အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသားတစ်သိန်းကျော်ကို လွှတ်ပေးခဲ့ပြီး ယင်းအနက် နိုင်ငံရေးအကျဉ်းသား ရှစ်ထောင်ကျော်သာပါဝင်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ဇန်နဝါရီလ ၆ရက်တွင် ထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း လွတ်ငြိမ်းခွင့် ၁၆ ကြိမ် ပြုထားခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူ တစ်သိန်းနှစ်ထောင်နီးပါး (၁၀၁,၇၂၉ ဦး) ကို လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၈၇၆၂ ဦးသာ ပါဝင်ကြောင်း ဖော်ပြသည်။
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုမှာ ရာခိုင်နှုန်းအနေဖြင့်ဆိုလျှင် ၈ ဒသမ ၆ရာခိုင်နှုန်းခန့်သာ ရှိကြောင်း ဆိုသည်။
စစ်အာဏာသိမ်းမှုကို လက်မခံခြင်း၊ ဆန့်ကျင်ခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသား ၂၁,၄၉၉ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း ISP Myanmar ထံမှ သိရသည်။ ယင်းအနက် တစ်သောင်းနီးပါးမှာ ထောင်ဒဏ်တစ်နှစ်မှ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်ခံထားကြောင်း ဖော်ပြသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၅၈၀၀ ကျော်ကို ယခု ဇန်နဝါရီလ ၄ ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး ယင်းအနက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ခြောက်ရာခန့် ပါဝင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။