BREAKING
January 8, 2025

တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ် ဘန်းချောင်းဒေသကို လေယာဉ်ဖြင့်ဗုံးကြဲ၊ ဒေသခံနှစ်ဦးဒဏ်ရာရ

January 7, 2025

Photo - KKL

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဘန်းချောင်းဒေသ ကွမ်းချောင်းကြီးရွာကို ယနေ့ ဇန်နဝါရီလ ၇ ရက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။

ထားဝယ်အရှေ့တောဒေ မေတ္တာမြို့၏တောင်ဘက်ရှိ ကွမ်းချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်း ၁၁နာရီ ၄၅မိနစ်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“ဘာကြောင့်ဗုံးလာကြဲလဲဆိုတော့ ကျွန်တော်တို့သုံးသပ်တာ မေတ္တာစခန်းနဲ့ ကျောက်မဲတောင်စခန်းက စစ်တပ်က လုံခြုံရေး အတွက် တော်တော်စိုးရိမ်တယ်လေ။ အဲဒါကြောင့်သူတို့က တစ်ခုခုထင်ပြီးတော့ ကျွန်တော်တို့လှုပ်ရှားတဲ့နေရာမှာ ကြိုပြီး တော့ ဗုံးကြဲသလိုမျိုး ဖြစ်နိုင်တာပေါ့နော်။ ဒါပေမဲ့သူတို့ကြဲတာက ကျွန်တော်တို့အဖွဲ့နေတဲ့စခန်း မဟုတ်ဘူး။ ရွာအလယ် တည့်တည့်ကြဲတာ” ဟု ၎င်းက ပြောဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွမ်းချောင်းကြီးရွာလယ် ဘောလုံးကွင်းအနီးက လူနေအိမ်တစ်လုံးထိခိုက်ပျက်စီးပြီး အမျိုးသမီး တစ်ဦး၊ အမျိုးသားတစ်ဦး ဗုံးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရကြောင်း KNU တပ်မဟာ (၄) နှင့် ဒေသခံအချို့ထံမှ သိရသည်။

အမျိုးသမီးတွင် ဘယ်ဘက် လက်မောင်းတွင် ထိခိုက်ဒဏ်ရာရပြီး အမျိုးသားတွင် ပေါင်၌ ဒဏ်ရာရကြောင်း ၎င်းတို့ထံမှ သိရသည်။

KNU တပ်မဟာ (၄) မှ ဘန်းချောင်း ဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ကွမ်းချောင်းကြီးရွာထဲတွင် KNU/KNLA တပ်ဖွဲ့များရှိသည်ဟူသော ယူဆချက်ဖြင့် ဗုံးလာကြဲခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

“တိုက်ပွဲဖြစ်တာမရှိဘူး၊ ကွမ်းချောင်းကြီး တစ်ရွာတည်းပဲ လာကြဲတာ” ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာလ ၁၈ ရက်ကစပြီး အရှေ့တောဒေသ ပကာရီရဲကင်းစခန်းသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် တောလမ်းအတိုင်းစစ်ကြောင်းထိုးကာ တောင်သုံးလုံး၊ ကျောက်မဲတောင်စခန်းနှင့် မေတ္တာဗျူဟာစခန်းကို ရောက်ရှိနေကြောင်း ဒေသသတင်းအရင်းအမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။