မြိတ်မြို့နယ်၊ သကန်တောင်ပုကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ဇန်နဝါရီလ ၄ နေ့က ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အသက် ၇၀ ဝန်းကျင်အရွယ် ရာအိမ်မှူးဦးကျော်ဒင်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် ယင်းည ၁၁ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်သုံးဦးက လာရောက်ပစ်သတ်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ရွာသားတွေ အိပ်ကောင်းတုန်းအချိန်ပေါ့။ သေနတ်သံတော့ ကြားလိုက်တယ်။ အမြဲတမ်းလည်းကြားနေကျဆိုတော့ သေနတ်သံကိုပဲ ဆက်နားစွင့်နေလိုက်တယ်။ ဒီအချိန်ဆိုတော့ ဘယ်သူလဲ ထွက်ကြည့်မရဲဘူးလေ”ဟု အထက်ပါ ဒေသခံအမျိုးသမီးကပြောသည်။
ထိုသို့ပစ်သတ်ခံရပြီး နောက်တစ်ရက်နံနက်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးရောက်လာပြီး ၎င်းနေအိမ်အနီး တစ်ဝိုက်တွင် ရှာဖွေစစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
မည်သည့်အဖွဲ့က သတ်ဖြတ်သွားသည်ကို ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့အထိ မသိရသေးပေ။
သကန်တောင်ပုရွာမှာ မြိတ်-တနင်္သာရီသွား ပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေသည့် ဒေသလည်းဖြစ်သည်။