BREAKING
January 11, 2025

သရက်ချောင်း၊ ကင်းရှေ့ရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

February 7, 2024

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

ကင်းရှေ့ရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ နံနက် ၉ နာရီခန့်တွင် မိနစ် ၃၀ ကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အဲဒီနောက်ပိုင်းမှာတော့ သူတို့ဟာ သူတို့ တစ်ဖက်တည်းပစ်နေတာ။ ကျွန်တော်တို့တပ်ဖွဲ့တွေက ပြန်ဆုတ်လာပြီ” ဟု တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း စစ်ဘေးရှောင်နေသည့် ဒေသခံအချို့က ဆိုသည်။

“လူနဲ့ နေအိမ်ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူး။ ရွာထဲမှာ လူတွေမရှိကြဘူး” ဟု အခြားရွာတွင် စစ်ဘေးရှောင်နေသည့် ကင်းရှေ့ရွာက အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

မိုးရွှေကုန်းနှင့် စော်ဖျားက ဒေသခံအမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၆ရက်တွင် ဖမ်းဆီးခဲ့ပြီး ယနေ့ နံနက်တွင် ပြန်လွတ်ပေးကြောင်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ကင်းရှေ့ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါပစ်ခတ်မှုတွင် လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ထိုနေ့က နှစ်ဖက်ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်သံများကြောင့် စိုးရိမ်ထိတ်လန့်ပြီး ဒေသခံ ၃ ဦးခန့် မူးမေ့လဲပြီး တစ်ဦးဆေးရုံတင်ရကြောင်း ကင်းရှေ့ရွာက စစ်ဘေးရှောင် အမျိုးသမီးနောက်တစ်ဦးက ပြောဆိုသည်။

တောင်ပျောက်တိုက်နယ် အဝင်အထွက်လမ်းကြောင်းနှစ်ခုဖြစ်သည့် စော်ဖျားရွာဘုရားကုန်းက စစ်ကောင်စီတပ်စခန်းနှင့် သဲချောင်းကြီးရွာ ရဲကင်းစခန်းဂိတ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၃၁ ရက်တွင် စခန်းစွန့်ခွာခဲ့သည်။

စခန်းစွန့်ခွာပြီးနောက် အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်က စော်ဖျားရွာအနီးက ကင်းရှေ့ရွာတွင် တပ်လာစွဲရာ ယင်းတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်နေသည်။