BREAKING
January 8, 2025

မြန်မာပြည်အနောက်ပိုင်း စစ်ရေးချိန်ခွင်လျှာအပြောင်းအလဲနဲ့ အိန္ဒိယရဲ့ မူဝါဒ

January 7, 2025

အိန္ဒိယနိုင်ငံက Deccan Herald သတင်းစာမှာ ၂၀၂၄ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။

“Why India needs to heed the dramatic churning in western Myanmar” “အိန္ဒိယအစိုးရအနေနဲ့ မြန်မာပြည်အနောက်ပိုင်းက အံ့အားသင့်စရာအကြီးစားအပြောင်းအလဲကို ဘာကြောင့် အာရုံစိုက်သင့်သလဲ”ဆိုတဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်းတစ်ယောက်နဲ့ အာရှရေးရာပါရဂူဘွဲ့ စာတမ်းပြုစုနေသူတစ်ယောက်က ပူးတွဲရေးသားထားပါတယ်။

Gautam Mukhopadhaya က နယူးဒေလီအခြေစိုက် Centre for Policy Research ရဲ့ စီနီယာဧည့်သုတေသီတစ်ယောက်ဖြစ်ပါတယ်။ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ Angshuman Choudhury ကတော့ စင်္ကာပူအမျိုးသားတက္ကသိုလ်နဲ့ လန်ဒန်ဘုရင့်ကောလိပ်တို့မှာ Comparative Asian Studies ဘာသာရပ်နဲ့ ပူးတွဲပါရဂူဘွဲ့စာတမ်းပြုစုနေသူတစ်ယောက် ဖြစ်ပါတယ်။

အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ မင်းတပ် ၊ ကန်ပက်လက်တို့ တော်လှန်ရေးအုပ်စုတွေလက်ထဲ ကျရောက်သွားပြီးတဲ့နောက် အိန္ဒိယအစိုးရက မြန်မာ့အရေးမူဝါဒပြောင်းသင့်ပြီဆိုတာကို ချက်ကျလက်ကျ ဆွေးနွေးထားတာကို ဆောင်းပါးမှာ စိတ်ဝင်စားစရာ တွေ့ရပါတယ်။

ဒီဇင်ဘာလရဲ့ အပြောင်းအလဲများ

ဆောင်းပါးမှာ ပြောထားတာက ၂၀၂၄ ခုနှစ်ရဲ့ ဒီဇင်ဘာလဟာ မြန်မာပြည်မှာ စစ်တပ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအတွက် အပြောင်းအလဲကြီးမားပြီး အင်မတန်ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်တယ်။ ဒီအပြောင်းအလဲတွေဟာ ၁၀၂၇ စစ်ဆင်ရေးကနေ ပေါက်ဖွားလာတဲ့ နောက်ဆက်တွဲတွေ ဖြစ်တယ်။

မြောက်ပိုင်းမှာ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) က စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ အသင့်ဖြစ်ပြီလို့ ထုတ်ပြန်ခဲ့တယ်။ နောက်ရက်ပိုင်းအကြာမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော်(MNDAA) ကလည်း တရုတ်ဖိအားကြောင့် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ရတယ်။

တောင်ပိုင်းကို ကြည့်လိုက်ရင် အိန္ဒိယနဲ့ ထိစပ်နေတဲ့ မြန်မာပြည်အနောက်ပိုင်းဒေသမှာ ပိုပြီး အံ့မခန်းထူးခြားတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆောင်းပါးက ပြောတယ်။

လွတ်မြောက်ခြင်းရဲ့ ပထဝီ

ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က အမ်းမြို့မှာ ရှိတဲ့ မြန်မာစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါဟာ လားရှိုးမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ဩဂုတ်လမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) သိမ်းပိုက်လိုက်ပြီးတဲ့နောက် တော်လှန်ရေးအဖွဲ့တွေလက်ထဲကျသွားတဲ့ ဒုတိမြောက် တိုင်းစစ်ဌာနချုပ်ပါပဲ။

ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးကို သူတို့ ထိန်းချုပ်ထားတယ်လို့ အာရက္ခတပ်တော်(AA) က ဆိုတယ်။ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်ပေါင်း ၁၇ မြို့နယ်ထဲက ၁၀ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ ဆိုတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်ခုလုံးနဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့နယ်ကိုလည်း အာရက္ခတပ်တော်(AA) က ထိန်းချုပ်ထားတယ်။

အမ်းမြို့ကျပြီး တစ်ရက်အကြာမှာပဲ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်တယ်။ များမကြာခင် ကန်ပက်လက်မြို့မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ တပ်စခန်းတွေကိုလည်း ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်တယ်။ ကန်ပက်လက်မြို့ဟာ မင်းတပ်မြို့နယ်နဲ့ ထိစပ်နေတဲ့ တောင်တန်းဒေသမှာ တည်ရှိတယ်။

ချင်းညီနောင်အဖွဲ့ဟာ ချင်းလက်နက်ကိုင်အဖွဲ့ငါးဖွဲ့ကို စုစည်းထားတဲ့ တပ်ပေါင်းစုတစ်ခု ဖြစ်တယ်။ ဒီအဖွဲ့ကို အာရက္ခတပ်တော်(AA) ကလည်း ထောက်ပံ့ပေးထားတယ်။

ချင်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဟားခါးမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ဖလမ်းမြို့နယ်က အစိုးရအဆောက်အအုံအများစုကိုလည်း ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထားတယ်။

ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်တဲ့ စင်ပြိုင်တပ်ပေါင်းစုနဲ့ ချင်းညီနောင်တပ်ပေါင်းစုဟာ ချင်းပြည်နယ်ရဲ့ နယ်မြေ ၈၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ချင်းညီနောင်အဖွဲ့က ဆိုတယ်။

စစ်ကိုင်းတိုင်းထဲမှာလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေဟာ သိသာများပြားတဲ့ နယ်မြေထိန်းချုပ်မှုတွေ ရလာခဲ့တယ်။

မြေပြင်မှာ ဒီလိုမျိုး အံ့အားသင့်စရာဖြစ်ပေါ်တိုးတက်မှုတွေဟာ အိန္ဒိယအစိုးရအတွက် အရေးပါပြီး ကြမ်းရှတဲ့ အရှိတရားတစ်ခုကို ထင်ထင်ရှားရှား လှစ်ဟပြလိုက်တယ်လို့ ဆောင်းပါးက ဆိုတယ်။

မြန်မာပြည်အနောက်ခြမ်းကို မြန်မာစစ်အုပ်စုက လျှင်လျှင်မြန်မြန်လက်လွှတ်ဆုံးရှုံးလာနေရတယ်။ အိန္ဒိယနဲ့ မြန်မာနယ်စပ်က ကီလိုမီတာပေါင်း ၁၆၄၀ အထိ ထိစပ်နေတယ်။ အိန္ဒိယနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်ဒေသအများစုကို မြန်မာစစ်အုပ်စုက မထိန်းချုပ်နိုင်တော့ဘူး။ အိန္ဒိယနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်ဒေသဟာ မြန်မာစစ်အုပ်စုကို နိုင်ငံအနှံ့မှာ ဆန့်ကျင်တော်လှန်နေတဲ့ စစ်ပွဲရဲ့ အဓိကအချက်အချာဒေသ ဖြစ်လာနေတယ်။ ဒီဒေသဟာ လွတ်မြောက်ခြင်းနဲ့ မျှော်လင့်ခြင်းရဲ့ ပထဝီဒေသဖြစ်လာနေတယ်။

