သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ရွာတွင် ပရိုဘောက်ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်၍ ဆိုင်ကယ်မောင်းသူ အမျိုးသားဒဏ်ရာအပြင်းအထန်ရရှိကြောင်း ကူညီဆောင်ရွက်ပေးသည့်ဒေသခံများက ပြောသည်။
သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာမှ ထားဝယ်ဘက်သို့ လာသည့် မော်တော်ဆိုင်ကယ်နှင့် ထားဝယ်ဘက်မှ ပုလောဘက်သို့သွားသည့် ပရိုဘောက်ကားတို့ ကျွဲဇပ်ရွာ လမ်းကွေ့တွင် ဖေဖော်ဝါရီလ ၅ ရက် ညနေ ၃ နာရီခန့်က တိုက်မိခြင်းဖြစ်ကြောင်းမျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ဆိုသည်။
“လမ်းကွေ့မှာ (ဆိုင်ကယ်) သူက အရှိန်ပြင်းပြင်းနဲ့ ဆယ်ဘီးကားကို ကျော်တယ်၊ ဆယ်ဘီးကားကလည်း အရှိန်ပြင်းတော့ သူမကျော်နိုင်ဘူး။ အဲဒီမှာ ရှေ့ကလာတဲ့ ပရိုဘောက်ကားကို မျက်နှာချင်းဆိုင် ဝင်တိုက်ရော၊ ဆိုင်ကယ်ဆိုရင် ကျိုးကြေသွားတာ” ဟု၎င်းက ပြောဆိုသည်။

ပြင်းဖြူကြီးရွာသား ဆိုင်ကယ်မောင်းသူ အသက်၂၆နှစ်အရွယ် မောင်စောသည် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိပြီး ထားဝယ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း ပြင်ဖြူကြီးရွာခံ အမျိုးသမီးတစ်ဦး က ဆိုသည်။
“လူကတော့ အခုအထိ သတိမရတော့ဘူး။ ခြေကျိုး ပေါင်ဆစ်တွေလည်း ပြုတ်ထွက်သွားတယ်၊ နောက်ပြီး ဦးခေါင်းနောက်စေ့လည်း ပွင့်သွားတယ်” ဟု ၎င်းက ပြောသည်။
ပရိုဘောက်ကား၏ ခေါင်းပိုင်းမှာလည်း ပျက်စီးသွားပြီး ကားပေါ် လိုက်ပါလာခဲ့ကြသည့် ခရီးသည် အမျိုးသမီး အချို့မှာလည်း သွေးလန့်ပြီး မူးမေ့သောကြောင့် နီးစပ်ရာဆေးရုံသို့ အရေးပေါ်ပို့ ဆောင်ခဲ့ရကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် ဒေသခံများကပြောဆိုသည်။