BREAKING
February 23, 2025

ထိုင်းထီ သုံးလုံးပေါက်ဂဏန်းပေးမည်ဆိုပြီး လောင်းလုံးဒေသခံတစ်ဦးထံမှ ကျပ် ၁၅သိန်းကျော်လိမ်

February 7, 2025

ဒေသအခေါ် ရှမ်းထီ (ထိုင်းထီ သုံးလုံးဂဏန်း) ပေါက်ဂဏန်း အတိအကျပေးမည်ဟု စည်းရုံးသိမ်းသွင်းပြီး လောင်းလုံး ဒေသခံ တစ်ဦးထံမှအမျိုးသားတစ်ဦးက ငွေကျပ် ၁၅ သိန်းကျော် လိမ်လည်သွားကြောင်း စုံစမ်းသိရှိရသည်။

နေလင်းအောင်အမည်၊ အမျိုးသားတစ်ဦး၏ ဓာတ်ပုံတို့ကို အသုံးပြုထားသည့် အမျိုးသားတစ်ဦးသည် ဖုန်းနံပါတ် ၀၉၇၇၆၉၉၅၁၉၀ ဖြင့် လောင်းလုံးဒေသခံအမျိုးသမီးတစ်ဦးထံ ဖုန်းဖြင့်ဆက်သွယ်လာပြီး ရှမ်းထီ ပေါက်ဂဏန်းပေးမည်ဟု စတင်စည်းရုံးကြောင်း အလိမ်ခံရသည့်ဖြစ်စဉ်အသေးစိတ်ကို သိရှိသူက ပြောသည်။

အွန်လိုင်းပေါ်တွင်တွေ့ရှိ ခင်မင်ခဲ့သူ အဆိုပါအမျိုးသားသည် ထိုင်းထီထွက်ရန် သုံးရက်ခန့်အလို ဇန်နဝါရီလ ၃၀ ရက်တွင် ဖုန်းဆက်လာပြီး ၎င်းသည်ထိုင်းထီကုမ္ပဏီတွင်အလုပ်လုပ်နေသူဖြစ်ကြောင်း စတင်မိတ်ဆက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ထိုင်းထီပေါက်ဂဏန်းများကို ၎င်းက စီမံခန့်ခွဲရသူဖြစ်သည်ဟု လိမ်လည်ပြောဆိုခဲ့ပြီး ပေါက်ဂဏန်း ရယူလိုလျှင် ဝယ်ယူနိုင်ကြောင်းလိမ်လည်ခဲ့သည်ဟု ဆိုသည်။

“ဘယ်လိုလိမ်သလဲဆိုတော့ ထီနံပါတ် သုံးလုံးရှိတာမှာ ပထမဆုံး ထိပ်စီးအတွက်က နှစ်သိန်း (ကျပ်) တောင်းတယ်။ အလယ်ဂဏန်းအတွက်က ငါးသိန်း (ကျပ်) ၊ နောက်ဆုံးတစ်လုံးအတွက်က ရှစ်သိန်းခွဲတောင်းတယ်။ အားလုံးဆိုရင်တော့ ၁၅ သိန်းကို သုံးခါလွှဲပေးလိုက်ရတာ” ဟု ငွေလိမ်သည့်ကိစ္စကို သိရှိသူတစ်ဦးက ပြောဆိုသည်။

ငွေလိမ်သူ အမျိုးသားပြောသည့် ပေါက်ဂဏန်းမှာ ၂၅၈ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်တွင် အမှန်တကယ် ထွက်သည့် ဂဏန်းမှာ ၇၀၀ ဖြစ်သည်။

သို့သော် လိမ်လည်သူအမျိုးသားသည် နောက်ပုံတစ်မျိုးဖြင့် ထပ်မံလိမ်လည်ရန် ချဉ်းကပ်ခဲ့သေးကြောင်း ငွေလိမ်သည့် ကိစ္စကို သိရှိသူက ဆိုသည်။

