BREAKING
January 8, 2025

ပုလော စရဖ ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း မီးရှို့

January 7, 2025

ပုံစာ - စရဖရုံးအတွင်း သိမ်းဆည်းရမိသည့် ကျည်ဘောက်နှင့်ကျည်များ။ ဓာတ်ပုံ - မြိတ်ခရိုင် ၊ တပ်ရင်း ၁ ။

ပုလောမြို့ ၊ အမှတ် ၂ ရပ်ကွက်ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၁ က ဇန်နဝါရီလ ၆ ရက် ည ၁၁ နာရီဝန်းကျင် တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယနေ့( ဇန်နဝါရီလ ၇) တွင် ယင်းတပ်ရင်းက သတင်းထုတ်ပြန်သည်။

ဝင်ရောက်ပစ်ခတ်တိုက်ခိုက်စဥ် စစ်ကောင်စီတပ်သားများနှင့် အပြန်အလှန် ပစ်ခတ်မှုအနည်းငယ်သာ ရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် နှစ်ဖက်ထိခိုက်မှုမရှိခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း ၁ ထံ ကသိရသည်။

“စရဖရုံးဘေးက မြို့တော်ခန်းမမှာက ၃ယောက်(စစ်ကောင်စီတပ်သား) ၊ စရဖရုံးမှာက ၄ ယောက် ပဲရှိတယ် ။ အင်အားနည်းတော့ သူတို့ဘက်က ၆ ချက်လောက်ပဲ ပြန်ပစ်ပြီးထွက်ပြေးသွားကြတယ် ” ဟု မြိတ်ခရိုင် တပ်ရင်း ၁ ၏ ပြန်ကြားရေး တာဝန်ခံ က ပြောသည် ။

စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စရဖရုံးအတွင်းသို့ ဝင်ရောက်ပြီး ရုံးကိုမီးရှိူ့ခဲ့သဖြင့် အဆောက်အအုံတစ်ဝက်ခန့် မီးလောင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

စရဖရုံးအတွင်းမှ စာရွက်စာတမ်းများအပြင် ကျည်ဘောက်နှစ်ခု နှင့် ကျည်ဆန်တစ်ရာ သိမ်းဆည်းရမိကြောင်း မှတ်တမ်းဓာတ်ပုံနှင့်တကွ မြိတ်ခရိုင် တပ်ရင်း ၁ က ထုတ်ပြန်သည် ။

ယနေ့ ဇန်နဝါရီလ ၇ ရက်တွင်မူ ပုလောမြို့ ၊ စရဖရုံးအနီးတွင် စစ်ကောင်စီတပ်သားများ ရောက်ရှိနေပြီး ရှာဖွေ စစ်ဆေးမှုများပြုလုပ်နေသည်ဟု မြို့ခံများထံကသိရသည် ။