BREAKING
February 15, 2025

မီးခိုးရောင် သေမိန့်

February 7, 2025

ဒီနေ့ဟာ ချင်းမိုင်တက္ကသိုလ်အတွက် ကြေကွဲစရာနေ့တစ်နေ့။

၂၀၂၃ ခုနှစ်ရဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ဟာ မိန်းမလှဆန်ဆန် လှပနေတတ်တဲ့ ‘ချင်းမိုင်’ဆိုတဲ့ ထိုင်းမြို့လေးကို နေရောင်ခြည်တွေနဲ့ ပစ်ပေါက်နေခဲ့ပါတယ်။

လန်နာဘုရင် နေပြည်တော်ဟောင်းအတွက် သာမန်နေ့တစ်နေ့လို့ ထင်စရာပါပဲ။

တကယ်တမ်းမှာတော့ တက္ကသိုလ်ကထိကတစ်ယောက်ရဲ့ ရုပ်အလောင်း၊ အရှေ့တောင်အာရှရဲ့ မီးခိုးရောင်ရန်သူအကြောင်းစတဲ့ ကြေကွဲချောက်ချားစရာတွေနဲ့ တပ်လှန့်လိုက်တဲ့နေ့လို့ဆိုရမှာပါ။

ချင်းမိုင်တက္ကသိုလ်က ဆေးဘက်ဆိုင်ရာကထိကဖြစ်သူ ‘ဒေါက်တာကရစ်ထိုင်းသန်နာဆွန်ဘတ်ခေါ်လ်’ ဟာ အဆုတ်ကင်ဆာနဲ့ အဲဒီနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကျန်းမာရေးလိုက်စားပြီး ရောင်းအားအကောင်းဆုံးစာရင်းဝင် ဘဝခွန်အားမြှင့်တင်နည်းစာအုပ်ကိုရေးသားထုတ်ဝေထားတဲ့ ဒေါက်တာကရစ်ထိုင်းဟာ သေဆုံးချိန်မှာ အသက် ၂၉ နှစ်ပဲ ရှိပါသေးတယ်။

သူရဲ့ သေဆုံးမှုဟာ ရာမဘုရင် ၆ လက်ထက်ကတည်းက ထိုင်းနိုင်ငံမှာ ရှိနေပြီဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာတစ်ခုနဲ့ ဆက်စပ်နေတယ်လို့ ကျွမ်းကျင်သူတွေက သံသယရှိကြပါတယ်။

အဲဒါကတော့ လေထုညစ်ညမ်းမှုပါပဲ။

မီးခိုးရောင်ကောင်းကင်ဝတ်ရုံ

ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဟိုချီမင်းမြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံး မြို့ကြီးစာရင်းမှာ အခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က အဆင့် ၂ ချိတ်ခဲ့ပါတယ်။ ပထမနေရာယူထားခဲ့သူကတော့ ပါကစ္စတန်ရဲ့ လာဟိုးမြို့ပါ။ ကမ္ဘောဒီးယားရဲ့ မြို့တော်ဖနွမ်းပင်က အဆင့် ၄ နေရာကို ရောက်နေခဲ့ပါတယ်။

အဲဒီနေ့မှာ ထိုင်းနိုင်ငံ ၊ မြို့တော်ဘန်ကောက်ရဲ့ ကောင်းကင်ယံဟာ မြူခိုးတွေနဲ့ အဆမတန် အုပ်ဆိုင်းနေခဲ့ပါတယ်။ ‘၁၉၅၂ လန်ဒန်လေထုညစ်ညမ်းမှု’ မြင်ကွင်းကို အရှေ့တောင်အာရှမှာ ပြန်မြင်လိုက်ရသလိုပါပဲ။ စိတ်ထိခိုက်စရာကောင်းတာက ဒီမြင်ကွင်းကို ၂၁ ရာစုထဲမှာ မြင်နေရတာပါ။ စက်မှုလုပ်ငန်းဘုန်းတန်ခိုးကြွကာစ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအကြောင်း ကျယ်ကျယ်ပြန့်ပြန့် မသိရသေးတဲ့ ၁၉၅၂ ကာလမှာ မဟုတ်ပါဘူး။

အဲဒီနေ့မှာ ဘန်ကောက်မြို့ဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် လေထုညစ်ညမ်းမှုအများဆုံးမြို့ကြီး ဖြစ်နေခဲ့ပါတယ်။ ဘန်ကောက်မြို့က ဆိုင်ကယ်တက္ကစီမောင်းသမားတစ်ယောက်က အခုလို ပြောတယ်။

