BREAKING
January 8, 2025

ပြည်ထောင်စုလမ်းပေါ်ရှိ ပုလော စက်တော်ရာရွာတွင် တိုက်ပွဲဖြစ်

January 7, 2025

ပုံစာ - ယမန်နှစ် ဒီဇင်ဘာလ၂၈ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့KNDO အမှတ်(၇)တပ်ရင်း၊တပ်ခွဲ(၂)က တပ်ဖွဲ့ဝင်များကို ပုလောမြို့နယ် အတွင်းတွေ့ရစဉ်။

ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းပေါ်ရှိ ပုလောမြို့နယ် စက်တော်ရာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

စစ်ကောင်စီတပ်သည် စက်တော်ရာကျေးရွာရှိ ကမ္ဘာလှတောင် ပါဒစက်တော်ရာဘုရား တောင်ပေါ်ရေတံခွန်အနီးနှင့် တောင်ခြေရင်းရှိ ဘုရားဝင်းအတွင်း အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားကြောင်း ၎င်းတို့ကဆိုသည်။

ထိုသို့တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ရာ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့က နှစ်ဖွဲ့ခွဲပြီး သွားတိုက်တာပါ။ တိုက်ပွဲစဖြစ်တာက စက်တော်ရာတောင်ပေါ်မှာ စစ်ကောင်စီတပ်နဲ့ စဖြစ်တယ်။ ပြီး‌တော့ တောင်အောက်မှာထပ်ဖြစ်တာပါဗျ။ ကျွန်တော်တို့က RPG (လက်နက်ကြီး) နဲ့ စထုလိုက်တယ်သူတို့က ၄၀ မမ (လက်နက်ကြီး) တွေနဲ့ ပြန်ပစ်တာအချက်ရေ အများကြီးပဲ”ဟု အဆိုပါရဲဘော်က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) အမှတ် ၇ တပ်ရင်း၊တပ်ခွဲ ၂ နှင့် PDF များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦး ဒဏ်ရာရသွားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း အထက်ပါ ရဲဘော်က ဆိုသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် ဝမ်းစာရေးအတွက် ရွာပတ်ဝန်းကျင်သို့ ပြန်ရောက်နေသည့် အရပ်သားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း‌ရှောင်ခဲ့ရကြောင်း တပိုကျေးရွာနေ အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါဒေသဝန်းကျင်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး စစ်ရေးတင်းမာနေသည့်အတွက် ဒေသခံများက ယခင်ကတည်းက နီးစပ်ရာ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။

“အရင်ကဓနိတောတွေဖက်မှာနေပြီး ကန်စွန်းဥတူးရောင်းနေတာပါ။ အခုကကော်ပတ်တော (ရော်ဘာတော)ထဲ‌ရောက်ပြီ။ တော်တော်ပြေးလိုက်ရတယ်။ တိုက်ပွဲက ပစ်ခတ်သံတွေ တော်တော်ကြမ်းတယ်”ဟု အဆိုပါအမျိုးသမီးက ဆိုသည်။

ထိုနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ညအချိန်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလို တော်လှန်ရေးတပ်များကလည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်နေချိန်အတွင်း ခရီးသွားယာဉ်အများအပြားကို စက်တော်ရာရွာနှင့် တပိုရွာကြားတွင် တော်လှန်ရေးရဲဘော်များက ရပ်တန့်ခိုင်းထားပြီး ယာဉ်အချို့ကမူ ပုလောဘက် လှည့်ပြန်သွားကြကြောင်း ဒေသခံအချို့က ဆိုသည်။

အဆိုပါထိတွေ့မှုဖြစ်ပွားပြီးနောက် မီးလောင်ချောင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ တပ်သား ၄၀ခန့်စက်တော်ရာရွာဖက်သို့ ခြေလျင်စစ်ကူရောက်ရှိလာသည်ဟု တော်လှန်ရေးရဲဘော် အချို့ထံမှသိရသည်။

စစ်ကောင်စီတပ်သည် စက်တော်ရာကျေးရွာရှိ ကမ္ဘာလှတောင် ပါဒစက်တော်ရာဘုရားအရှေ့တွင် နေ့တိုင်းဂိတ်ချကာ စစ်ဆေးနေပြီး ၎င်းတို့ မသင်္ကာသည့် အရပ်သားများကို ဖမ်းဆီးလေ့ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။