမြို့ပေါ်မှာတော့ ဆီဝယ်လို့မရတော့ဘူး။ တချို့ကလည်း သူတို့သုံးဖို့အတွက် မရောင်းတာလည်း ရှိတယ်။ ဆီကလည်း ရှာရခက်သွားပြီ”ဟု ၎င်းက ပြောဆိုသည်။
တစ်လီတာလျှင် ၃၂ဘတ်စျေးရှိသည့် စက်သုံးဆီစျေးမှာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပြီးနောက် တစ်နာရီခန့်အကြာတွင် တစ်လီတာလျှင် ဘတ် ၄၀ ကျော်၊ အဆိုပါရက်တွင်ပင် ဘတ် ၅၀ ကျော်အထိ ဖြစ်လာကြောင်း အထက်ပါမြို့ခံက ဆိုသည်။
ဖေဖော်ဝါရီလ ၆ရက်တွင် တစ်လီတာလျှင် ဘတ် ၆၀ ဖြစ်လာပြီး ယနေ့ ဖေဖော်ဝါရီလ ၇ရက်တွင် ဘတ် ၆၀ ဖြင့်လည်း ဝယ်ယူ၍ မရတော့ကြောင်း ၎င်းက ပြောသည်။
ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်ခြင်းကြောင့် ဘုရားသုံးဆူမြို့ခံများ အခက်အခဲများစွာ ကြုံတွေ့နေရပြီး အထူးသဖြင့် သောက်သုံးရေ ပြတ်လပ်မှု ပြဿနာရင်ဆိုင်ကြုံတွေ့နေရကြောင်း မြို့ခံတို့က ဆိုသည်။
“လောလောဆယ် သောက်ရေအခက်အခဲဖြစ်တယ်။ မီးဖြတ်လိုက်တော့ မြို့ပေါ်က သောက်ရေသန့်စက်ရုံတွေ အကုန်လုံးက ရပ်လိုက်ရတော့ သောက်ရေက ပြတ်သွားတယ်။ သောက်ရေ မရှိတော့ဘူး။ အခုဆိုရင် ကားရှိတဲ့လူတွေ သုံးဘီးရှိလူတွေက အိမ်သုံးရာ၊ ကျွန်းချောင်းဘက်က သောက်ရေ သွားသယ်ကြတယ်” ဟု ဘုရားသုံးဆူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
သောက်ရေအပြင် သုံးရေအတွက်လည်း အခက်အခဲရှိလာကြောင်း မြို့ခံတို့က ပြောဆိုသည်။
ကျားဖြန့် ငွေလိမ်လုပ်ငန်းကို ချေမှုန်းရန် ထိုင်းဘက်က လျှပ်စစ်မီး၊ စက်သုံးဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်လိုက် ခြင်းသည် မြို့ခံပြည်သူလူထုကိုသာ အဓိက အခက်အခဲဖြစ်စေကြောင်း ဘုရားသုံးဆူမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ထိုင်းရဲ့ target က တရုတ်တွေရဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပိတ်ချင်လို့ လောင်းကစားတွေကို ပိတ်ချင်လို့ အဲဒီလို အဓိပ္ပါယ်နဲ့လုပ်တာ။ ဒါပေမဲ့ သူတို့အပေါ် ဘာမှ အကျိုးသက်ရောက်မှုမရှိဘူး။ တကယ်ခံနေရတာက ဒေသခံတွေ မြို့ခံတွေဖြစ်တယ်။ အခု မီးဖြတ်လိုက်တော့ ထမင်းဟင်းချက်တာကအစ အကုန်အခက်အခဲဖြစ်ကုန်တာ။ စျေးတွေလည်း တက်ကုန်တာ။ တရုတ်တွေကတော့ အေးဆေးပဲ” ဟု ၎င်းက ပြောသည်။
လျှပ်စစ်မီးဖြတ်တောက်ခံရပြီးနောက် တရုတ်လုပ်ငန်းများသည် ကိုယ်ပိုင်မီးစက်များဖြင့် ဆက်လက်လည်ပတ် နေကြောင်းလည်း မြို့ခံအချို့က ဆိုသည်။
ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့်နှစ်ကတည်းက ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ၏ အကူအညီဖြင့် မြဝတီဘက်က တရုတ်လူမျိုးထောင်နှင့်ချီ စတင်ဝင်ရောက်လာခဲ့ပြီး ယခုနှစ်ဆန်းပိုင်း ထိုင်းနှင့် တရုတ်ဘက်က ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို ချေမှုန်းရန် အရှိန်မြှင့်လုပ်ဆောင်လာသည့်နောက်ပိုင်းတွင် ဘုရားသုံးဆူမြို့သို့ တရုတ်နိုင်ငံသား ရာနှင့်ချီ ထပ်မံရောက်ရှိလာကြောင်း မြို့ခံတို့ထံမှ သိရသည်။