“ကျွန်တော့်နှာခေါင်းက အမြဲပိတ်နေတယ်။ နှာခေါင်းထဲက လေကို တစ်ချိန်လုံးမှုတ်ထုတ်နေရတာပဲ”

မြို့တော်ဘန်ကောက်ရဲ့ လေထုညစ်ညမ်းမှုကြောင့် ဇန်နဝါရီလထဲမှာပဲ စာသင်ကျောင်း ၃၀၀ ဝန်းကျင်ကို ပိတ်ထားလိုက်ရပါတယ်။

ထိုင်းအစိုးရက ဘန်ကောက်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်တွေကို တစ်ပတ်ကြာ အခမဲ့စီးနင်းခွင့်ပြုလိုက်ပါတယ်။ စိုက်ပျိုးမွေးမြူရေးခြံလုပ်ငန်းတွေမှာ မီးရှို့တာ ၊ စက်ရုံတွေကနေ ထွက်လာတဲ့ မီးခိုးတွေနဲ့ ၊ မော်တော်ယာဉ်ထူထပ်မှုတွေကြောင့် ဘန်ကောက်မြို့ရဲ့ လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာခဲ့တာပါ။

“လေထုညစ်ညမ်းနေတယ်ဆိုတာမျိုး အသိပေးထုတ်ပြန်တာ၊ ကျောင်းတွေ ပိတ်ပေးရုံလောက် မဟုတ်ဘဲနဲ့ အစိုးရက ဒီထက်ပိုပြီး အရေးယူဆောင်ရွက်သင့်တယ်။ ဒီထက်ပိုပြီးအလုပ်လုပ်ဖို့ လိုအပ်နေတယ်”

ဒါက အသက် ၃၂ နှစ်အရွယ် ဘန်ကောက်မြို့ခံတစ်ယောက်ရဲ့ ပြောစကားပါ။

ထိုင်းဘုရင့်နိုင်ငံဟာ နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတဲ့အချက်ကို အခြေခံဥပဒေထဲမှာ ထည့်သွင်းပြဌာန်းထားတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ ပြည်နယ်ပေါင်း ၇၇ ခုမှာ ၅၇ ပြည်နယ်က အန္တရာယ်ရှိလေထုညစ်ညမ်းမှုအခြေအနေကို ရောက်နေတယ်လို့ Bangkok Post မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ နှစ်စဉ်ကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းမှုရဲ့ ပြဿနာအရင်းခံဟာ စာချုပ်အခြေခံစိုက်ပျိုးရေး(Contract Farming) ဖြစ်ပါတယ်။ ဒီစနစ်မှာ လူများစု တနိုင်တပိုင်တောင်သူတွေကို လက်တစ်ဆုပ်စာ ကုမ္ပဏီကြီးတွေက မျိုးစေ့နဲ့ ဓာတ်မြေဩဇာ ရောင်းပေးပြီး တောင်သူတွေဆီက စိုက်ပျိုးသီးနှံတွေကို ပြန်ဝယ်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ အရင်းအနှီးမရှိတဲ့ တောင်သူတွေဟာ ထုတ်လုပ်မှုအား အမြင့်ဆုံးရောက်ဖို့ အလွယ်ဆုံးနည်းလမ်းအနေနဲ့ ကောက်ရိတ်သိမ်းချိန်မှာ တောင်ယာတွေကို မီးရှို့ပါတယ်။

ထိုင်းမြောက်ပိုင်းပြည်နယ်အချို့က လေထုညစ်ညမ်းမှုဟာ အိမ်နီးချင်း မြန်မာနဲ့ လာအိုနိုင်ငံတွေဆီက တောင်ယာမီးရှို့မှုတွေကြောင့် အတိုင်းအတာတစ်ခုအထိ ရိုက်ခတ်လာတာမျိုး ရှိပေမယ့် တကယ့်ပြဿနာဟာ ထိုင်းနိုင်ငံထဲက တောင်ယာမီးရှို့မှုတွေကြောင့်ပဲ ဖြစ်တယ်လို့ မစ္စဝီးနာရင်လုလစ်တန်နွန်ဒါက ဆိုပါတယ်။ကမ္ဘာ့ဘဏ်မှာ စီးပွားရေးပညာရှင်အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ သူမဟာ ထိုင်းသန့်ရှင်းလေထုကွန်ရက် (Thailand Clean Air Network) ကို ပူးတွဲတည်ထောင်သူတစ်ဦး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းဖို့ဆိုရင် ထိုင်းအစိုးရဟာ သူတို့ကို နိုင်ငံရေးအရ ကြီးကြီးမားမား ကျောထောက်နောက်ခံပြုပေးထားတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်သူဌေးကြီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပဲလို့ သူမက ဆိုပါတယ်။