နယူးဒေလီအတွက် သုံးပါးသွယ်ဂယက်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အာရက္ခတပ်တော်(AA) က အခိုင်အမာ ထိန်းချုပ်ထားတယ်။ ဒီလိုမျိုး မဟာဗျူဟာမြောက်နယ်မြေထိန်းချုပ်မှုအပြောင်းအလဲတွေကြောင့် စီးပွားရေးအရ အကြီးစားဂယက်ရိုက်မှုတွေ ဖြစ်ပေါ်လာစေတယ်။ မြန်မာစစ်အုပ်စုကို ဆန့်ကျင်နေတဲ့ အင်အားစုတွေက မြန်မာပြည်အနောက်ခြမ်းတစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားတယ်။ ဒီလိုသိမ်းပိုက်ထားမှုကြောင့် အိန္ဒိယအစိုးရအတွက် ပထဝီစီးပွားရေးဂယက်ရိုက်မှု အကျိုးဆက်တွေ ဖြစ်ပေါ်လာတယ်။ ဒါတွေက ပုံစံသုံးမျိုးနဲ့ ထင်ထင်ရှားရှား ဖြစ်ပေါ်လာတယ်လို့ ဆောင်းပါးမှာ မီးမောင်းထိုးပြထားတယ်။

ပထဝီနိုင်ငံရေး ၊ စီးပွားရေး

မြန်မာပြည်ရဲ့ နိုင်ငံရေး ၊ စီးပွားရေးအချက်အချာဒေသဖြစ်ပြီး ဗမာလူမျိုးအများစုနေထိုင်တဲ့ မြန်မာပြည်အလယ်ပိုင်းကို ဝင်ရောက်ဖို့အတွက် မြန်မာပြည်အနောက်ပိုင်းဒေသဟာ သဘာဝဝင်ပေါက်တစ်ခု ဖြစ်တယ်လို့ ဆောင်းပါးမှာ ရေးသားထားတယ်။

မြန်မာပြည်အလယ်ပိုင်းနဲ့ အရှေ့ပိုင်းအတွက် ကုန်းလမ်းကနေ ဆက်သွယ်နိုင်ဖို့အတွက်လည်း မြန်မာပြည်အနောက်ပိုင်းဒေသက အင်မတန်အရေးပါတယ်။အဲဒီကနေ ဆန့်ထွက်လာပြီး အရှေ့တောင်အာရှဒေသနဲ့ တရုတ်ရဲ့ ယူနန်ပြည်နယ်အထိ ကုန်းလမ်းကနေ ဆက်သွယ်သွားလာနိုင်ဖို့အတွက်လည်း မြန်မာပြည်အနောက်ပိုင်းဒေသက အရေးပါတဲ့ အနေအထားမှာ ရှိတယ်။

ရခိုင်ရိုးမအရှေ့ဘက်က ကုန်းတွင်းဒေသတွေဟာ လူမျိုးစုနယ်မြေအစွန်အဖျားနဲ့ ဗမာလူမျိုးအချက်အချာဒေသအကြားမှာ ကြားခံဇုန်အဖြစ် ရှိနေတယ်။ ရခိုင်ရိုးမအရှေ့ဘက်က ကုန်းတွင်းဒေသတွေကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နိုင်စွမ်း ကြီးမားလာတော့မယ်။ ဒါကို အရိပ်နိမိတ်ပြနေတာက အမ်းနဲ့ မင်းတပ်လို မြို့တွေရဲ့ ကျဆုံးမှုပဲ။

အာရက္ခတပ်တော်(AA)က သူ့ရဲ့ လွှမ်းမိုးမှုဩဇာကို မကွေးနဲ့ ဧရာဝတီအထိ လက်တံဆန့်လာတယ်။ ဒါက မြန်မာစစ်တပ်အတွက် နိုင်ငံ့အနောက်ပိုင်းမှာ အာဏာပြဖို့အရေးကို ပိုခက်ခဲစေတယ်။

ကုလားတန်ဘက်စုံသုံးစီမံကိန်း

မြန်မာပြည်အနောက်ပိုင်းဒေသဟာ အိန္ဒိယသမုဒ္ဒရာဆီ ထွက်ပေါက်ရမယ့် ကုန်းလမ်းကြောင်းတစ်ခုဖြစ်တယ်လို့ ဆောင်းပါးက ပြောတယ်။

အိန္ဒိယနိုင်ငံရဲ့ ကုန်းတွင်းပိတ်အရှေ့မြောက်ဒေသတွေမှာ စီးပွားရေးတိုးတက်ဖို့အတွက် မြန်မာပြည်အနောက်ပိုင်းဒေသက စပရိန်ခုံတစ်ခုံပဲလို့ ဆောင်းပါးမှာ ပြောထားတယ်။ မြန်မာပြည်အနောက်ပိုင်းဒေသရဲ့ မဟာဗျူဟာမြောက်တန်ဖိုးကို ကုလားတန်ဘက်စုံသုံးစီမံကိန်း(KMMTTP) နဲ့ ဥပမာပေးလို့ ရတယ်တဲ့။