၂၅၈ ဂဏန်း မထွက်သော်လည်း ၇၀၀ ပေါက်ဂဏန်းတွင် လောင်းလုံးဒေသခံအမျိုးသမီးအတွက် ကျပ်တစ်သိန်းဖို့ ထိုး ပေးထားရာ ထီပေါက်ငွေမှာ ကျပ်သိန်းတစ်‌ထောင်ရရှိမည်ဟု မက်လုံးပေး ထပ်မံလိမ်လည်ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းအတွက် ထိုးကြေးငွေ တစ်သိန်းကျပ်၊ ‌ဝန်ဆောင်ခအတွက် ဆယ်သိန်းကျပ် ကြိုတင်ပေးဆောင်ရန် ဖုန်းဖြင့် ဆက်သွယ်ပြောဆိုတောင်းခံလာပြန်ကြောင်း ဖြစ်စဉ်ကို သိရှိသူက ဆိုသည်။

ငွေ ၁၁ သိန်းကို ထပ်မံလွှဲပေးရန် လုပ်ဆောင်ခဲ့သော်လည်း ပတ်ဝန်းကျင်ရှိ အသိမိတ်ဆွေများက ဝိုင်းဝန်း နားချ တားဆီးကြသဖြင့် မလွှဲပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ကျောက်ခဲ ရေပေါ်ဆိုပြီး ပိုက်ဆံထပ်လွှဲပေးဖို့ လုပ်သေးတယ်။ ကျွန်မတို့က ကြားကနေဝင်ပြီး မလွှဲပေးဖို့ တားထားလို့သာ မဟုတ်ရင် နောက်ထပ်ဆယ်သိန်း ထပ်အလိမ်ခံရဦးမှာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုနည်းလမ်းအတိုင်း အခြား‌ထားဝယ်ဒေသခံအချို့လည်း အလိမ်ခံရသည့်ဖြစ်စဉ်အချို့ရှိကြောင်း သိရသော်လည်း ကာယကံရှင်တို့က ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့ကြသည်။

ကိုနေလင်းအောင် အမည်ဖြင့် အသုံးပြုသူ၏ ဖုန်းနံပါတ် 09776995190 နံပါတ်အား Dawei Watch က ယနေ့ ဖေဖော်ဝါရီလ ၇ရက်တွင် ဆက်သွယ်စုံစမ်းကြည့်ရာ ၎င်းတို့သတ်မှတ်ထားသည့်ငွေကြေးပမာဏကို ထိုးသားများဘက်က မလိုက်နိုင်သဖြင့် ကနဦးသတ်မှတ်ထားသည့် ၂‌၅၈ပေါက်ဂဏန်းအစား ၇၀၀ကို ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း၊ နောက်တစ်ကြိမ် လက်တွဲပြီး ထီထိုးနိုင်ကြောင်းများ ပြောဆိုခဲ့သည်။

ထီထိုးမည့်သူ မဟုတ်ဘဲ Dawei Watch သတင်းဌာနက သတင်းထောက်ဖြစ်ကြောင်း ပြောဆိုသောအခါ ဖုန်းချသွားပြီး စက်ပိတ်သွားခဲ့သဖြင့် နောက်တစ်ကြိမ် ဆက်သွယ်၍ မရတော့ပေ။

ထိုင်းထီမှာ မည်သူတစ်ဦးတစ်ယောက်မျှ ကြိုတင်သိရှိခြင်းမရှိစေရန် စနစ်တကျစီမံထားပြီး ထိုင်းအစိုးရ ထိန်းချုပ်မှုအောက်တွင် ရှိသော ထီလုပ်ငန်းတစ်ခုဖြစ်သည်။

ယင်းအပြင် တန်ဖိုးကြီးကားများကို ကံစမ်းမဲဖောက်ပေးသည်ဆိုကာ ကံစမ်းမဲလက်မှတ်ရောင်းပြီး ငွေကြေးလိမ်လည်မှု ရှိပြီး Dawei Watch က အချက်အလက် စိစစ်ဖော်ပြထားသည်ကို https://www.daweiwatch.com/13/01/2025/104497/ တွင် ကြည့်နိုင်ပါသည်။