အခုနှစ် ဇန်နဝါရီလအတွင်း ဗီယက်နမ်နိုင်ငံရဲ့ ဟိုချီမင်းမြို့မှာ လေထုထဲက အန္တရာယ်ရှိ အမှုန်အမွှားလေးတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ စံချိန်စံညွှန်းထက် ၁၁ ဆ ပိုမြင့်နေတယ်လို့ လေထုစောင့်ကြည့်ရေးအဖွဲ့ IQAir ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ ဟနွိုင်းမြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှုအမြင့်ဆုံးအဖြစ် ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ သတ်မှတ်ခံခဲ့ရပါတယ်။

အခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကမ္ဘောဒီးယားမြို့တော်ဖနွမ်းပင်ရဲ့ လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့အဆင့် ၄ မှာ ရှိနေပါတယ်။ ကမ္ဘောဒီးယား သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Khvay Atitya က အခုလို ပြောပါတယ်။

“လေထုထဲမှာ အမှုန်အမွှားတွေ တိုးပွားလာတာဟာ သဘာဝကြောင့်လည်း ဖြစ်သလို လူတွေကြောင့်လည်း ပါပါတယ်။ ပေါင်းပင်တွေနဲ့ သစ်တောတွေကို မီးရှို့တာ ၊ စွန့်ပစ်ပစ္စည်းတွေကို မီးရှို့တာကြောင့် ဖြစ်တယ်”

အင်ဒိုနီးရှားနိုင်ငံမှာလည်း လေထုညစ်ညမ်းမှုပြဿနာကို ပိုမိုဆိုးရွားလာနေပြီး နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ပေးလာနေပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ် ၃၁ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ဂျာကာတာဟာ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုအများဆုံးမြို့အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှုဒုတိယအများဆုံးမြို့အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အရှေ့တောင်အာရှမှာ မြန်မာက လေထုညစ်ညမ်းမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ ၂၀၂၂ ခုနှစ်က အစီရင်ခံစာတစ်ခုက ဆိုပါတယ်။ လေထုညစ်ညမ်းမှုကြောင့် မြန်မာနိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းက ၃ နှစ်နီးပါး ပိုလျော့လာနေတယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်တုန်းက အရှေ့တောင်အာရှဒေသမှာ လူပေါင်း ၃၅၂,၀၀၀ ဟာ လေထုညစ်ညမ်းမှုကြောင့် အချိန်မတိုင်ခင် သေဆုံးခဲ့ရတယ်ဆိုတာကို စစ်တမ်းတစ်ခုက ဖော်ပြပါတယ်။ လေထုညစ်ညမ်းမှုကြောင့် အာဆီယံဒေသတွင်း ပျမ်းမျှသက်တမ်း ၁ ဒသမ ၅ နှစ် ပိုလျော့ကျလာတယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။

စစ်တမ်းတွေအရ ကမ္ဘာပေါ်က လေထုညစ်ညမ်းမှုအမြင့်ဆုံး မြို့ပေါင်း ၄၀ မှာ ၃၇ မြို့က တောင်အာရှဒေသမှာ ရှိနေပါတယ်။

အရှေ့တောင်အာရှက အစိုးရတွေဟာ ကာဗွန်အခွန် (Carbon Tax) နဲ့ လျှပ်စစ်ကားများအသုံးပြုမှုကို အားပေးမြှင့်တင်တာမျိုးလို နည်းလမ်းတွေအပါအဝင် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်မယ့် ရေရှည်နည်းလမ်းတွေကို ရှာဖွေကြံဆလာကြပါတယ်။