ကုလားတန်ဘက်စုံသုံးစီမံကိန်းဟာ အိန္ဒိယအရှေ့မြောက်ပိုင်းကို မြန်မာပြည်အနောက်ပိုင်းကနေတစ်ဆင့် ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်သွယ်ပေးဖို့ ရည်ရွယ်တဲ့ စီမံကိန်း ဖြစ်တယ်။ စစ်တွေမြို့က ဒီစီမံကိန်းမှာ အဓိကအချက်အချာနေရာ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရှိတ်ဟာဆီနာအစိုးရပြုတ်ကျသွားပြီးနောက်မှာ အိန္ဒိယဘက်က ဆုံးရှုံးလိုက်ရတာတစ်ခု ရှိတယ်။ အိန္ဒိယဟာ စစ်တကောင်းဆိပ်ကမ်းကို ဝင်ထွက်ခွင့် ဆုံးရှုံးလိုက်ရပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ထဲက ကုလားတန်ဘက်စုံစီမံကိန်းကို ပြီးစီးအောင်ဆောင်ရွက်ဖို့အရေးက အိန္ဒိယအတွက် ပိုပြီးတော့ အရေးကြီးလာတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ နီးကပ်မှု

မြန်မာပြည်အနောက်ပိုင်းဒေသဟာ ဘင်္ဂလားပင်လယ်အော် ၊ အိန္ဒိယသမုဒ္ဒရာနဲ့ နီးကပ်စွာ တည်ရှိတယ်။ ဒါကြောင့် ပထဝီနိုင်ငံရေးအရ မရှိမဖြစ် အရေးပါတဲ့ ဒေသလို့ ဆောင်းပါးက ဆိုတယ်။

ရခိုင်ပြည်နယ်ထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေတဆင့် တရုတ်ရဲ့ လက်တံတွေ ရှိနေတယ်။ ဒါက မြန်မာပြည်အနောက်ပိုင်းဒေသရဲံအရေးပါမှုကို မီးမောင်းထိုးပြနေတယ်လို့ ဆိုတယ်။

အာရက္ခတပ်တော်(AA)ဟာ ရမ်းဗြဲကျွန်းရဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားတယ်။ တရုတ်အရာရှိတွေနဲ့လည်း ပုံမှန်တွေ့ဆုံမှုရှိတယ်။ ဒါကြောင့် အာရက္ခတပ်တော်(AA)ဟာ သိသာထင်ရှားတဲ့ ဩဇာအရှိန်အဝါကို ကိုင်ဆောင်ထားတယ်။ ကုလားတန်ဘက်စုံသုံးစီမံကိန်းရဲ့ လမ်းကြောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားတာ တွေ့ရတယ်။ ဒါက အိန္ဒိယအစိုးရရဲ့ ရပ်တည်ချက်ကို ပိုပြီးတော့တောင် ရှုပ်ထွေးစေလိမ့်မယ်။

ဒီအရှိတရားတွေက အိန္ဒိယအစိုးရအဖို့ မြန်မာ့အရေးမူဝါဒကို ပြင်ဆင်ပြောင်းလဲဖို့ ဖိအားကျရောက်လာစေတယ်။ အိန္ဒိယဟာ သူ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် မြန်မာစစ်အုပ်စုကိုပဲ အားကိုးနေလို့ မရတော့ဘူး။ တော်လှန်ရေးအင်အားစုတွေအပေါ် ကိုယ့်ဘက်ကအရင် တက်တက်ကြွကြွ ထိတွေ့ဆက်ဆံရမယ်လို့ ဆောင်းပါးက တိုက်တွန်းထားတယ်။

