ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ ကထူးဘင်ဒေသ မဟာချိုင်တွင် အဝတ်လျှော်ဆပ်ပြာရည်နှင့် ချွတ်ဆေးများ ထုတ်လုပ်ရောင်းချနေသော စက်ရုံကို ထိုင်းအာဏာပိုင်များ ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား ၂၀ ဦး ဖမ်းဆီးခံခဲ့ရသည်။
စက်ရုံထဲမှ စွန့်ပစ်အရည်များနှင့် အမှိုက်ပုံများမှ အနံ့ဆိုးထွက်နေသဖြင့် အနီးနေဒေသခံများက တိုင်ကြားလာရာမှ အလုပ်သမားရုံးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ဖေဖော်ဝါရီလ ၆ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများကဆိုသည်။
စက်ရုံထဲတွင် မှတ်ပုံမတင်ထားသော အဝတ်လျှော်ဆပ်ပြာရည်၊ ချွတ်ဆေး၊ အိမ်သာဆေးရည်ဘူးများပါသော ပါကင်ဖာများနှင့်အတူ စက်ပစ္စည်းများစွာကို စစ်ဆေးတွေ့ရှိခဲ့ရသည်။
စက်ရုံသည် လိုင်စင်မဲ့စက်ရုံဖြစ်ပြီး ဆပ်ပြာရည်နှင့်ချွတ်ဆေးများကလည်း မှတ်ပုံတင်ထားခြင်းမရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။






စက်ရုံထဲတွင် မြန်မာအလုပ်သမား ၂၀ ဦးနှင့် တရုတ်အလုပ်သမား ၃ ဦး လုပ်ကိုင်နေသဖြင့် ၎င်းတို့ကို ဥပဒေအရ ဖမ်းဆီးခဲ့ဟုဆိုသည်။
အဝတ်လျှော်ဆပ်ပြာရည်နှင့် ချွတ်ဆေးများကို စက်ရုံထဲထုတ်လုပ်ပြီး အွန်လိုင်းမှတစ်ဆင့် ရောင်းချနေကြောင်း၊ သုံးစွဲသူများထံက မှတ်ချက်ကောင်းသဖြင့် ဝယ်ယူမှု များကြောင်း အလုပ်သမားများက ထိုင်းရဲများထံ ဖြေကြားထားသည်။
လက်ရှိတွင် လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားသော စက်ရုံကို ချက်ချင်း ရပ်ဆိုင်းခိုင်းခဲ့ပြီး ဖမ်းဆီးထားသူများကို ဥပဒေအရ ဆက်လက်စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: Siam News, Thai Post, Joe Joe