‘လေထုသန့်ရှင်းရေးဥပဒေကြမ်း’ (Clean Air Bill) ကို ထိုင်းအစိုးရက မိတ်ဆက်လာတာမျိုး ရှိပါတယ်။ ဒါပေမယ့် စက်မှုလုပ်ငန်းရှင်တွေနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ဖိအား ၊ ဥပဒေကို အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်သူတွေရဲ့ နိုင်ငံရေးစိတ်ဆန္ဒကင်းမဲ့မှု ၊ လေထုညစ်ညမ်းမှုအန္တရာယ်အကြောင်း အများပြည်သူအကြား ကျယ်ကျယ်ပြန့်ပြန့် မသိရှိမှု စတာတွေကြောင့် အဲဒီဥပဒေက နှောင့်နေးကြန့်ကြာနေပါတယ်။

စင်္ကာပူနဲ့ တရုတ် ဥပမာ

အစိုးရရဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုနဲ့ လေထုညစ်ညမ်းမှုပြဿနာကို ဘယ်လိုကိုင်တွယ်နိုင်သလဲဆိုတာကိုဥပမာပြလို့ ရတဲ့ နိုင်ငံတစ်ခု အရှေ့တောင်အာရှမှာ ရှိနေပါတယ်။ အဲဒါကတော့ စင်္ကာပူပါပဲ။ စင်္ကာပူရဲ့ အတိတ်ဟာ အိမ်နီးချင်းအင်ဒိုနီးရှားနိုင်ငံမှာ တောမီးလောင်မှုတွေကနေ လွင့်စင်ရိုက်ခတ်လာတဲ့ လေထုညစ်ညမ်းမှုဒဏ်ကို အသက်ရှူမဝအောင် ခံစားခဲ့ရဖူးပါတယ်။

ဒီပြဿနာကို လည်လှီးဖို့အတွက် စင်္ကာပူအစိုးရက ‘နယ်ခြားဖြတ်ကျော်မြူခိုးညစ်ညမ်းမှုဥပဒေ’ (Transboundary Haze Pollution Act) ဆိုတာကို ၂၀၁၄ မှာ ပြဌာန်းခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ ကုမ္ပဏီတွေကို ဒီဥပဒေနဲ့ ပြတ်ပြတ်သားသား အရေးယူပါတယ်။ စင်္ကာပူနိုင်ငံပြင်ပမှာ လုပ်ဆောင်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမှုတွေကိုတောင် အရေးယူပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်မှုကို အားပေးပါတယ်။ တရားမဝင် သစ်တောပြုန်းတီးစေမှုတွေမှာ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်အရေးယူပါတယ်။

စင်္ကာပူအစိုးရရဲ့ ပြတ်သားတဲ့ မူဝါဒကို ဒေသတွင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ၊ သန့်ရှင်းနည်းပညာဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ လေထုညစ်ညမ်းမှုကို မှတ်ကျောက်တင်စရာ လျှော့ချနိုင်ခဲ့ပါတယ်။

တရုတ်မှာလည်း အလားတူပါပဲ။ ၂၀၁၃ ခုနှစ်ကစပြီး တရုတ်ပြည်မှာ လေထုညစ်ညမ်းမှုထိန်းချုပ်ရေး တင်းမာပြတ်သားတဲ့ မူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်လာခဲ့ပါတယ်။ “လေထုညစ်ညမ်းမှုကို တိုက်ဖျက်တဲ့ စစ်ပွဲ”လို့ တရုတ်အစိုးရက ကြေညာတယ်။

အဲဒီနောက်ပိုင်း တရုတ်ပြည်မှာ PM2.5 အမှုန်အမွှားတွေနဲ့ လေထုညစ်ညမ်းမှုက တောက်လျှောက်ကျဆင်းလာခဲ့ပါတယ်။ ၂၀၂၁ ရောက်တဲ့အချိန်မှာ ၂၀၁၃ တုန်းကထက် လေထုညစ်ညမ်းမှု ၄၂ ရာခိုင်နှုန်းလျော့ကျသွားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ရောက်ရင် PM2.5 အဆင့် လေထုညစ်ညမ်းမှုကို ၂၀၂၀ ခုနှစ်တုန်းကထက် ၁၀ ရာခိုင်နှုန်း လျှော့ချနိုင်ဖို့ ရည်မှန်းထားပါတယ်။

ကျောက်မီးသွေးလောင်စာသုံးစွဲမှုကို လျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်တွေကို ကူးပြောင်းအသုံးချရေးကို ပိုမိုအားပေးမြှင့်တင်ဖို့ ရည်မှန်းထားပါတယ်။

