ထားဝယ်မြို့နှင့် မေတ္တာမြို့အကြားရှိ မဲချောင်း(ရှစ်မိုင်) စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီစခန်းကုန်းတွင် ဇန်နဝါရီလ ၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲတွင် ဦးဆောင်ပါဝင်သည့် ဒူရကစစ်ကြောင်းက ယနေ့ (ဇန်နဝါရီ ၇) ထုတ်ပြန်သည်။
ရှစ်မိုင်ဂိတ်နှင့် စခန်းကုန်းတွင် စစ်ကောင်စီတပ်သားအင်အား ၃ဝ ခန့် နေထိုင်တပ်စွဲပြီး ယင်းဂိတ်သည် တနင်္သာရီတိုင်း စစ်ကောင်စီခန့်တိုင်းအစိုးရအဖွဲ့ ရုံးစိုက်သည့် ထားဝယ်မြို့နှင့် ရှစ်မိုင်သာကွားဝေးသည်။
အဆိုပါ မဲချောင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ငါးဦးသေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်း ဒူရကစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
ယင်းအပြင် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းစဥ် ကျည်ဘောက် ၄ ခု ၊ စကားပြောစက် ၃ လုံး ၊ ကျည်ဆန် နှစ်ရာ့ခြောက်ဆယ်ကျော်နှင့် ကျည်ကာဝတ်စုံတစ်စုံ သိမ်းဆည်းရမိသည်ဟု သတင်းထုတ်ပြန်သည်။
တိုက်ပွဲဖြစ်နေစဥ်အတွင်း သပြေချောင်း(စစ်ကောင်စီ)တပ်နယ်နှင့် ပကာရီ ရဲစခန်းများဘက်မှ ပစ်ကူပေးခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒူရကစစ်ကြောင်းတွင် ပါဝင်သည့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က ရဲဘော်သုံးဦးလည်း သေဆုံးခဲ့သည်ဟု ဒူရကစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံကပြောသည်။
” စစ်ဆေးရေးဂိတ် နဲ့ စခန်းကုန်းမှာ စစ်ဆေးရေးဂိတ်ကို ဝင်စီးပြီးလို့ စခန်းကုန်းကို တက်နေတဲ့အချိန် ခြံစည်းရိုး သုံးထပ်မှာ တစ်ထပ်ကို ဖောက်ဝင်ပြီးပြီ ။ ရဲဘော်တွေထိသွားလို့ ပြန်ဆုတ်လာခဲ့ရတယ် ” ဟု ၎င်းကပြောဆိုသည်။
ယင်းတိုက်ပွဲကို ဒူရကစစ်ကြောင်းကဦးဆောင်ကာ DNLA တပ်ဖွဲ့ ၊ YPPDF တပ်ဖွဲ့ ၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ နှင့် DEF. PDF တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။