အာရက္ခတပ်တော်(AA) ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေလောက် တရုတ်ဖိအားကို မခံရဘူး။ ဒါကြောင့် ကျန်အဖွဲ့တွေထက် ပိုအရေးပါတယ်။ တစ်ချိန်တည်းမှာပဲ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ၊ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေဟာ သူတို့ရဲ့ ကြံ့ကြံ့ခံရုန်းထရှင်သန်နိုင်စွမ်းနဲ့ ကိုယ်ပိုင်အုပ်ချုပ်နိုင်စွမ်းကို ပြသခဲ့ကြပြီးပြီ။ ဒါကြောင့် သူတို့တွေဟာ အိန္ဒိယအစိုးရအဖို့ တရုတ်ရဲ့ ကြီးထွားလာနေတဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့အရေးမှာ အလားအလာရှိတဲ့ မိတ်ဘက်တွေ ဖြစ်လာစေတယ်။

ရခိုင် ၊ ချင်းနဲ့ မဏိပူရအထိ ဆန့်တန်းနေတဲ့ ဒီဒေသရဲ့ လူမျိုးရေး ၊ ဘာသာရေးအရ ရှုပ်ထွေးမှုတွေကို ရှင်းရှင်းလင်းလင်း ရှုမြင်နိုင်အောင် အိန္ဒိယဘက်က ကြိုးစားရမယ်။ ဒီဒေသမှာ လူအများစုဝါဒ ၊ လူမျိုးရေးဘက်ပြိုင်မှုနဲ့ အပြိုင်အဆိုင်ဖြစ်နေတဲ့အမျိုးသားအကျိုးစီးပွားတွေ မတည်မငြိမ် ရောယှက်နေတယ်။ ဒါက အိန္ဒိယအရှေ့မြောက်ပိုင်းရဲ့ တည်ငြိမ်မှုကို ပျက်ယွင်းစေနိုင်တယ်။ ဒါကို ဖြေရှင်းဖို့အတွက်ဆိုရင် အိန္ဒိယဟာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍတစ်ခုကို ယူရမယ်။ အိန္ဒိယဟာ ပဋိပက္ခတွေကို ကြားဝင်ဖြန့်ဖြေပေးရမယ်။ ဒေသတွင်းတည်ငြိမ်မှုကို အားပေးမြှင့်တင်ရမယ်လို့ ဆောင်းပါးက ဆိုတယ်။

နောက်ဆုံးအနေနဲ့ကတော့ အိန္ဒိယဟာ နေပြည်တော်ကနေ ဗဟိုချုပ်ကိုင်မှုကဲကဲ အုပ်ချုပ်နေတဲ့ မြန်မာစစ်အစိုးရကနေ လူမျိုးစုတွေရဲ့ နိုင်ငံရေးတောင့်တချက်တွေကို ထင်ဟပ်တဲ့ ၊ ဖက်ဒရယ်ပိုဆန်တဲ့ နိုင်ငံရေးအင်အားစုတစ်ခုကို အားပေးထောက်ခံဖို့ ပြောင်းလဲအာရုံစိုက်သင့်တယ်။ ဒီချဉ်းကပ်မှုက အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်အတွေ့အကြုံနဲ့လည်း သင့်မြတ်တယ်။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းမှာ အပြုသဘောဆောင်တဲ့ ဇာတ်ကောင်အနေနဲ့ အိန္ဒိယရဲ့ ရပ်တည်ချက်နဲ့လည်း ကိုက်ညီတယ်။

မြန်မာ့အရေး ဒေသတွင်းအဖြေရှာနိုင်ရေး ထိုင်းဘက်က မကြာသေးခင်က ခြေလှမ်းလှမ်းလာတာ ရှိတယ်။ ၂၀၂၅ မှာ မလေးရှားက အာဆီယံဥက္ကဋ္ဌဖြစ်လာမယ်။ ဒီအချက်နှစ်ချက်က အိန္ဒိယအစိုးရအနေနဲ့ အိမ်နီးချင်း မြန်မာပြည်မှာ တည်ငြိမ်လာအောင် လုပ်ဆောင်နိုင်ဖို့ အခွင့်အရေးရလာစေတယ်လို့ ဆောင်းပါးမှာ သုံးသပ်ထားတာ တွေ့ရပါတယ်။