BREAKING
January 8, 2025

ထားဝယ်မြို့ဝင် ကမြောကင်းတံတားဂိတ် အစစ်အဆေးတင်းကျပ်

January 7, 2025

‌လောင်းလုံးမြို့ အနီး စစ်ရေးတင်းမာနေချိန်တွင် ထားဝယ်မြို့ အဝင်အထွက်ဂိတ်ဖြစ်သည့် ကမြောကင်းတံတား စစ်ဆေးရေး ဂိတ်တွင် ယခုရက်ပိုင်းအတွင်း အစစ်အဆေးတင်းကျပ်နေကြောင်း ဒေသခံခရီးသွားများထံမှ သိရသည်။

ထားဝယ်နှင့် လောင်းလုံးမြို့နယ်တို့ကို ဆက်သွယ်ထားသည့် အဆိုပါဂိတ်တွင် စက်ဘီး၊ ဆိုင်ကယ်နှင့် ကားများဖြင့်သွားလာသည့် ဒေသခံများမှာ မှတ်ပုံတင် ဆင်းပြရန် မလိုသော်လည်း ယနေ့ ဇန်နဝါရီလ ၇ရက်တွင် မှတ်ပုံတင်ပြပြီး စစ်ဆေးခံရကြောင်း ဒေသခံခရီးသွားများထံမှ သိရသည်။

“ကားပေါ်က အားလုံးဆင်းရတယ်။ မှတ်ပုံတင်ပြရတယ်။ အရင်က မဆင်းရဘူး။ ကားသမားက နား (ကားရပ်) ပေးပြီး စစ်ဆေးခံရရုံပဲ” ဟု ယနေ့ ထားဝယ်မြို့သို့ ကားဖြင့်သွားသည့် ခရီးသွားဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းကလည်း ဆိုင်ကယ်၊ ကားများဖြင့် သွားလာသူများကိုပါ ရှာဖွေစစ်ဆေးခြင်းများလုပ်‌ နေကြောင်း ခရီးသွားဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“အရင်ကဆို ဆိုင်ကယ်တွန်းရုံပဲ။ အခုက အကုန် ရှာစစ်တယ်။ ကျွန်မ သွားချိန် ဆိုင်ကယ်အကုန်နီးပါး စစ်ဆေးခံရတာ” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလ ၅ ရက်က လောင်းလုံးမြို့အနီးရှိ လက်ခတ်တောင် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ဆေးတင်းကျပ်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် အစစ်အဆေးတင်းကျပ်နေသော်လည်း ထားဝယ်မြို့ အဝင်အထွက် အခြားဂိတ်များ ဖြစ်သည့် အိမ်ရှေ့ပြင်ဂိတ်၊ ဗျောတောဝဂိတ်၊ ပေါက်တိုင်းဂိတ်များတွင်မူ ပုံမှန်အတိုင်းသာရှိကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“မြို့ဝင်မြို့ထွက် ကား၊ ဆိုင်ကယ်နဲ့သွားလာသူတွေကို မှတ်ပုံတင်စစ်တာမျိုးမရှိဘူး။ ပုံမှန်ပါပဲ” ဟု အိမ်ရှေ့ပြင်ဂိတ်၊ ဗျောတောဝဂိတ်၊ ပေါက်တိုင်းဂိတ်များနှင့်ပတ်သက်ပြီး ၎င်းက ပြောသည်။

လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးအပတ်ကစ၍ စစ်ရေးတင်းမာနေရာ အနည်းဆုံးကျေးရွာ ၅ ရွာက ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် ကျောက်နီမော်ရွာမှ ကြက်လွတ်ကျေးရွာအထိ မြို့နယ်အောက်ဘက်သို့ အင်အား ၃၀၀ခန့်ဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့သည်။ အဆိုပါစစ်ကြောင်းသည် ပြန်ဆုတ်လာရာ ယနေ့ နံနက်ပိုင်းတွင် အောက်ကျောက်ဝပ်ရွာသို့ ရောက်ရှိနေပြီး လမ်းတစ်လျှောက် စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံရသည့်ခရီးသွား ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီနေ့ဆို အောက်ကျောက်ဝပ်ရွာဘုန်းကြီးကျောင်းထိပ်ကနေ မနက်စောစော ထွက်စစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း လက်ခတ်တောင် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေကြကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားနေကြသည်။