‘သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရဲတပ်ဖွဲ့’ကိုလည်း တရုတ်အစိုးရက ဖွဲ့စည်းထားပါတယ်။

အလှမ်းဝေးဆဲ ၂၀၀၂ အိပ်မက်

၁၉၉၇ ခုနှစ်က မလေးရှားနိုင်ငံ ၊ ဆာရာဝပ်ပြည်နယ်မှာ လေထုညစ်ညမ်းမှုအကျပ်အတည်းကြောင့် ပြည်နယ်တစ်ခုလုံး အရေးပေါ်အခြေအနေကြေညာခဲ့ရပါတယ်။ အင်ဒိုနီးရှားတောမီးလောင်ကျွမ်းမှုကနေ စတင်လိုက်တဲ့ လေထုညစ်ညမ်းမှုညွှန်းကိန်းက အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်သွားပြီး စာသင်ကျောင်း ၊ ဘဏ်နဲ့ ရုံးတွေ အားလုံးပိတ်လိုက်ရပါတယ်။

စင်္ကာပူနိုင်ငံရဲ့ ကောင်းကင်ဟာ ထူးဆန်းတဲ့ အဝါရောင် ဖြစ်ပေါ်နေခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့မှာ ဒီလေထုညစ်ညမ်းမှုဒဏ်ကို ထိခိုက်ခံစားခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံထဲက တောမီးလောင်ကျွမ်းတဲ့ ဧရိယာနဲ့ နီးစပ်တဲ့ နေရာတွေမှာ လေထုညစ်ညမ်းမှုညွှန်းကိန်းက တစ်ထောင်ကျော်သွားပါတယ်။ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ညွှန်းကိန်းထက် သုံးဆပိုကျော်လွန်သွားခဲ့တာပါ။ လူပေါင်း ၄၀၀၀၀ ကျော် ဆေးရုံတင်လိုက်ရပါတယ်။ စီးပွားရေး ၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအရ ကြည့်ရင် အမေရိကန်ဒေါ်လာ ၉ ဘီလီယံဝန်းကျင် ဆုံးရှုံးလိုက်ရတယ်လို့ အာဆီယံအဖွဲ့က ခန့်မှန်းခဲ့ပါတယ်။

၁၉၉၇ ခုနှစ် ဘော်နီယိုကျွန်း တောမီးလောင်ကျွမ်းမှုဟာ အရှေ့တောင်အာရှဒေသတွင်း အစိုးရတွေအတွက် လေထုညစ်ညမ်းမှုအရေး တပ်လှန့်နှိုးဆော်သံ ဖြစ်ခဲ့ပါတယ်။ အဲဒီကနေစပြီး ဒေသတွင်းတောမီးလောင်ကျွမ်းမှုကနေ လေထုညစ်ညမ်းမှုကို ပူးပေါင်းအဖြေရှာဖို့ ခြေလှမ်းလှမ်းလာခဲ့ကြပါတယ်။

အာဆီယံမြူခိုးညစ်ညမ်းမှုသဘောတူညီချက်(ASEAN Haze Agreement) ကို ၂၀၀၂ ခုနှစ်မှာ ချမှတ်နိုင်ခဲ့ပါတယ်။ မြူခိုးညစ်ညမ်းမှုကြိုတင်ကာကွယ်ရေးနဲ့ တောမီးလောင်ကျွမ်းမှု ထိန်းချုပ်ရေးအတွက် ဒေသတွင်းရန်ပုံငွေတစ်ခုကို အဲဒီသဘောတူညီချက်အရ စတင်မတည်နိုင်လိုက်ပါတယ်။ ဘုံရည်မှန်းချက်တစ်ခုကို ချမှတ်ခဲ့ကြပါတယ်။

“၂၀၂၀ ခုနှစ်မှာ အာဆီယံဒေသဟာ မြူခိုးညစ်ညမ်းမှုကင်းစင်တဲ့ဒေသ ဖြစ်ရမယ်”

ဒီရည်မှန်းချက်အောင်မြင်သွားပြီလား။

ချင်းမိုင်တက္ကသိုလ် ၊ ဆေးဘက်ဆိုင်ရာကထိက ဒေါက်တာကရစ်ထိုင်းရဲ့ ဈာပနအခမ်းအနားက အဖြေပါပဲ။

Ref : Reuters, Khmer Times, Bangkok Post, The Diplomat, VnExpress International, Khasod English, Al Jazeera

ဈာန်ဟိန်း